တပ်မတော်က ထိန်းသိမ်းထားသူထဲမှ အချို့သေဆုံး၊ အချို့ဒဏ်ရာရ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ခုနှစ်၊ မေလ ၃ ရက်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ တပ်မတော်က ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခံနေရ သည့် ရွာသား အယောက် (၂၀၀) ကျော်ထဲမှ (၆) ဦးသေဆုံးပြီး၊ (၈) ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု ဒေသခံများနှင့် လွတ်တော်ကိုယ်စားလှယ်များက ပြောသည်။
မေလ ၂ ရက်နေ့ (ယနေ့) နံနက်ပိုင်းက အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဒီမနက် ညသန်းခေါင်ကျော် တစ်နာရီကျော်လောက်မှာ ၆ ယောက်သေတယ်။ ၈ ယောက်ဒဏ်ရာရတယ်။ တခြားလူတွေကို မြေကြီးပေါ်မှာ မှောက်ပြီးထားတယ်။ သူတို့က လူကောင်းတွေပါ၊ ရွာထဲမှာ အစည်းအဝေးတက်ရမယ်ဆိုလို့ ရိုးရိုးတန်းတန်း သွားပြီး နားထောင်ရမယ်ဆိုပြီး သွားကြတာ။ အဲ့ဒါ AA ကို ဖမ်းမရလို့ ရွာသားတွေကို ပစ်သတ်တာပါ။”
ဟု ပြောသည်။
“သေဆုံး သွားတဲ့လူတွေရဲ့ အလောင်းက အဲ့ဒီကျောင်းထဲမှာပဲ ရှိနေသေးတယ်။ ၈ ယောက် ဒဏ်ရာရတဲ့ထဲမှာလည်း ၅ ယောက်က ဒဏ်ရာပြင်းထန်တယ်။ သေမယ်တောင်ထင်တယ်။ တော်တော်ပြင်းထန်၊ ဒဏ်ရာက ဟိုဘက်ဒီ ဘက် ဖောက်ချင်းပေါက်ဒဏ်ရာတွေကြီးပဲ” ဟု ဆက်ပြောသည်။
ဒဏ်ရာ ရရှိသူများအား ရသေ့တောင်ဆေးရုံသို့ ယနေ့နံနက်ပိုင်းက ပို့ဆောင်နေပြီး သေဆုံးသူရုပ် အလောင်းများတော့ ပြန်မရသေးဘူးဟု ဆက်ပြောသည်။
“ဖမ်းထားတဲ့လူတွေလည်း ပြန်မလွှတ်သေးဘူး။ ဒီမနက်စောစောပိုင်းက ဒဏ်ရာရတဲ့လူတွေကို ဒီ ၈ နာရီ လောက်မှာ ရသေ့တောင် ဆေးရုံကို ယူသွားပါတယ်။ ကျနော်တို့က ရွာထဲကနေ သေနတ်သံတွေပဲ တဒိုင်းဒိုင်း နဲ့၊ ည ၁၁ နာရီကတည်းက ပစ်နေတာ မနက် နှစ်နာရီခွဲအထိပဲ။”
ကျောက်တန်းကျေးရွာမှ အသက် ၁၅ နှစ်မှ အသက် ၅၀ ကြား အမျိုးသားများကို ဧပြီလ ၃၀ ရက်နေ့ကတည်း က တပ်မတော်မှ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
“သူတို့ ၃၀ ရက်နေ့က ရွာသားတွေကို ခေါ်ပြီးတော့ တစ်အိမ်တစ်ယောက် အစည်းအဝေးတက်ရမယ်ဆိုပြီး ခေါ်ပြီး စာသင်ကျောင်းထဲမှာ လှောင်ထားတယ်။ ပြီးတော့ အသက်ကြီးပိုင်းတွေကို ပြန်လွှတ်တယ်။ ကလေး တွေကို ပြန်လွှတ်တယ်။ ကျန်တဲ့လူတွေကို တစ်ရက် နှစ်ရက်လောက် ခေါ်ထားပြီးတော့ စစ်ဆေးတယ်။ ထမင်း လည်းမကျွေးဘူး။ ဘာတွေ စစ်ဆေးမှန်းလည်းမသိ၊ နှိပ်စက်တယ်၊ နေလှန်းတယ်၊ ဖမ်းထားတယ်။ အဲ့လိုလုပ် တယ်” ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
ကျောက်တန်းကျေးရွာမှ ရွာသားများအား ကျောက်တန်း အထက ကျောင်းတွင် အစည်းအဝေးပြုလုပ် ရန်ရှိ ကြောင်း၊ တစ်အိမ်တစ်ယောက် တက်ရောက်ရန် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွာသားများ အနေဖြင့် အစည်းအဝေးတက်ရန် သွားရောက်ကြရမှာ ယခုကဲ့သို့ စစ်ဆေးမှုများ၊ ဖမ်းဆီးထားမှုများ ကြုံနေရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ကျောက်တန်းကျေးရွာမှ ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း သတင်းရေးသားသည့်အချိန်ထိဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
သို့သော်လည်း မေလ ၁ ရက်နေ့ (ယမန်နေ့)က ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ်ကျေးရွာအနီးရှိ AA ၏ ယာယီ တပ်စခန်းတပ်မတော်မှ ဧပြီလ ၃၀ ရက်နေ့က သိမ်းယူပြီးနောက်၊ AA အဖွဲ့ဝင်များသည် ကျောက်တန်းကျေးရွာ နှင့် စေတီတောင်ကျေးရွာအတွင်း ဒေသခံများ အသွင်ဆောင်ကာ ဝင်ရောက်လှုပ်ရှားနေခြင်းကြောင့် ကျောက် တန်းကျေးရွာမှ ရွာသား (၂၇၅) ဦးအား ကျေးရွာ စာသင်ကျောင်းတွင် ခေတ္တထိန်းသိမ်းထားပြီး အိမ်ထောင်စု စာရင်းများနှင့်ကိုက်ညီမှု ရှိမရှိ စစ်ဆေးမှု များပြုလုပ် နေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
ကျောက်တန်းကျေးရွာမှ ဒေသခံရွာသားများက သက်ဆိုင်ရာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များအား ဖုန်းဆက်လှမ်းအကြောင်းကြားကြကြောင်း၊ ရွာသားများ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများမှာ အတည်ပြု၍ ရကြောင်း ရသေ့တောင် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း အတည် ပြုပြောသည်။
“မနေ့က ညက ပစ်ခတ်မှုတွေ ရှိတယ်လို့ပြောတယ်။ တပ်က ပစ်တယ်လို့ ပြောတာပဲ။ သေတာတော့ ၆ ဦး ၇ ဦးသေတယ်လို့ ပြောတယ်။ ဒဏ်ရာရတာက ၈ ဦးလောက်ရှိတယ်။ အထက ကျောင်းဝင်းမှာ နေရာကကျဉ်း ကျဉ်းနဲ့ လူတွေက များတယ်လေ။ ညဖြစ်တာဆိုတော့ အတိအကျ ဘယ်လိုပစ်တယ်ဆိုတာမျိုးတော့ ပြောလို့ မရဘူး။ လူတွေကလည်း သွားပြီး မကြည့်ရဲဘူးလေ။ နောက်ပြီးတော့မှ ရွာကလူကြီးတွေကို ခေါ်ပြီးမှပြတယ်လို့ ပြောတယ်။ ဆေးရုံပို့ဖို့ လူနာတွေ တင်ဖို့ကိစ္စတွေကို။ သေဆုံးတာတွေကို ရွာသားတွေက သေချာပြောပြတာပါ။ အတည်ပြုလို့ရပါတယ်။ ရွာထဲကို အပြင်ကဘယ်သူမှ မသွားရဲကြဘူး။ လူနာတင်ကားတောင် ခေါ်ဖို့ ခက်နေ တယ်။”
ကျောက်တန်းကျေးရွာမှာ ရွာကြီးတစ်ရွာဖြစ်ပြီး၊ ဖမ်းဆီးစစ်ဆေးခံနေရသူများမှာလည်း သာမာန်ရွာသားများသာ ဖြစ် ကြောင်း၊ ၎င်းတို့အနေဖြင့် ရက္ခိုင့်တပ်မတော် AA နှင့်လည်း အဆက်အသွယ်မရှိကြောင်း၊ ဥပဒေအတိုင်း သာ တိတိကျကျဆောင်ရွက်သင့်ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
“တကယ်တော့ ပြည်သူတွေက မြေဇာပင်တွေလေ၊ အရပ်သားတွေမပါအောင် ထိန်းသိမ်းဖို့လိုတာပေါ့။ ပွင့်လင်း မြင်သာမှုရှိဖို့လိုတယ်။ ဖမ်းရင်ဖမ်းတယ်၊ နောက် သက်ဆိုင်ရာရပ်မိရပ်ဖတွေကို ပြောရမယ်။ ဥပဒေနဲ့အညီ ဘာ တွေလုပ်ထားတယ်။ နောက်ပြီး အဖမ်းခံထားရတဲ့လူတွေရဲ့ အခွင့်အရေးတွေ စားရေးသောက်ရေး ဒါတွေကို ဂရု စိုက်ပေးဖို့လိုတယ်။ လူ ၃၀၀ နီးပါး ၂၇၅ ဦးဆိုတော့ ကို သံသယဖြစ်တယ်ဆိုတာတော့ မဖြစ်သင့်ဘူးလေ။ အဲ့ လိုလျှောက်ဖမ်းလို့မှ မရတာ။ အပြစ်ရှိတဲ့လူတစ်ယောက်ကြောင့် အပြစ်မရှိတဲ့ လူတစ်ထောင်ကို ဖမ်းလို့မှမရ တာ။ ဒါက များတာပေါ့။ သံသယရှိတဲ့လူ လေးငါးဦးဆိုရင် အဲ့ဒါက သဘာဝကျတယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။
မေလ (၁) ရက်နေ့က အသက် ၁၅ နှစ်အောက်နှင့် အသက် (၅) အထက် အမျိုးသားများအား ပြန်လည်လွှတ် ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယနေ့အချိန်ထိ ဖမ်းဆီး စစ်ဆေးခံနေရသူများမှာ အသက် ၁၅ နှစ်မှ အသက် ၅၀ ကြား အရွယ်ရှိ အမျိုးသားများဖြစ်သည်။
ကျောက်တန်းကျေးရွာတွင် ဖြစ်ပွားနေသည့် အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ၊ ကာယကံ များအား မေးမြန်းမှုများ၊ သဘောတူညီချက်များ ရယူကာ သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြပြီး၊ အမှုမှန်ပေါ် ပေါက်ရေး ကြိုးပမ်းသွားမည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။