ရွာသား ၂၀၀ ကျော်အား တပ်မတော်မှ ထိန်းသိမ်း စစ်ဆေးနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ရွာသား ၂၀၀ ကျော်အား တပ်မတော်မှ ရက္ခိုင့် တပ်မတော် AA နှင့် ပတ်သက်မှုရှိ၊ မရှိ ခေါ်ယူစစ်ဆေးနေသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ကျောက်တန်းကျေးရွာသို့သွားရောက်ခဲ့သူ ရသေ့တောင်မှ ဒေသခံ တစ်ဦးက “ကျနော်တို့ ရွာထဲပေးမဝင်ဘူး။ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးခံနေရတာတော့ ရွာသားယောက်ကျားတွေပဲ အယောက် ၂၀၀ ကျော်တယ်လို့ ပြောတယ်” ဟု ပြောသည်။
ယနေ့နေ့ နေ့လည်ခန့်ကစတင်ပြီး ရွာသားများအား ကျောက်တန်းကျေးရွာရှိ အထက်တန်းကျောင်းအတွင်း ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးဟု ရသေ့တောင် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
“မနေ့က နေ့လည်ပိုင်း ၁၂ နာရီလောက်ကတည်းက ကျောက်တန်းကျေးရွာ အထက ထဲမှာ ခေါ်ပြီးစစ်ဆေးတာ။ အဲ့ဒီမှာ အုပ်စု (၃) စု၊ ၁၀ နှစ် ၁၅ နှစ်က အုပ်စုတစ်စု၊ ၁၅ နှစ်က အသက် ၅၀ လောက် အထိက အုပ်စုတစ်စု၊ ၅၀ အကျော်ပိုင်း အဘိုးကြီးတွေတစ်စု၊ အကုန်လုံးယောက်ကျားတွေကြီးပဲ။ ညနေပိုင်းတော့ နှစ်စုကို ပြန်လွှတ် လိုက်တယ်။ ၁၅ နှစ်နေ အသက် ၅၀ အရွယ်ထိတော့ မလွှတ်သေးဘူး။ အဲ့ဒါ နှစ်ရာကျော်လောက်ရှိတယ်။”
သူတို့အခြေအနေကိုတော့ အသေးစိတ် အတိအကျ မသိရသေးဟုလည်း ဦးခင်မောင်လတ်က ပြောသည်။
“သူတို့ဘယ်လိုအိပ် ဘယ်လိုစားတယ်တော့ မသိဘူး။ ဒီနေ့ နေ့လည်ပိုင်းက ဦးတင်မောင်ဝင်းတို့သွားတယ်။ ရွာအဝ ကနေပြန်လှည့်လာခဲ့ရတယ်။ မဝင်ခဲ့ရဘူး။ အခုရွာကို အဝင်အထွက် ပိတ်ထားတယ်လို့ ပြောတယ်။ နေပူထဲမှာပဲ၊ ဖုန်းတွေဘာတွေလည်း သိမ်းထားတယ်ဆိုတော့ ဘာတွေဖြစ်နေလဲ မသိဘူးလေ။”
အသက် ၁၅ နှစ်အောက် ကလေးငယ်များနှင့် အသက် ၅၀ အထက် သက်ကြီးရွယ်အို အမျိုးသားများအား ပြန်လည်လွှတ်ပေးခဲ့သော်လည်း အယောက် ၂၀၀ ကျော်ခန့်ရှိသည့် အသက် (၁၅) နှစ်မှ (၅၀) ကြား အမျိုးသားများအား စစ်ဆေးနေဆဲဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
ကနေဦးတွင် အဆိုပါရွာသားများ၏ လက်ကိုင်ဖုန်းများအား တပ်မတော်မှ သိမ်းဆည်းထားရာ ဆက်သွယ်၍ မရကြောင်း မိသားစုဝင်များက လွှတ်တော်ကိုယ်စားလှယ်များအား ဖုန်းဆက်အကြောင်းကြားလာသည်ဟု ပြောသည်။
ထို့အပြင် စစ်ဆေးမှုခံနေရသည့် ရွာသားများအား “သူတို့ကို ထမင်းလည်း စားခွင့်မပေးဘူးဆိုလို့ အန်တီတို့ကတော့ တာဝန်ရှိတဲ့လူတွေကို ဒီလိုမျိုးမလုပ်သင့်ဘူး၊ စစ်ဆေးတာ စစ်ဆေးပါ ထမင်းတွေဘာတွေ စားခွင့်ပေးပါဆိုလို့ ထမင်းလာပြီးပို့ခွင့်ရှိတယ်၊ စားခွင့်ရှိ တယ်လို့တော့ သိရပါတယ်။ ဖမ်းတာတော့ မဟုတ်ဘူး စာသင်ကျောင်းကိုခေါ်ပြီး ထိန်းသိမ်းပြီး စစ်ဆေးနေတာမျိုးလို့ပြောရမှာပေါ့လေ။ အန်တီကိုတော့ မနေ့က ညနေလောက်က ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားတာပါ” ရသေ့တောင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စော ဝေက ပြောသည်။
တပ်မတော်မှ ရွာသားများအား သံသယရှိ၍ စစ်ဆေးမှုများ ပြုလုပ်လိုပါက ဥပဒေအတိုင်း စစ်ဆေးဆောင်ရွက်သင့်ကြောင်း၊ သတင်းခိုင်လုံမှုမရှိပဲ စစ်ဆေးခြင်းများ၊ အပြစ်မဲ့ပြည်သူများအား နစ်နာအောင်၊ နာကျင်အောင်၊ ကြောက်လန့်အောင် ခြိမ်းခြောက်ခြင်းများ စစ်ဆေးခြင်းများ မပြုလုပ်သင့်ဟု ရသေ့တောင်မှ လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြသည်။
“လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေရှိတယ်။ ဆုံးရှုံးတာတွေရှိတယ်။ အဆက်အသွယ်မရတာတွေ၊ ထမင်းတို့ ရေတို့ အလွယ်တကူပေးခွင့် မရတာတွေ၊ သူတို့စားရေးနေရေးပေါ့၊ အဝတ်အစားကအစပေါ့၊ အခက်အခဲတွေ ရှိတာပေါ့။ အဆင်ပြေအောင်လုပ်ပေးဖို့လိုတယ်လေ။ အနည်းဆုံး စောင်တို့ ခြင်ထောင်တို့ပေးခွင့်ပေးရမယ်။ သူတို့မိသားစုတွေကို အကြောင်းကြားပေးရမယ်။ ဘာကြောင့်ဆိုတာကိုပေါ့။ ပြည်သူတွေကိုလည်း သတင်းတော့ ပေးရမှာပေါ့။ နောက်ပြီး ရခိုင်ပြည်နယ်အစိုးရက အမိန့်ထုတ်တာရှိတယ်။ ၂၀၁၉ မှာ စစ်ဆေးခွင့်ပေးတာက ရဲပါရမယ်၊ နောက်ကျေးရွာလူကြီးပါရမယ်။ နောက်လဝကတို့ ပါရမယ်။ လုံခြုံရေးတပ်ဖွဲ့တွေပေါ့ အဲ့ဒီပူး ပေါင်းအဖွဲ့ကိုမှ သူတို့ကအာဏာအပ်တာ” ဟု ဦးခင်မောင်လတ်က ပြောသည်။
တည်ဆဲဥပဒေများအား တပ်မတော်သားများသာမက ဒေသအတွင်းရှိ အာဏာပိုင်များအားလုံး လေးစား လိုက် နာဖို့လိုအပ်ကြောင်း၊ ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ မကျူးလွန်ကြဖို့ နှစ်ဘက်လက်နက်ကိုင်များအနေဖြင့် သတိ ထားဆောင်ရွက်ကြဖို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်အတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုထားသည်။
ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများ မိတ်ဘက်အဖွဲ့က ဒေါ်ညိုအေးက “တိုက်ပွဲတွေက ဖြစ်နေတုန်း ပဲ။ ယောက်ကျားလေးတွေဆိုရင် မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးခံရတာတွေ၊ ခြိမ်းခြောက်ခံရ တာတွေ တော်တော် များများရှိတယ်။ ဒါတွေကို မလုပ်ဖို့ အဓိက တောင်းဆိုချင်တာပါ” ဟု ပြောသည်။
တပ်မတော် ကာကွယ်ရေးဦးစီချုပ်ရုံးကမူ ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ်ကျေးရွာအနီးရှိ AA ယာယီတပ်စခန်းတပ်မတော်မှ ဧပြီလ ၃၀ ရက်နေ့က သိမ်းယူပြီးနောက်၊ AA အဖွဲ့ဝင်များသည် ကျောက်တန်းကျေးရွာနှင့် စေတီတောင်ကျေးရွာအတွင်း ဒေသခံများ အသွင်ဆောင်ကာ ဝင်ရောက်လှုပ်ရှားနေခြင်းကြောင့် ကျောက်တန်းကျေးရွာမှ ရွာသား (၂၇၅) ဦးအား ကျေးရွာ စာသင်ကျောင်းတွင် ခေတ္တထိန်းသိမ်းထားပြီး အိမ်ထောင်စု စာရင်းများနှင့်ကိုက်ညီမှု ရှိမရှိ စစ်ဆေးမှု များပြုလုပ်နေကြောင်း မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြောက်ဦးမြို့၊ လက္ကာကျေးရွာမှ ရွာသားများကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ အသက်ဆုံးရှုံးခဲ့ရသည့် အခြေအနေမျိုး ထပ်မဖြစ်အောင်လည်း စောင့်ကြည့်နေရသည်ဟု ဦးခင်မောင်လတ် က ဆက်ပြောသည်။
“ပြည်သူတွေက စိုးရိမ်နေကြတယ်။ အကုန်လုံးစောင့်ကြည့်နေရတယ်။ အခုဆို ဖမ်းသွားပြီးမှ ဆုံးသွားတဲ့လူတွေ လက္ကာရွာမှာလည်း ရှိတယ်လေ။ အရပ်သားမှာလည်း တည်ဆဲ ဥပဒေရှိတယ်။ တပ်မတော် ဥပဒေရှိတယ်၊ ဥပဒေ အတိုင်းလုပ်ဆောင်ဖို့လိုတယ်။ နိုင်ငံတကာစံနှုန်းတွေ၊ လူ့အခွင့်အရေးတွေရှိတယ်။ အဲ့ဒါတွေကို မချိုးဖောက်ဖို့လိုတယ်။”
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လက္ကားကျေးရွာမှ ဧပြီလ ၁၀ ရက်နေ့တွင် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရွာသား (၂၇) ဦးအနက် (၃) ဦးသေဆုံးသွားသည်ဟု မိသားစုဝင်များနှင့် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌက ဧပြီလ ၂၅ ရက်နေ့က အတည်ပြု ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက် တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ ၃ သောင်းခွဲခန့်အထိ ရှိနေပြီဖြစ်ကြောင်း အရပ် ဘက်လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။