ကယားဝန်ကြီးချုပ် ရပ်တည်ချက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘောမဆောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်နှင့် ပတ်သက်သည့် ကယားပြည်နယ် ဝန်ကြီးချုပ်၏ ရပ်တည်ချက်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်စေနိုင်သည်ဟု တိုင်းရင်းသား ခေါင်းဆောင် အချု့ိက ပြောသည်။

ကယားပြည်နယ်ရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ပြောင်းရွှေ့ပေးရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီလူငယ်များ ဆွေးနွေးနေရာမှ မေလ ၁၄ ရက်နေ့က ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှိုးက လုံးဝမရွှေ့ပေးနိုင်ကြောင်း၊ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်နေ့များကိုလည်း ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲပျက်ကာ နှစ်ဖက်ကြားတင်းမာမှုများ ပေါ်ပေါက်စေခဲ့သည်။

မွန်ပြည်နယ် လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “အတင်းအကြပ်လုပ်စေတဲ့ပုံစံမျိုးနဲ့ တိုင်းရင်းသား ဒေသခံတွေရဲ့ တောင်းဆိုချက်ကို လစ်လျူရှုတဲ့ပုံစံတွေဖြစ်လာတယ်။ အဲ့တော့ဒါက ကျနော်တို့ အမှန်တကယ် လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီတို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ကိစ္စတွေကတော့ ဆက်ပြီးတော့ ဝေးနေအုံးမှာပဲလို့ ယူဆတယ်။ တိုင်းရင်းသားတွေဘက်က အကြိမ်ကြိမ်အခါခါ အနုနည်းနဲ့တစ်မျိုး၊ ဆန္ဒပြပြီးတော့ လှုံ့ဆော်တဲ့နည်းနဲ့တစ်မျိုးပေါ့ ဒါမျိုးကို တိုင်းရင်းသားဒေသခံတွေက လှုံ့ဆော်ပြသတင်ပြ တောင်းဆိုခဲ့တဲ့အပေါ်မှာ သူတို့ဘက်က လစ်လျူရှုဖို့မသင့်ဘူး။ အလေးအနက်ထား သင့်တယ်လို့ ယူဆတယ်” ဟု ပြောသည်။

ယမန်နေ့ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းရေး ညှိနှိုင်းဖော်ဆောင်ရေး ကော်မတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကလည်း “ဝန်ကြီးချုပ်တစ်ယောက်နေနဲ့ ဒါမျိုးမလုပ်သင့်ဘူးလို့မြင်တယ်။ အစည်းအဝေး ဖျက်လိုက် ရတာပေါ့။ လူငယ်တွေကလည်း ဆက်လက်ပြီးတော့မှ ကန့်ကွက်သွားမယ်လို့ ကြေငြာချက်ထုတ်ထားတာတွေ ရှိတယ်။ ဆိုတော့ ဒီနေရာမှာ မပြီးနိုင်သေးဘူးလို့ နားလည်လိုက်တယ်။ ဒီပြဿနာကို ဒီကလူတွေ အချင်းချင်း ရှင်းခိုင်းရင်တော့ ဒါတသက်လုံးပြီးမှာ မဟုတ်ဘူး။ ဆိုတော့ ဗဟိုကလာရှင်းပေးမှရမယ်” ဟုပြောသည်။

“ဘာလို့လဲဆိုရင် ဒီလူငယ်တွေကပဲ သမိုင်းကြောင်းအရ ကန့်ကွက်တာ ရှိတာကိုး။ ကျနော်တို့ တိုင်းရင်းသား တွေဘက်မှာက ဒီလိုဖြစ်နေတာ ဒီတစ်ခုတည်းမဟုတ်ပါဘူး။ မွန်ပြည်နယ်တုန်းက ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား ဆိုတဲ့ကိစ္စနဲ့လည်း ပြဿနာတက်ပြီးပြီ။ အစိုးရက အခုဒီကိစ္စကို လုံးဝဖြေလျော့ပေးနိုင်တဲ့ အနေအထားမျိုးကို မတွေ့ရတော့ သူတို့ဘာရည်ရွယ်ချက်နဲ့ ဒါကိုလုပ်နေသလဲပေါ့နော်။”

ကရင်နီလူငယ်များအနေဖြင့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အား အခြားသော ပြည်နယ်၊ တိုင်းများသို့ ပြောင်းရွှေ့ရန် တောင်းဆိုခြင်းမဟုတ်ကြောင်း၊ အများပိုင်ဖြစ်နေသည့် နေရာများတွင် မထားရန်သာ တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ အဆိုပါတောင်းဆိုချက်အား သဘောတူလိုက်မည်ဆိုပါက ပြဿနာများ ဖြေရှင်းနိုင်မည်ဖြစ်သည်ဟု ဦးသဲရယ်က ပြောသည်။  ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ ကန္ဒာဝန်ပန်းခြံအတွင်းထားရှိသည့် အငြင်းပွားနေသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်အား ပြောင်းရွှေ့မပေးနိုင်ဘူးဟု ဝန်ကြီးချုပ်မှ ပြောဆိုလိုက်ခြင်းသည် တိုင်းရင်းသားများ၏ သဘောထား၊ ဖြစ်တည်မှု၊ တောင်းဆိုမှုများကို လစ်လျူရှုခြင်းဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးတို့ကို ထိခိုက်နိုင်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

မွန်ပြည်နယ်တွင်ရှိသည့် မော်လမြိုင်မြို့ နှင့် ချောင်းဆုံမြို့ကို ဆက်သွယ်ထားသည့် တံတားကိုလည်း သံလွင်တံတား(ချောင်းဆုံ) အမည်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေသည့်ကြားက ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးပြီး ၂၀၁၇ ခုနှစ် ဧပြီလတုန်းက ဖွင့်လှစ်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် လက်ရှိ ကယားပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကိစ္စမှာ ရည်ရွယ်ချက်ချင်း တူညီသည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

“ရည်ရွယ်ချက်ချင်းကတော့ တူတယ်၊ လုပ်ဆောင်ချက်ချင်းက မတူဘူးလို့ ကျနော်ယူဆတယ်။ ရည်ရွယ်ချက်ကတော့ သူတို့ရဲ့ အစီအစဉ်တကျလုပ်ဖို့ ရည်ရွယ်ခဲ့တဲ့ လုပ်ငန်းစဉ်တစ်ခုဆိုတာကတော့ ခန့်မှန်းယူလို့ရတယ်။ လုပ်ငန်းစဉ်အပိုင်းကတော့ လုပ်ပုံကိုင်ပုံကမတူတာကတော့ ကျနော်တို့ဆီမှာ ဖြစ်တဲ့ဖြစ်စဉ်ကတော့ ပြည်သူ့လွှတ်တော်အထိ အဆိုတွေတင်သွင်းပြီးတော့ အတင်းအကြပ်ကိုင်လုပ်ခဲ့တဲ့ကိစ္စ၊ ဒါကတော့ ပုံစံတစ်မျိုးပေါ့၊ ကရင်နီမှာ ကယားပြည်နယ်မှာဖြစ်တဲ့ကိစ္စကတော့ ဒါကတော့ ပြည်နယ်အစိုးရအဖွဲ့ကို ခေါင်းခံစေပြီး အတင်း အကြပ်လုပ်တဲ့ပုံစံမျိုးဖြစ်တယ်။”

အနိုင်ရပါတီက ဦးဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုစိုက်ထူခြင်း၊ လမ်းတံတားများ အဆောက်အဦများတွင် ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးခြင်းများ လုပ်ဆောင်နေခြင်းသည် တိုင်းရင်းသားပြည်သူများ၏ အမှတ်သင်္ကေတများကို ဦးစားပေးခြင်းမရှိသည့်အပြင် မဟာလူမျိုးကြီးဝါဒီကို ကျင့်သုံးနေခြင်းဖြစ်သည်ဟု ကချင်ဒီမိုကရက်တစ်ပါတီ (KDP) က ပြောသည်။

“ကယားပြည်နယ်မှာ ဖြစ်ခဲ့တဲ့ဟာက နမူနာဖြစ်တယ်။ ဒါက NLD ပါတီဟာလည်း မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးနေတယ်လို့ ပြောလို့ရပါတယ်။ ကယားပြည်သူလူထုတစ်ရပ်လုံးက မကြိုက်ဘူးပြောနေတာကို မလုပ်သင့်ပါဘူး။ ကချင်မှာလည်း ဖြစ်ခဲ့တာက အလားသဏ္ဍာန်တူပါတယ်။ ကချင်လူထုရဲ့ ကချင်အမျိုးသားတွေရဲ့ သဘောထား တောင်းခံခြင်းတွေလည်း မရှိခဲ့ဘူး။ သူတို့ရဲ့ အလိုကျအတိုင်းပဲ၊ အနာဂတ်အတွက် အခြေအနေကောင်းမယ့်လမ်းမမြင်ဘူး။ တိုင်းရင်းသားတွေရဲ့ သဘောထား မယူပဲ၊ လစ်လျူရှုပြီးလုပ်မယ်ဆိုရင် ပဋိပက္ခက ပိုပိုကြီးထွားလာမယ်။ သူတို့ရဲ့ မဟာလူမျိုးကြီးဝါဒအောက်မှာ လက်နက်နဲ့စိုးမိုးပြီးတော့ အုပ်ချုပ်ခံရတာကြောင့်ဖြစ်တယ်။ ဒါကို လုံးဝကျေနပ်မှုမရှိဘူး” ဟု KDP ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့လယ်နာရီအနီးရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုအား ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက လူထုများမသိပဲ စိုက်ထူခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် မည်သူမည်ဝါမှန်း မသိရသူများက ရုပ်တုရင်ပြင်ကို ရိုက်ချိုးခဲ့ခြင်း၊ ရုပ်တုအား တူဖြင့်ရိုက်ခြင်း၊ ဗိုလ်ချုပ်ရုပ်တုအား သင်္ဘောဆေးရည်များဖြင့် ပက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများ၊ ဗိုလ်ချုပ်အောင်ဆန်းနာမည်ဖြင့် အထင်ကရနေရာများအား ခေါ်ဆိုခြင်းများထက် ဗိုလ်ချုပ်ထားခဲ့သည့် ပင်လုံကတိကဝတ်များကို အကောင်အထည်ဖော်စေလိုသည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “ကျနော်တို့ဟာ ပြည်ထောင်စုကိုဖွဲ့စည်းတာ ပင်လုံစာချုပ်အရဖွဲ့စည်းတာဖြစ်တယ်။ ဗမာတွေရဲ့ လိုလားချက်တွေကြောင့်မို့လို့ ပင်လုံစာချုပ်ဆိုတာမဟုတ်ဘူး။ အကုန်လုံးလိုလားပြီးတော့ လိုလိုလားလားနဲ့ ပြည်ထောင်စုဖွဲ့စည်းရအောင် ဆိုပြီးတော့ဖွဲ့စည်းပြီး ပင်လုံစာချုပ်ကို ချုပ်ဆိုတာဖြစ်တယ်။ အခုက ပင်လုံစာချုပ်ကို ဥပက္ခာပြုခြင်းက တိုင်းရင်းသားတွေကို ဥပက္ခာပြုခြင်းဖြစ်ပါတယ်။ ပင်လုံကတိဝတ်တွေကို အကောင်အထည်ဖော်ဖို့က အဓိကဖြစ်တယ်။ ဒါကြောင့် ဒီလုပ်ရပ်ကို အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

ထို့ကြောင့် ဒေါက်တာအောင်နိုင်ဦးက “ကျနော်တို့က ဒီမိုကရေစီဘက်တော်သားချင်းအတူတူ၊ ဒီမိုကရေစီကူးပြောင်းရေးအတွက် NLD နဲ့အတူတူတွန်းအား ပေးပြီးတော့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ သို့သော် ဒီအချိန်မှ တိုင်းရင်းသားတွေရဲ့ အမှတ်သညာ၊ သင်္ကေတတွေကို ဦးစားပေးရေးထက်ကို သူတို့ရဲ့ လုပ်ချင်တဲ့ဆန္ဒတစ်ခုတည်းကိုပဲ ဦးစားပေးပြီးလုပ်နေတာဟာ တိုင်းရင်းသားတွေ ရဲ့ ခံစားချက်ကို ဥပက္ခာပြုသလိုမျိုး လက်ရှိတိုင်းရင်းသားတွေရဲ့ အမြတ်တနိုးထားတဲ့ အမှတ်သညာ၊ သင်္ကေတ တွေကိုလည်း တန်ဖိုးမထား အလေးမထားသလိုမျိုး ဖြစ်နေတဲ့အတွက် ဒီချစ်ကြည်ရင်းနှီးရေးတို့ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးတို့ ပိုပြီးတော့ခက်ခဲ စေမယ်လို့ ယူဆပါတယ်” ဟု ဆက်ပြောသည်။

မေလ ၁၃ ရက်နေ့မှစတင်ကာ လွိုင်ကော်မြို့ ၊ ကန္ဒာဝန်ပြန်းခြံအတွင်းထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီ းကြေးရုပ်အား ရဲတပ်ဖွဲ့မှ လုံခြုံရေးများယူထားကြောင်း၊ ကြေးရုပ်အားလည်း သံဆူးကြိုးများဖြင့် နှစ်ဆတိုးကာထားသည်ဟု ဒေသခံများက ပြောသည်။

ကရင်နီပြည်လူငယ်များအင်အားစုအနေဖြင့် လူထုရဲ့ သဘောဆန္ဒအတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမည် ဟု မေလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။