စစ်ရှောင်များ နေရပ်ပြန်ရေး အစိုးရနှင့် ကချင်ဒုက္ခသည် ကူညီရေးကော်မတီ ညှိုနှိုင်းမည်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်။
ကချင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကချင်ဒေသစစ်ရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) တု့ိ မေလ ၂၄ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကာ စစ်ဘေးရှောင်များ ပြန်ရမည့် နေရာဒေသများကို ချမှတ်သွားမည် ဟု ပြော သည်။
“၂၄ ရက်နေ့မှာ လုပ်ငန်း ကော်မတီ (working committee) ဖွဲ့တယ်။ NRPC က လုပ်ငန်းကော်မတီ ရယ် ကျနော်တို့ KHCC က ရယ်၊ အစိုးရဘက်ကရယ်၊ ပြည်နယ်အစိုးရဘက် ကရယ် လုပ်ငန်းကော်မတီ က အကုန်လုံး ၂၄ ရက်နေ့မှာ အစည်းအဝေးရှိတယ်။ အဲ့အစည်းအဝေးကနေ ချမှတ်သွားပြီး လုပ်ဆောင်သွားဖို့ဖြစ်တယ်။ ၂၄ ရက်နေ့ လုပ်ငန်းကော်မတီ မှာ ဆွေးနွေးတိုင်ပင်ပြီးမှပဲ ကျနော်တို့ နေရာတွေချမှတ်မယ်” KHCC ဥက္ကဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွန် က ပြော သည်။
“ပြီးမှ ဘယ်လိုလုပ်ဆောင်သွားဖို့ဆိုတာကတော့ ဒီအစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားပါရမယ်။ ပညာရေး၊ ကျန်းမာရေးတို့ပေါ့။ KHCC နဲ့ NRPC ရဲ့ သဘောတူညီအချက် ရမှပဲ IDPs ဒုက္ခသည်တွေ နေရပ်ပြန် အစီအစဉ်စလို့ရမှာပါ။”
KHCC နှင့် NRPC တို့ မေလ ၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့တွင် တွေ့ဆုံကြမည်ဖြစ်ပြီး ထို့နောက်တွင် စစ်ဘေးရှောင် ဒုက္ခသည် IDPs များ နေရပ်ပြန်နိုင်ရေး စီစဉ်သွားမည်ဟု သိရသည်။
ဒုက္ခသည်များအနေဖြင့် နေရပ်ပြန်နိုင်ရေး အစိုးရတာဝန်ရှိသူများ၊ NRPC နှင့် KHCC တို့ ကြိုးပမ်းနေသည့်အပေါ် ဝမ်းသာကြောင်း၊ သို့သော်လည်း နေရပ်ပြန်ရေး စိတ်ချရတဲ့အနေအထားမှသာ ပြန်ချင်ကြောင်းပြောသည်။
“အစိုးရနဲ့ ပြန်ညှိနေတဲ့အချိန် ပေါင်းနေတဲ့အချိန်ဆိုတော့ တောမှနေတဲ့အဖွဲ့တွေက မထင်မှတ်ပဲပြန်တိုက်ခိုက် လာမယ်ဆိုရင် ကျနော်တို့အတွက် ပြန်နောက်တဆင့် ပြန်ဒုက္ခရောက်မှာစိုးတယ်။ အဲ့ခါကြတော့ ကျနော်ပြောချင်တာက ပြန်ချင်တယ်၊ နေချင်တယ်၊ အဓိက လုံခြုံရေးပဲ အဓိကပဲ၊ အဲ့ဒါ အာမခံချက် အပြည့်နော်၊ ပြီးတော့ အစိုးရတပ်ဘက်ကလည်း ပြန်ဆုတ်ပေးမယ်ဆိုရင်တေ့ အဲ့မျိုးဆိုရင်တော့ ကျနော်တို့အတွက် အဆင်ပြေမယ်” ဟု တနိုင်းမှ စစ်ရှောင်လာသည့် ဦးအောင်လတ်က ပြောသည်။
တနိုင်းမြို့၊ အောင်လော့ဒ်ကျေးရွာအတွင်း ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး၊ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှုများအပြင် လေယာဉ်များ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြစ်ကြီးနားမြို့ကို ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်သည်။
ချီဖွေ KBC စစ်ရှောင်စခန်းက ဒေါ်အနှောကလည်း “အခုက ဒီမှာနေရင် အခက်အခဲက ဆန်ပဲလေနော်၊ စားနပ် ရိက္ခာပေါ့၊ အရင်က ထောက်ပံံ့ပေမယ့် အခုက မလုံလောက်တော့ဘူး လျော့ကုန်တော့၊ နောက်ပြီး ပြန်ပို့မယ်ဆိုရင်လည်း ရွာကို ပြန်ရင်လည်း အခက်အခဲရှိတယ်။ ပြန်ချင်တယ် အိမ်ကိုပဲ။ ဒါပေမယ့် လူကြီးတွေ ကပြောတာပြန်လို့မရသေးဘူး၊ ငြိမ်းချမ်းရေးက မရသေးဘူးတဲ့။ ငါတို့လည်း ကြောက်တယ်လေ။ အမတို့ရွာက ဒီနားလေးမှာပဲ၊ ကန်ပိုင်ယန်ရွာဟုတ်တယ်။ ဒီအနီးအနားမှာပဲ တံတားလေပဲ ကွာတယ်။ အဲ့ဒါ သွားလို့မရဘူး။ ငြိမ်းချမ်းရေးက ရမလား မရမလားတောင်မသိပါဘူး” ဟု ပြောသည်။
ချီဖွေဇုံနယ်အတွင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က စစ်ရှောင်စခန်း (၂) ခုနှစ်ဖွင့်ထားပေးပြီး ၂၀၁၂ ဒီဇင်ဘာလ အတွင်းက တပ်မတော်နှင့် KIA တို့အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၁၅ ရွာမှ စစ်ဘေးရှောင် ၅၀၀ ကျော် နေထိုင်သည်ဟု သိရသည်။
ကချင်ပြည်နယ် မန်စီမြို့နယ်၊ အိုလန်ပါကျေးရွာအုပ်စုအတွင်းကနေ နမ့်ခမ်းမြို့ရှိ နေဝန်းနီစစ်ရှောင်စခန်းသို့ ထွက်ပြေးတိန်းရှောင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့၏ ဒေသတွင် ပြန်လည်နေထိုင်ရန် အဆင်မပြေတော့ကြောင်း၊ ကျေးရွာများသည်လည်း စစ်ပွဲအတွင်း ပျက်ဆီးသွားပြီဖြစ်ကြောင်းနှင့် လက်ရှိတွင်လည်း တပ်မတော်မှ နေရာယူထားသည့်အတွက် နေရပ်ပြန်ရေး လုံးဝမဖြစ်နိုင်သေးဘူးဟု ပြောသည်။
နေဝန်းနီ IDPs camp မှ စစ်ဘေးရှောင် လွေးဝင်းဝင်းဆွေက “ကျမတို့ကဖြစ်နိုင်မယ်ဆိုရင်တော့ ရွာပြန်ချင် တယ်။ မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးပါ၊ တပ်တွေထွက်သွားပေးဖို့ပဲ ပြောချင်တယ်။ ကိုယ့်အိမ်မှာနေရင် ဘာပဲစားရစားရ ဟုတ်တယ်မှတ်လား၊ ကျမတို့က စစ်ဆိုရင် ဘာအသံမှကို မကြားချင်တော့ဘူး။ ကျမတို့ ပြန်မယ်ဆိုရင် အာမခံချက် ဘာပေးနိုင်မလဲပေါ့။ နောက်ပြီး ကျမတို့ ပြန်လို့မရခင်အချိန်ထိတော့ အကူအညီတွေ ထောက်ပံ့ပေးဖို့ တောင်းဆိုချင်တယ်” ဟု ပြောသည်။
စစ်ရေးအရ စိတ်ချမှု၊ ငြိမ်းချမ်းမှုရှိသည့် ကျေးရွာများအား ကနဦးအနေဖြင့် ပြန်ပို့နိုင်ရေး စီစဉ်သွားကြမည်ဖြစ်ပြီး နိုင်ငံတာစံချိန်စံနှုန်းများနှင့်အညီ ဂုဏ်သိက္ခာရှိရှိနေရပ်ပြန်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု KHCC က ပြောသည်။
ဒေါက်တာခါလမ်ဆမ်ဆွန်က “ကျနော်တို့ကတော့ အစိုးရနဲ့ KIO နှစ်ဘက် သဘောတူညီမှု နှစ်ဦးနှစ်ဘက် အပစ်ခတ်ရပ်စဲရေးအပေါ်မှာလည်း မူတယ်။ တစ်အချက် အဲ့ဒီအပေါ်မှာ မူတည်တယ်။ နောက်ဒုတိယကတော့ ပဋိပက္ခဖြစ်ပေမယ့်လည်း ပြန်လို့ရတဲ့နေရာတွေကို ရွေးချယ်ပြီးပြန်ပို့ဖို့၊ နောက်ဆုံးတချက်ကတော့ နိုင်ငံတကာရဲ့ အကူအညီတွေ ဆက်လက်ပြီးတော့မှ ရရှိရေး၊ အဲ့ဒီအပေါ်မှာ လုပ်ဆောင်သွားဖို့ရှိပါတယ်” ပြောသည်။
ဧပြီလ ၂၆ ရက်နေ့ကလည်း နေပြည်တော်တွင် KHCC နှင့် NRPC တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ဘေးရှောင် ပြည်သူများ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက လူသားချင်းစာနာ ထောက်ထားပြီး ကူညီပေးကြရန်ဆွေးနွေးခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များကို အချက်(၅) ချက် သဘောတူခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ နှင့် တပ်မတော်တို့၏ အစီအစဉ်များဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က တကြိမ်၊ စစ်ဘေးရှောင် (၁၅၀) နေရပ်ပြန်ပို့ခဲ့ပြီး မတ်လ ၅ ရက်နေ့ကတကြိမ် စစ်ဘေးရှောင် (၂၀၀) ကျော် တို့ကို နန်ဆန်ယန် ကျေးရွာသို့ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ကချင်ပြည်နယ်အတွင်းက တပ်မတော်နဲ့ KIO/KIA တို့အကြား ၂၀၁၁ ခုနှစ်က စတင်ပြီး တကျော့ပြန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၃၀၀ နီးပါးက ဒေသခံ တစ်သိန်းကျော်တို့သည် နေရပ်ရင်းမှ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင် IDPs Camp များတွင် ခိုလှုံနေကြရသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။