KIO နယ်ရှိ စစ်ရှောင်များ နီပွန်ဖောင်ဒေးရှင်း မကူညီနိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်။

တရုတ်နယ်စပ် စစ်ဘေးဒုက္ခသည်များ ရိက္ခာပံ့ပိုးရေးအတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပံ့ပိုးကူညီနေသည့် နီပွန်ဖောင်ဒေးရှင်းနှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC တို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အဖြေရှာနိုင်ခြင်းမရှိခဲ့ဟု KBC က ပြောသည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင်များ၏ ရိက္ခာအခက်အခဲကို ဖြေရှင်းပေးရန် နီပွန်ဖောင်ဒေးရှင်းအား အကူအညီတောင်းခဲ့သော်လည်း နီပွန်ဖောင်ဒေးရှင်းက အစိုးရထိန်းချုပ်သည့် နယ်မြေအတွက်သာ ပေးနိုင်မည်ဟု ဖြေဆိုခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် နီပွန်ဖောင်ဒေးရှင်းမှ တုန့်ပြန်မှုနှင့် ပတ်သက်၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ ခါလမ်ဆမ်ဆွန် က “သူ့ရဲ့ ဒီငြိမ်းချမ်းရေး လူမှုကူညီရေးက အစိုးရရဲ့ တဖက်သတ် အသုံးချခံရတဲ့ ကူညီမှုမျိုး ဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်။ သူကဘာပြောလဲဆိုတော့ နီပွန်ဖောင်ဒေးရှင်းက အစိုးရ နဲ့ ဆက်သွယ်လို့ရတဲ့နေရာမှာပဲ သူတို့လုပ်တာ ပေါ်လစီရှိတာပေါ့။ အစိုးရမသိပဲနဲ့ ကျနော်တို့ဒီ အစိုးရနဲ့ ဆန့် ကျင်တဲ့ဘက်မှာ သူတို့မလုပ်ဘူး” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်အများစုမှာ KIO ထိန်းချုပ်နယ်မြေထဲတွင်သာ ရှိနေသောကြောင့် အဆိုပါ စစ်ရှောင်များအား အကူအညီပေးစေလိုကြောင်း ပြန်လည်ဆွေးနွေး မေးမြန်းခဲ့သော်လည်း နီပွန်ဖောင်ဒေးရှင်းဘက်မှ အဖြေတစ်စုံတစ်ရာမပေးပဲ ၎င်းတို့၏ မူဝါဒကိုသာ ပြန်လည်ဆွေးနွေးခဲ့သည်ဟု ပြောသည်။

နယ်စပ်ဒေသတလျှောက်နှင့် KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်များ လက်ရှိကြုံနေရသည့် စားနပ်ရိက္ခာ တင်ပို့နိုင်ရေး အဖြေရှာခဲ့သော်လည်း စစ်ဘေးရှောင်ပြည်သူများအတွက် မျှော်လင့်ချက်မဲ့နေသည် ဟု ဒေါက်တာ ခါလမ်ဆမ်ဆွန်က ဆက်ပြောသည်။

“ကျနော်တို့က မေးခွန်းမေးပါတယ်။ တကယ်လို့ ကျနော်တို့ အစိုးရတွေရဲ့ အုပ်ချုပ်မှုအောက်မှာ မဟုတ်ပဲနဲ့ Non Government control area မကူညီနိုင်ဘူးလား၊ ဒုက္ခရောက်နေတာခြင်းအတူတူ ဘာကြောင့်အစိုးရ Control မှာပဲ ကူညီရသလဲလို့မေးပါတယ်။ ဒါပေမယ့် သူမဖြေပါဘူး။ ဆိုတော့ ကျနော်တို့အနေနဲ့ နီပွန်ဖောင်ဒေးရှင်း လာတာဟာ ကျနော်တို့အတွက် မျှော်လင့်စရာအကြောင်းတော့ သိပ်မရှိပါဘူး။”

ကချင်စစ်ဘေးရှောင်အများစုမှာ KIO ထိန်းချုုပ်နယ်အတွင်းတွင်သာ ရှိနေသည့်အတွက် ၎င်းတို့အား အကူအညီ ပေးရေးပြောဆိုခဲ့သော်လည်း အဆင်မပြေခဲ့ဘူးဟု ပြောသည်။

“ဆိုတော့ ကျနော်တို့ ကချင်ဒေသမှာ IDPs ဟာ Non Government control area မှာ ပိုများပါတယ်။ ဆိုရရင် တော့ ကျနော်တို့ နယ်စပ်ဒေသတလျှောက် အစိုးရ ထိန်းချုပ်မှုမဟုတ်တဲ့ ဧရိယာမှာ နေတဲ့လူဟာ ခုနှစ်သောင်းကျော် ရှစ်သောင်းနီးပါးရှိတယ်။ Government control area မှာနေတဲ့ IDPs တွေက လေးသောင်းကျော် လောက်ပဲ ရှိတယ်။ ဆိုတော့ ကျနော်တို့အနေနဲ့ နီပွန်ဖောင်ဒေးရှင်းကို ဒီအခြေအနေ ဒီပေါ်လစီမှာ ကျနော်တို့ မမျှော်လင့်ပါဘူး။”

နီးပွန်ဖောင်ဒေးရှင်းအနေဖြင့် အစိုးရ အုပ်ချုုပ်မှုအောက်တွင်သာ လူမှုဖူလုံရေးလုပ်ဆောင်သွားမည်ဟု ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံခဲ့သည့် နီပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ ချုပ်တို့၏ တွေ့ဆုံပွဲတွင် အပစ်ခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ရေးထိုးဖို့သာ ဖိအားပေးခဲ့သည်ဟု သိရသည်။

“ကချင်ဒေသမှာလည်း သူတို့ရဲ့ ဖောင်ဒေးရှင်းရဲ့ အထောက် အပံ့ရချင်ရင်တော့ သူတို့ကူညီနိုင်တာကတော့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးရမယ်။ ဆိုတာကိုသူက အတင်းဖိအားတော်တော်ပေးပါတယ်” ဟု KBC က ပြောသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် နီပွန်ဖောင်ဒေးရှင်း၏ အကူအညီရယူလိုပါက ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အဖွဲ့အား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် NCA တွင် လက်မှတ်ထိုးရေး တိုက်တွန်းတောင်းဆိုဖို့ ပြန်လည်ဆွေးနွေးခဲ့သည် ဟု ဒေါက်တာခါလမ်ဆမ်ဆွန်က ပြောသည်။

နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ရိုဟေးဆာဆာကာဝါ ဦးဆောင်တဲ့ အဖွဲ့သည် ကချင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ကချင်ပြည်နယ်မှာ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကချင် အတိုင်ပင်ခံအဖွဲ့၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ မှ ခေါင်းဆောင်းများ လူဦးရေ အယောက် ၃၀ ခန့်ဖြင့် KBC ရုံး တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။