မွန်ပြည်နယ်တွင် ရေရှားပါးမှု ဖြေရှင်းရေး ဘတ်ဂျတ် ပိုမိုသုံးစွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်။

မွန်ပြည်နယ်အတွင်း ရပ်ကွက်ကျေးရွာများ ရေရရှိရေးအတွက် ဘဏ္ဍာငွေ ပိုမိုသုံးစွဲခဲ့ခြင်းကြောင့် ရေရှားသည့် အချိန်တွင် ဖြေရှင်းမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

“အရင်မနှစ်ကနဲ့စာရင်တော့ ဒီနှစ်မှာ သောက်သုံးရေရှားပါးမှုပြဿနာကို အထိုက်အလျောက် ဖြေရှင်းဆောင် ရွက်နိုင်ခဲ့တယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်အစိုးရက ရန်ပုံငွေ ကျပ်သိန်း ၁၁,၀၀၀ သုံးစွဲခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

ရပ်ကွက်များ၊ ကျေးရွာများတွင် သောက်သုံးရေရရှိရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် ကျေးလက်ဒေသရေရရှိရေး ရံပုံငွေ ကျပ်သိန်း ၁၀,၀၀၀ နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကယ်ဆယ်စောင့်ရှောက်ရေးနှင့် ပြန်လည်နေရာချထားရေး ငွေစာရင်းခေါင်းစဉ်အောက်မှ ခွဲဝေချထား ငွေကျပ်သိန်း ၁,၀၀၀ စုစုပေါင်း ငွေကျပ်သိန်း ၁၁,၀၀၀ ကို ပြည်နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ပြည်နယ်အစိုးရက သုံးစွဲခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါ ငွေကျပ်သိန်း ၁၁၀၀၀ မှ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများသို့ ဧပြီလမှ စတင်ကာ သောက်ရေ သုံးရေများဖြန့်ဝေပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

ထိုမြို့နယ်များအတွက် မြို့နယ်စည်ပင်သာယာက ရေသယ်ယာဉ်များ ဝယ်ယူခြင်း၊ သောက်သုံးရေရှားပါးသည့်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတို့တွင် စက်ရေတွင်း များ တူးဖော်ပေးခြင်း၊ ရေစုကန်များ တူးဖော်ပေးခြင်း၊ မြေအောက်ရေရှိရေးအတွက် တိုင်းတာခြင်း အစရှိသည့် လုပ်ငန်းများဆောင်ရွက်ခဲ့သည်ဟု ပြည်နယ်အစိုးရက ပြောသည်။

ယခုနှစ်တွင် ရာသီဥတုပူပြင်းခြင်း၊ မိုးရွာနောက်ကျခြင်းတို့ကြောင့် ယမန်နှစ်ကထက် ရေရှားပါးမှု ပိုမိုဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့ နယ်တွင် ကျေးရွာပေါင်း ၂၀ ရွာခန့် သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်က ပြောသည်။

မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် အချို့တို့ တွင် သောက်သုံးရေပြတ်လပ်မှုများနှင့် ကြုံနေကြရပြီး ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဧပြီလကစတင်ကာ ရာသီဥတုပူပြင်းမှုကြောင့် အဝီစိတွင်း၊ သောက်ရေတွင်း၊ မြစ်နှင့် စမ်းချောင်းများတွင်လည်းရေများ ခမ်းခြောက်သွားသည့်အတွက် လူဦးရေ ၆၀၀ ကျော် သောက်သုံးရေ အခက်အခဲ ဖြစ်နေရသည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်တွင် ရေတွင်းရေကန်များ တူးဖော်၍ မရသည့် ပင်လယ်ကမ်းခြေနှင့် နီးစပ်သည့် ကျေးရွာများတွင်လည်း နှစ်စဉ် သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့ရလေ့ရှိသော်လည်း ယခုနှစ်တွင် ရာသီဥတု အလွန်ပူပြင်းသည့်အတွက် ရေရှားပါးမှုမဖြစ်ပွားခဲ့ဖူးသည့် ရပ်ကွက်၊ ကျေးရွာများတို့တွင်လည်း သောက်သုံးရေ အခက်အခဲ ဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရသည်။

နွေရာသီ ရေရှားပါးမှု ပြဿနာဖြေရှင်းရန် မွန်ပြည်နယ် အစိုးရကလွန်ခဲ့သည့် ဒီဇင်ဘာလမှစတင်ကာ ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပြည်နယ်အစိုးရက ပြောသည်။