မွန်ပြည်နယ်တွင် မိုးစပါးချေးငွေများ စတင်ထုတ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်။
မွန်ပြည်နယ် အတွင်း မြို့နယ် ၁၀ မြို့ နယ်ရှိ မိုးစပါးစိုက် တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း ၄၅၀၀၀ ကျော် ထုတ်ချေးပေးသွားရန် လျာထားသည် ဟု မွန်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ပြောသည်။
မွန်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၆ ရက်နေ့မှစတင်ပြီး မြို့နယ်အလိုက် စတင်ထုတ်ချေးပေးနေသည်ဟု ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ငွေကျပ်သန်း ၄၅၀၀၀ ကျော် ထုတ်ချေးပေးသွားဖို့ လျာထားတယ်၊ ချေးငွေတွေကို မေလ ၆ ရက်နေ့ကနေ စတင်ထုတ်ချေးပေးနေပါတယ်၊ သြဂုတ်လကုန်ထိ ထုတ်ချေးပေးသွားမှာပါ” ဟု မွန်ပြည်နယ် မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ် ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင် က ပြောသည်။
လယ်တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် လယ်သမားတစ်ဦးလျှင် ၁၀ ဧက ထိ ထုတ်ချေးပေးနေကြောင်း ချေးငွေ အတိုးနှုန်းကိုလည်း ယမန်နှစ်က ကောက်ခံခဲ့သည့် ဈေးနှုန်းအတိုင်း ၈ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု ဦးကျော်စွာလှိုင် ဆက်ပြောသည်။
စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးရာတွင် လယ်သမားများအတွက် ချေးငွေအပြည့်အဝ မရရှိခြင်း ပြဿနာ မဖြစ်ပွားစေရန်အတွက် အမှန်တကယ်စိုက်ပျိုးသည့် ဧကအတိုင်း ထုတ်ချေးပေးနိုင်ရန် ချေးငွေစီစစ်ရေးအဖွဲ့က သေချာစွာစီစစ်ထားသည်ဟု ပြောသည်။
ထိုကဲ့သို့ စီစစ်ထားသည့် ထောက်ခံချက်ဖြင့် ဘဏ်က သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့် ကိုက်ညီပါက ချေးငွေများကို အပြည့်အဝထုတ်ချေးပေးသည် ဟု မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင် ဘဏ်ခွဲမှ သိရသည်။
သို့သော်လည်း ချေးငွေချေးယူရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) မူရင်းကို ဘဏ်တွင် အပ်နှံ ထားရမည်ဖြစ်သည့်အတွက် လယ်သမားအချို့မှာ အခက်အခဲရှိသည်ဟု လယ်သမားများက ပြောသည်။
“အရင်က ချေးငွေယူရင် ပုံစံ(၇) ကို မိတ္တူပဲ ပေးရတယ်၊ မနှစ်ကနေစပြီးတော့ ပုံစံ(၇) ကို မူရင်းပဲယူတော့ တချို့ လယ်သမားတွေအတွက်က အခက်အခဲဖြစ်စေတယ်။ တချို့က အဲဒီပုံစံ(၇) နဲ့ပဲ အပြင်မှာလည်း ငွေချေးကြတာရှိတယ်၊ မနှစ်ကဆိုရင် ပုံစံ(၇) မူရင်းပေးရလို့ ချေးငွေမယူတာတွေလည်းရှိတယ်။ ဒီနှစ်တော့ မသိသေးဘူး” ဟု မုဒုံမှ လယ်သမား နိုင်ငွေ က ပြောသည်။
ချေးငွေယူထားသည့် လယ်သမားများအနေဖြင့် ချေးငွေများကို မိုးစပါးပေါ်ပြီး ရိတ်သိမ်းရောင်းချပြီးသည့် အချိန် ဖြစ်သည့် ဒီဇင်ဘာလတွင် ၁၀ ရာခိုင်နှုန်း၊ ဇန်နဝါရီလတွင် ၆၀ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီလတွင် ၁၀ ရာခိုင်နှုန်းနှင့် မတ်လတွင်၂၀ ရာခိုင်နှုန်း ပြန်လည် ဆပ်ပေးရန် သတ်မှတ်ထားကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင် ဘဏ်ခွဲ က ထုတ်ပြန်ထားသည်ဟု သိရသည်။
မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်တုန်းက မိုးစပါးစိုက်ဧက ၃ သိန်းကျော်အတွက် ငွေကျပ်သန်းပေါင်း ၄၂၈၀၀ ကျော် ထုတ်ချေးပေးခဲ့ကြောင်း ချေးငွေများအားလုံးကိုလည်း အချိန်မီ အပြည့်အဝ ပြန်လည် ဆပ်နိုင်ခဲ့ကြသည် ဟု မွန်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ပြည်နယ် မန်နေဂျာ က ပြောသည်။