ဒုက္ခသည်များ ပြန်လည်နေရာချထားရာ နေရာတွင် အခက်အခဲများ ရှိနေဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်။
ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် တောင်ဘက် ၉ မိုင်အကွာတွင် တည်ထားသည့် လေးကေကော်မြို့သစ်အတွင်းသို့ ပြောင်းရွှေ့လာကြသူ ကရင်ဒုက္ခသည်များသည် မိသားစုစားဝတ်နေရေးအတွက် ရေရှည်စီမံကိန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ မရှိသေးသည့်အတွက် အခက်အခဲများ ရှိနေသည်ဟု ပြောင်းရွှေ့လာသူများက ပြောသည်။
အုန်းဖြန်စစ်ရှောင်စခန်းမှ ပြောင်းရွှေ့လာသူ မအငယ် က “အခုပြန်လာတော့ နည်းနည်းပါးပါး အဆင်သိပ် မပြေဘူးပေါ့။ နောက်ဆိုအဆင်ပြေမလား ပြောမတတ်ဘူးလေ အခုတော့ကိုယ်နေတော့ ဖက်တွေကောက်တယ် အလုပ်ရှိရင် အလုပ်သွားတယ် နေ့စားရှိတယ်လေ ပြောင်းတွေစိုက်တဲ့အချိန်ဆိုရင် ပြောင်းစိုက်သွားတယ်။ ပဲစိုက်ရင် ပဲတွေပြန်စိုက်ပေးတယ်။ အဲလိုမျိုးရှိတယ်။ ရေရှည်အလုပ်တွေမရှိရင် ခက်ခဲမယ်။ သားအတွက် ကျောင်းတွေထားမယ်ဆိုတော့ ခက်ခဲမယ်လေ။ သားကကျောင်းနေရအုံးမယ်လေ။ အဲဒီကျောင်းအတွက်တော့ အခက်အခဲရှိမယ်” ဟု ပြောသည်။
လေးကေကော်မြို့သစ်တွင် အုန်းဖြန်၊ နို့ဖိုး၊ မယ်လအစရှိသည့် Refugee စခန်းမှ ဒုက္ခသည်များ၊ ဖလူးဒေသအတွင်းရှိ IDPs များ၊ ကရင်တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အသီးသီးက တပ်ရင်းတပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့် ထိုင်းနိုင်ငံ ဖုဖရမြို့ နှင့် မဲဆောက်မြို့ အတွင်းရှိ ရွှေ့ပြောင်းအလုပ်သမား မိသားစုများ နေထိုင်ကြသည်။
မြို့သစ်သို့ပြောင်းရွှေ့လာသူများအတွက် ၄၀’ ၆၀’ အကျယ်ခြံဝန်းများအတွင်း အသင့်နေနိုင်ရန် နေအိမ်များ ဆောက်လုပ်ပေးထားသော်လည်း အများစုမှာ ရေရှည်စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြသည်။
“ဟုတ်ပြီ ဒီမှာ ရောက်လာပြီ အားလုံးတော့ ကောင်းတယ် ဒါပေမယ့် ဘာလုပ်ရမလဲပေါ့နော်ဘယ်လိုနေရမလဲ၊ ဘယ်လိုမျိုး လုပ်ကိုင်စားရမလဲပေါ့လေနော်၊ ဒါတွေတော့ စဉ်းစားမိတာပေါ့လေနော်။ ဒါလေးတွေမှာ ကျမတို့ အခက်အခဲများရှိနိုင်မလားပေါ့။ ဒီမှာက အလုပ်လုပ်စရာမရှိဘူး။ အခုတော့ ယောကျ်ားက မဲဆောက်မှာ အလုပ်လုပ်နေတယ်။ ပြီးတော့ပြောင်းရွှေ့လာတုန်းက အကူအညီပေးလိုက်ကြတဲ့ ငွေလေးနဲ့ စားသောက်ပေါ့” ဟု အုန်းဖြန် စစ်ရှောင်စခန်းမှာ ပြောင်းရွှေ့လာသူ ဒေါ်ချယ်ရီထွန်းက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အစိုးရတို့အကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေး ထိုးပြီးနောက်တွင် ဖြစ်လာသည့် စီမံကိန်းဖြစ်ပြီး အစိုးရနှင့် ဂျပန်နိုင်ငံက နီပွန်ဖောင်ဒေးရှင်းတို့၏ ထောက်ပံမှုဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
လေးကေကော်မြို့သစ်သည် ထိုင်းဘက်အခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင် နှစ်ရှည်ခိုလှုံနေကြသည့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် တည်ထားသည့် မြို့သစ် စီမံကိန်းဖြစ်ပြီး အိမ်ထောင်စု ၇၈၆ စုရှိကာ လူဦးရေ ၃၀၀၀ ကျော် ရှိသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
လက်ရှိ ကြုံတွေ့နေရသည့် စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအခက်အခဲများ တဒင်္ဂဖြေရှင်းနိုင်ရေး တပိုင်တနိုင် ကြက် ဝက် မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးစားနိုင်ရန် သီးနှံမျိုးစေ့များကို တာဝန်ရှိသူများက ထောက် ပံ့ပေးထားသည်ဟု ပြောင်းရွှေ့လာသူများက ပြောသည်။
စစ်ဘေးရှောင်စခန်းမှ ပြောင်းရွှေ့လာသူ စောအောင်မင်းက “စားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့ တနေ့စာ တစ်နေ့စာ ဒီလိုပဲ လုပ်ကိုင်စားသောက်ရတာပေါ့။ နေ့စားတို့ဘာတို့ သွား၊ ဒီလိုပဲ လုပ်စားရတာပေါ့။ အခုက လူကြီးပိုင်းတွေကလည်း ကျနော်တို့ ဒီမှာပြန်လာတာ ဝက်မွေး၊ ကြက်မွေး၊ ပြီးတော့ မှိုစိုက်ဖို့ပေးတာပေါ့၊ တခြားစားပင်တွေည်းစိုက်ပေါ့၊ ကျန်တဲ့ အစိတ်အပိုင်းကတော့ ဘာမှ မရှိသေးဘူး။ ရေရှည်အတွက်တော့ စိတ်ပူတယ်” ဟု ပြောသည်။
၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ် အတွင်း လိုအပ်သည့် အခြေခံ အဆောက်အဦ၊ အိုး၊ အိမ်များတည်ဆောက်ရေးအပိုင်း ကနဦး ပထမပိုင်းအစီအစဉ်ဖြင့် စီစဉ်ထားကြောင်း၊ လက်ရှိအနေအထားအရ အခြေခံလိုအပ်ချက်များ ရှိနေမည်ဖြစ်သည့်အတွက် ပြန်လာနေထိုင်သည့် ဒုက္ခသည်များအား စတင်လက်ခံစဉ်ကတည်းက မိမိဆန္ဒ အလျောက်ဖြစ်ဖို့နှင့် အားနည်းချက်များ၊ စိန်ခေါ်မှုများ ဖြတ်သန်းနိုင်ရန် ဆန္ဒရှိမရှိ မေးမြန်းပြီးမှသာ လက်ခံခဲ့ခြင်းဖြစ်သည်ဟု လေးကေကော်မြို့ တည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး စောဌေးမြင့်အောင်က ပြောသည်။
“မှန်ပါတယ်၊ လက်ရှိက ကျနော်တို့မှာ အလုပ်အကိုင်ရှားပါးမှုရှိနေတယ်။ စညှိနှိုင်းကတည်းကလည်း မိမိဆန္ဒ အလျောက်ဖြစ်ဖို့လိုတယ်၊ ကျနော်တို့မှာတော့ အားနည်းချက်တွေ ရှိသေးတယ်၊ အဲ့ဒါကို နားလည်ပေးနိုင်တယ်၊ အဲ့ဒီအခြေအနေတွေကို လက်ခံပေးနိုင်ရင် အဲ့ဒီစိန်ခေါ်မှုတွေကို ဖြတ်သန်းဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ လက်ခံထားတာပေါ့နော်။ အခုနက ပြောသလို အဆင့်နှစ်ဆင့်ကို ကျော်ဖြတ်ရမယ့်အနေအထားမှာ ပထမအဆင့် အဆောက်အဦပိုင်းကို ဇောင်းပေးနေရတယ်။”
စားဝတ်နေရေးနှင့် ရေရှည်အလုပ်အကိုင်အတွက် “ဒုတိယအဆင့်ကို သွားနိုင်ဖို့က လာပြီးရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်နဲ့ ချိတ်ဆက်ပြီးတော့ ကျနော်တို့ ဒေသမှာထွက်နေတဲ့ ထွက်ကုန်တွေ တန်ဖိုးမြှင့်ထုတ်ကုန်တွေထုတ်ပြီးတော့ ဖြန့်ရောင်းဖို့ဆိုတဲ့၊ ဟိုစက်ရုံတွေပေါ့နော် လာပြီးရင်းနှီးမြှုပ်နှံဖို့ကို ဖိတ်ခေါ်ဖို့ အစီအစဉ်ရှိတယ်ပေါ့။ တတိယတစ်ခုကတော့ ခရီးသွားလုပ်ငန်းပေါ့၊ ဒီမှာရှိတဲ့ တောတောင်သဘာဝအလှတွေရှိတယ်၊ စစ်ကြွင်းစစ်ကျန်တွေကို ခရီးသွားလုပ်ငန်းအသွင်ပြောင်းပြီးတော့ ဖော်ဆောင်ဖို့ အစီအစဉ်တွေရှိပါတယ်” ဟု စောဌေးမြင့်အောင်က ဆက်ပြောသည်။
တာဝန်ရှိများအနေဖြင့် ပြောင်းရွှေ့နေထိုင်လာသူများအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီး၊ ပညာ ရေး၊ ကျန်းမာရေးအတွက် ဝန်ဆောင်မှုတွေ ပေးထားသော်လည်း မြို့သစ်ဖြစ်သည့်အတွက် လိုအပ်ချက်များစွာ ရှိနေသေးသည်ဟု တာဝန်ရှိသူများက ပြောသည်။
လေးကေကော်မြို့သစ်သည် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားထဲတွင် မဟုတ်ပဲ ကရင်အမျိုးသား အစည်းအရုံး KNU ၏ အုပ်ချုပ်မှု ယန္တရားအောက်တွင် တည်ရှိနေပြီး အုပ်ချုပ်ရေးပိုင်းနှင့် ကျန်းမာရေးပိုင်းကို KNU က အဓိက လုပ်ျဆာင်ပေးလျှက်ရှိသည်။
လေးကေကော်မြို့သစ်တွင် ကရင်တိုင်းရင်းသားအများစုဖြစ်ပြီး ဗမာ၊ မွန်၊ ပအို့ဝ်၊ လီဆူ နှင့် ရှမ်း အစရှိသည့် တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည်။ ထိုင်းနယ်စပ်တလျှောက်ရှိ ဒုက္ခသည်များ ပြန်လည်နေရာချထား ရေးအတွက် KNU က စီစဉ်လျှက်ရှိပြီး တပ်မဟာ-၁ သထုံခရိုင်၊ တပ်မဟာ-၇ နှင့် တပ်မဟာ-၆ နယ်မြေထဲတွင် နေရာများစီစဉ်လျှက်ရှိသည်ဟု သိရသည်။