ဖမ်းဆီးထားသည့် ရွာသားများ အကြမ်းဖက်လာ၍ ပစ်ခတ်ရကြောင်း တပ်မတော်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၂ ရက်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ရွာသား ၂၇၅ ဦးအား AA ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်ဆွယ်နွယ်မှု ရှိမရှိ စစ်ဆေးနေချိန် ဖမ်းဆီးခံထားရသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက် တိုက်ခိုက်လာခဲ့ခြင်းကြောင့် မလွှဲမရှောင်သာ ပစ်ခတ်ထိန်းသိမ်းလူစုခွဲခဲ့ရသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မေလ ၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တော့ အတွင်းထဲမှာ ဝင်စစ်တယ်။ တပ်ကတော့ အပြင်ကနေ လုံခြုံရေးယူပေးတာပေါ့။ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့က စစ်တဲ့နေရာမှာဆိုရင် အိမ်ထောင်စုစာရင်းတွေနဲ့ တိုက်စစ်တယ်။ အဲ့မှာ ဝိုင်းတိုက်ခိုက်ဖို့လုပ်တာပေါ့။ တိုက် ခိုက်ဖို့လုပ်တဲ့အချိန်မှာ ကျနော်တို့ဆီက ပထမဦးဆုံးတော့ ခြောက်လှန့်ပစ်ခတ်တာလုပ်တယ်။ သို့သော် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်လုမယ့်အနေအထားထိ ဖြစ်လာတော့ ပြန်လည်ပစ်ခတ်လိုက်ရတယ်။ အခုလော လောဆယ် စာရင်းရထားတာတော့ ၆ ယောက်သေတယ်။ ၈ ယောက်ဒဏ်ရာရထားတယ်” ဟု ပြောသည်။

တပ်မတော်အနေဖြင့် ရွာသားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ မရှိကြောင်း၊ AA အဖွဲ့ဝင်များက ကျေး ရွာများအတွင်း ရွာသားအသွင်အယောင်ဆောင်ကာ ဝင်ရောက်လာခြင်းများရှိနေသည့်အတွက် စစ်ဆေးမှုများ ပြုလုပ်နေရခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“အရပ်သားအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတော့ မရှိပါဘူး။ ကျနော်တို့က AA ကိုပဲ တိုက်ခိုက်တာ ဖြစ်တယ်။ အရပ်သားကို ပစ်မှတ်ထားပြီး ပစ်ခတ်တာမရှိဘူး။ ကျနော်တို့မှာ တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်။”

အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ခဲ့ပါက နိုင်ငံတကာ ဥပဒေများအရ စစ်ရာဇဝတ်မှု မြောက်သည်။

မေလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျောက်တန်းကျေးရွာမှ ပစ်ခတ်မှုအတွင်း ရွာသား (၆) ဦးသေဆုံးပြီး (၈) ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

အဆိုပါရွာသားများအား တပ်မတော်မှ ရက္ခိုင့်တပ်မတော် AA နှင့် ဆက်နွယ်မှုရှိမရှိ၊ ကျေးရွာအတွင်းရှိ အိမ် ထောင်စု ၄၇၇ စုမှ ရွာသားများအား အိမ်ထောင်စုစာရင်းများနှင့် ကိုက်ညီမှု ရှိမရှိ ခေါ်ယူစစ်ဆေးနေခြင်းဖြစ် သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မေလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

သို့သော်လည်း ထိုကဲ့သို့ မသင်္ကာမှုဖြင့် စစ်ဆေးခံနေသူများမှာ ကျောက်တန်းကျေးရွာမှ သာမာန် ရွာသားများ သာ ဖြစ်ကြောင်း၊ AA နှင့် ပတ်သက်မှု မရှိကြောင်း၊ ရွာသားများအနေဖြင့် ကျေးရွာအထကကျောင်းတွင် အစည်း အဝေးပြုလုပ်မည်ဟု ခေါ်ဆိုသောကြောင့် ရိုးသားစွာ အစည်းအဝေး တက်ရောက်ရန် သွားရောက်ခဲ့ခြင်းသာ ဖြစ် ကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

“အစည်းအဝေးလုပ်မယ်ဆိုလို့ အားလုံးက ရိုးရိုးသားသားနားထောင်ဖို့သွားတာလေ။ အဲ့ဒါ အသက်ကြီးပိုင်းနဲ့ ကလေးတွေပြန်လွှတ်ပြီး ကျန်တဲ့ အမျိုးသား ဒီရွာသားတွေကို ဖမ်းပြီးစစ်နေခဲ့တာ။ သူတို့ကို နေပူလှန်းတယ်။ ပြီးတော့ မနေ့က ည ၁၁ နာရီလောက်ကနေ မနက် ၂ နာရီလောက်အထိ သေနတ်သံတွေ ရွာထဲကနေ ကြားရ တာ။ အခု ၆ ယောက်သေသွားတယ်။ ၈ ယောက်က ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းထန်တဲ့လူတွေကို စစ်တွေကို ပို့လိုက်ပြီ။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

AA နှင့် ဆက်သွယ်မှုရှိသူများ ရှိပါက အစည်းအဝေးလုပ်မည်ဟု စတင်ခေါ်စဉ်ကတည်းက ထွက်ပြေး၍ရ ကြောင်း၊ သာမန်ရွာသားများသာဖြစ်သောကြောင့် ထွက်မပြေးပဲ ၎င်းတို့ခေါ်ရာ အထက်တန်း ကျောင်းနေရာသို့ အစည်းအဝေးတက်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “အဖမ်းဆီးခံရတဲ့ ထဲက အဲ့လို ဖြစ်သွားတာ တော်တော်ရှားတယ်။ လမ်းပေါ်မှာ အဓိကရုဏ်းဖြစ်လို့ ဆန္ဒပြတဲ့လူတွေကို သတ်ရင် တောင်မှ တစ်နေရာထဲမှာ ဒီလောက်မဆိုးဘူးလေ။ အခုက ဖမ်းဆီးခံထားရတဲ့လူတွေလေ။ ဘာလက်နက်မှ မရှိ တဲ့လူတွေ။ သံသယရှိတယ်ဆိုပြီး အကန်လုံးကို လျှောက်ဖမ်းလို့မှမရတာ။ အခုက သံသယရှိတဲ့လူက ၂၇၅ ယောက်ဆိုတော့ များတာပေါ့။ ဒါမျိုးက မကြားဖူးသလောက်လေ။ သံသယရှိတာ လေးငါးယောက်ဆိုရင်တော့ အဲ့ဒါက ဖြစ်နိုင်တယ်။ သဘာဝကျတယ်” ဟု ပြောသည်။

ယနေ့နံနက်ပိုင်းက ဒဏ်ရာရှိသူများအား ရသေ့တောင်မြို့နယ်ရှိ စေတီပြင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နောက် ယခုနေ့ မွန်းလွှဲ ၂ နာရီကျော်ခန့်က စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ စစ်ဆေးဆောင် ရွက်နေသော တပ်ဖွဲ့ဝင်အချု့ိ၏ အရပ် သားများအပေါ် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာ ကွယ် ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အနေ ဖြင့် အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် ရခိုင် အမျိုးသားပါတီ (ANP) က မေလ ၂ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ကျောက်တန်းကျေးရွာ အထကကျောင်းတွင် ရွာသားများအား ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးမှုများ ပြုလုပ် နေစဉ် လွန်လွန်ကျူးကျူး ထိခိုက်မှုများ မဖြစ်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား ANP ပါတီက လွှတ် တော်ကိုယ်စားလှယ်များမှ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ရာ အရပ်သားပြည်သူများအား မမှန်မကန်စွပ်စွဲ အကြောင်းပြကာ သေနတ်ဖြင့် ရွာသားများအား ပစ်ခတ်ခဲ့ကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများအား လည်း မိသားစုဝင်များမှာ ယခုချိန်ထိ မရရှိသေးကြောင်း ထုတ်ပြန်ထားသည်။

ကျောက်တန်းကျေးရွာမှ ဒေသခံတစ်ဦးက “ရခိုင်တစ်ပြည်လုံးမှာ ကျောက်တန်းရွာတစ်ရွာထဲမှာတင်မဟုတ်ပဲ တခြားမြို့တွေမှာလည်း ဖြစ်နေပါပြီခင်ဗျ။ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့ အကုန်လုံးမှာ ဖြစ်နေပါပြီ။ အခုလိုမျိုး ပစ်သတ်ခံနေရတာတွေ အများကြီးရှိနေပါပြီ။” ဟု ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ ကျောက်တန်းကျေးရွာရှိ ရွာသားများအား ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေသကဲ့ သို့ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စေတီတောင် စစ်ရှောင်စခန်းတွင်လည်း တပ်မတော်က ဝင်ရောက်စစ်ဆေး မှုများပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။