“ဝ” နှစ် သုံးဆယ်ပွဲကို အစိုးရအဖွဲ့မှ ဒုတိယတန်း ခေါင်းဆောင်များသာ တက်ရောက်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် ဧပြီ ၁၆ ရက်။
ဧပြီလ ၁၇ ရက်နေ့တွင် ကျင်းပမည့် “ဝ” ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့်အခမ်းအနားသို့ အစိုးရကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများ၊ အပစ်ရပ်လက်မှတ်ရေးထိုးအဖွဲ့မှ ခေါင်း ဆောင်များနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်။
“အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေလာတယ်။ ငြိမ်းချမ်းရေး ကော်မရှင် ဒု-ဥက္ကဌ ဦးသိန်းဇော်ပါတယ်။ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပါတယ်။ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ နယ်လုံဝန်ကြီး လှဦးပါတယ်။ FPNCC အဖွဲ့ဝင်တွေလည်း တက်မယ်။ သူတို့ကတော့ မနေ့ကတည်းက ရောက်နေပြီ။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ကခေါင်းဆောင်တွေလည်း တက်မယ်။ အစိုးရကိုယ်စားလှယ် တွေက ဒီနေ့ မနက်ရဟတ်ယာဉ်နဲ့ရောက်ပြီလေ”ဟု တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးက ပြောသည်။
သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ကာကွယ်ရေး ဦးစီးချုပ် အစရှိသော အစိုးရ ထိပ်တန်း ခေါင်းဆောင်များကို ဖိတ်ကြားထားသော်လည်း တက်ရောက်မည့်အလားအလာ မတွေ့ရသေးပေ။
ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်မည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA/UWSP) ငြိမ်း ချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနားကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ပန်ဆန်းမြို့ (ခေါ်) ပန်ခမ်း မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။
အခမ်းအနားတွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်တော် စစ်ဦးစီးချုပ် ပေါက်ယူချန်းမှ မိန့်ခွန်းပြောကြား သွားမှာ ဖြစ်သည့်အပြင် ပြည်ထောင်စုအစိုးရ ကိုယ်စားလှယ်ဘက်မှလည်း မိန်းခွန်းပြောကြားသွားမည်ဟု သိရသည်။
၃၀ ပြည့်နှစ် “ဝ” ဒေသ၏ ငြိမ်းချမ်းရေး အခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပြင် တိုင်းရင်းသား အရေးလေ့လာသုံးသပ်သူများပါ တက်ရောက်မည်ဟု သိရသည်။
လွန်ခဲ့သည့် နှစ်သုံးဆယ်က “ဝ” ဒေသ၏ အခြေအနေနှင့် လက်ရှိအခြေအနေ အလွန် ကွာခြားသွားပြီး ဖြစ် သည့်အတွက် အစိုးရအနေဖြင့် ယနေ့အခြေအနေအား အသိအမှတ်ပြုရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံး သပ်သူများက ပြောသည်။
“အာဏာသိမ်းတဲ့ ၈၉ ပတ်ဝန်းကျင်ဆို ဒီမှာ တဲစုတ်ကလေးတွေပဲ ရှိတာပဲ။ အခု ဒီလောက် မယုံနိုင်လောက်အောင် ပြောင်းလဲသွားတာတွေကို အသိအမှတ်ပြုဖို့လိုတယ်။ ဒီအခြေအနေတွေကို ပြည်ထောင်စုထဲမှာ ဘယ်လိုနီးကပ်အောင်လုပ်မလဲ၊ ပြည်ထောင်စုအစိတ်အပိုင်းအဖြစ် ဘယ်လိုလုပ်မလဲဆိုတာကို ကောင်းကောင်း မွန်မွန်စဉ်းစားသင့်တယ်။ ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။ “နေပြည်တော်ကနေချုပ်ကိုင်တဲ့ တစ်ပြည်ထောင်စနစ်နဲ့ သွားလို့မရဘူးဆိုတာကို ကောင်းကောင်းသဘောပေါက်ဖို့လိုတယ်”ဟု ဦးမောင်မောင်စိုးက ဆက်ပြောသည်။
UWSP ၏ နှစ် ၃၀ ပြည့်အခမ်းအနားတွင် စစ်ရေးပြအခမ်းအနားအပြင် UWSA စစ်ဦးစီးချုပ် ပေါက်ယူချန်းမှ မိန့် ခွန်းပြောကြားခြင်း၊ ပြည်ထောင်စုအစိုးရ ကိုယ်စားလှယ်မှ မိန့်ခွန်းပြောကြားခြင်း၊ ဒေသတွင်းနေထိုင်ကြသည့် တိုင်းရင်းသားများ၏ ရိုးရာအကများ၊ ပြိုင်ပွဲများ၊ အားကစားပွဲများလည်း ပါဝင်မည်ဖြစ်သည်။
“ဝ” ဒေသည် အစိုးရတပ်မတော်နှင့် ပစ်ခိုက်တိုက်ခိုက်များ မရှိသော ဒေသတစ်ခုဖြစ်ပြီး သီးသန့် ကိုယ်ပိုင် အုပ်ချုပ်မှု စနစ်မျိုးကို ရရှိထားသည့် ဒေသတစ်ခုဖြစ်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီအတွင်း ကိုးကန့်တပ်များ ခွဲထွက်ပြီးနောက် ဝဒေသတွင်လည်း တပ်တွင်းပုန်ကန်မှုများ ဖြစ်ကာ ၁၉၈၉ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် ခွဲထွက်ကာ UWSA ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
UWSA သည် တပ်အင်အား သုံးသောင်းခွဲခန့်ရှိပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထဲတွင် အင်အားအတောင့်တင်းဆုံး လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။