ရှမ်းစစ်ရှောင်ဒုက္ခသည်များ စားဝတ်နေရေးပိုမိုခက်ခဲ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်။

ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင်များမှာ စားဝတ်နေရေး ပိုမိုခက်ခဲလာသည့်အပြင် လုံခြုံရေးအတွက်ပါ စိုးရိမ်နေရသည့် အခြေအနေတွင် ရှိနေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် SHRF နှင့် ရှမ်းပြည် ဒုက္ခသည်များဆိုင်ရာ ကော်မတီ ( ထိုင်းနယ်စပ်) SSRC-TB က ပြောသည်။

“လက်ရှိ အရမ်းစိုးရိမ်ရတယ်ပေါ့နော်။ ဒီစာနပ်ရိက္ခာအရေးနဲ့ လုံခြုံရေးအတွက်တော့ နည်းနည်းပူနေရတာပေါ့နော် လုံခြုံရေးဖက်ဆိုလည်း စိုးရိမ်ရတယ် ပြီးတော့ စားနပ်ရိက္ခာအတွက်လည်း မလုံလောက်ဘူးပေါ့နော် လုံလောက်မှု မရှိဘူး” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် ပြောရေးဆိုခွင့်ရှိသူ စိုင်းရွက်လွင်က ပြောသည်။

ထို့ကြောင့် နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့များအနေဖြင့် ရှမ်းစစ်ဘေးရှောင်များကို ပြန်လည်ကူညီ ထောက်ပံ့ပေးကြရန်တောင်းဆိုလိုက်သည်။

ထို့အပြင် တပ်မတော်နှင့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့က စစ်ဘေးရှောင်စခန်းအနီး တပ်အင်အား တိုးချဲ့မှုကို ရပ်တန့်ပေးရန် ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် SHRF နှင့် ရှမ်းပြည် ဒုက္ခသည်များ ဆိုင်ရာကော်မတီ ( ထိုင်းနယ်စပ်) SSRC-TB တို့က မေလ ၂၃ ရက် ယမန်နေ့က ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ကာတောင်းဆိုထားသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် ပြောရေးဆိုခွင့်ရှိသူ စိုင်းရွက်လွင်က “နိုင်ငံတကာ အနေနဲ့လည်း ကျနော်တို့ ၂၀၁၇ စားနပ်ရိက္ခာ ကူညီထောက်ပံရေး မဖြတ်တောက်ခင်တုန်းက ဆိုရင်တော့ မြေပုံထဲမှာဆိုရင် ရှိတယ်ပေါ့နော် ကူညီတာတွေ အခုဆိုရင် သူတို့က မြေပုံစာရင်းထဲမှာတောင် မပါတော့ဘူး။ ဆိုတော့ အဲဒါက တိုက်တွန်းချင်တာပေါ့နော် ပြန်ပြီးတော့ ထောက်ပံပေးဖို့အတွက် တောင်းဆိုချင်တာပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးသည့် အဖွဲ့အစည်းများ မရှိသလောက်ဖြစ်နေသည့်အ တွက် ပိုမိုခက်ခဲလာခြင်းဖြစ်ကြောင်း၊ စစ်ဘေးရှောင်များ အနေဖြင့် စိုက်ပျိုးရေးလုပ်မည် ဆိုပါက မြေနေရာ အခက်အခဲအပြင် အခြားအခက်အခဲများစွာရှိနေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် SHRF နှင့် ရှမ်းပြည် ဒုက္ခသည်များဆိုင်ရာ ကော်မတီ ( ထိုင်းနယ်စပ်) SSRC-TB က တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် အခြားတစ်ဖက်တွင်လည်း မြန်မာ့တပ်မတော်နှင့် ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA တို့က စစ်ဘေး ရှောင်စခန်း အနီးသို့ တပ်အင်အား တိုးချဲ့လာသည့် အနေအထားများကြောင့် စစ်ဘေးရှောင်များမှာ နေရာကျဉ်းကြပ်လာသည့်အပြင် လုံခြုံရေးအတွက်ပါ စိုးရိမ်နေရသည်ဟု စိုင်းရွက်လွင်က ဆက်ပြောသည်။

“ပြီးတော့ အခုလောလောဆယ်က အရမ်းကိုလည်း အရေးကြီးနေတယ် နယ်မြေတိုးချဲ့တာကတော့ ဒုက္ခသည်တွေ စခန်းအနီးတစ်ဝိုက်ဆိုရင် မြန်မာအစိုးရ စစ်တပ်တိုးချဲ့တာရှိမယ် ပြီးတော့ ‘ဝ’ စစ်တပ်ပေါ့နော UWSA ၀ စစ်တပ်ရှိမယ်ခင်ဗျား။ သူတို့က နယ်မြေချဲ့ပြီးတော့ ဝင်လာတာဆိုတော့ အဲဒါကတော့ အခက်အခဲ သာမကဘူး လုံခြုံရေးအပိုင်းမှာလည်း စိုးရိမ်ရတယ်ပေါ့နော ပိုစိုးရိမ်ရတယ် အဲလိုရှိတယ်ခင်ဗျား။ လက်ရှိ အခြေအနေမှာ။ တိုးချဲ့တာတွေကို ဆက်ပြီးတော့ ရပ်ဆိုင်းဖို့ပေါ့ နော တောင်း ဆိုချင်တယ်ခင်ဗျာ။”

ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် SHRF နှင့် ရှမ်းပြည် ဒုက္ခသည် များဆိုင်ရာ ကော်မတီ ( ထိုင်းနယ်စပ်) SSRC-TB တို့၏ ပူးတွဲထုတ်ပြန်ချက်ထဲတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် RCSS/SSA နှင့် အပစ်ရပ်စဲ တည်နေသော်လည်း မြန်မာအစိုးရ စစ်တပ်က ရှမ်းဒုက္ခသည်များ ခိုလုံရာစခန်း ၅ ခု တဝိုက်တွင် အင်အားဖြည့်တင်းခြင်း၊ လမ်းသစ်ဆောက်လုပ်ခြင်း၊ ဒရုန်းလွတ်တင်ခြင်း နှင့် ဖေဖော်ဝါရီလ ၂၀၁၉ တွင် ပြည်တွင်းစစ်ဘေးရှောင်များ တည်နေရာ စခန်း ၂ ခုကို ၁၂၀ မမ လက်နက်ကြီးဖြင့် ၆ ကြိမ်တိတိ ပစ်ခတ်ခဲ့ သည့်အတွက် စစ်ဘေးရှောင်ဒုက္ခသည်များက ထပ်မံပစ်ခတ် တိုက်ခိုက်မှုမှ ကင်းလွတ် ရန် ဗုံးခိုကျင်းများနဲ့ လေ့ကျင့်ခန်းများ ပြင်ဆင် ထားနေဆဲဖြစ်သည်ဟု ပါရှိသည်။

ထို့အပြင် ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA သည်လည်း ရှမ်းပြည်နယ်တောင်ပိုင်း စစ်ပြေး ရှောင်စခန်းများအနီးတဝိုက်တွင် နယ်မြေတိုးချဲ့မှုများ ပြုလုပ်နေပါသည်။ ၂၀၁၉ ဖေဖော်ဝါရီလတွင် ၀ တပ်က ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် နယ်နိမိတ် သဘောတူညီချက်ကို ချိုးဖျက်ပြီး လွိုင်ကော်ဝမ်း စစ်ဘေးရှောင် စခန်းအနီးရှိ တောင်ယာစိုက်ခင်းများကို သိမ်းဆည်းသည်။ စစ်ပြေးရှောင်များလည်း စိုက်ပျိုးရေးရှားပါး၍ ဝမ်းစာရှာရခက်ခဲကာ ပိတ်ပင်တားဆီး ခံနေရကြောင်း သိရသည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ရှမ်းပြည် ဒုက္ခသည်များဆိုင်ရာ ကော်မတီ ( ထိုင်းနယ်စပ်) SSRC-TB က ပြောရေးဆိုခွင့်ရှိသူ စိုင်းလျန်းက “ကျနော်တို့ရဲ့ ရွာနဲ့ လယ်ယာမြေတွေ မြန်မာအစိုးရနဲ့ ‘ဝ’ စစ်တပ်တွေရဲ့ လက်ထဲရှိနေတယ်။ အခုအခြေအနေနဲ့ဆို ကျနော်တို့ နေရပ်ပြန်နိုင်ဖို့က မဖြစ်နိုင်ဘူး” ဟု ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

ရှမ်းစစ်ဘေးရှောင် စခန်းအနီး တဝိုက်တွင် ရာနှင့်ချီရှိနှင့်ပြီးသည့် မြန်မာအစိုးရ စစ်တပ်နှင့် “ဝ” စစ်တပ် ရှိရာကို စစ်အင်အားများ ထပ်မံ ဖြည့်ထားသည်ဟု ပြောသည်။

ထို့ကြောင့် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ မြေပုံ၌ ရှမ်းပြည်တောင်ပိုင်းအတွင်း စစ်အင်အား ကြီးထွားနေခြင်း၏ အတိုင်းအတာ ပမာဏကို မီးမောင်းထိုးပြနေကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်းတွင် ရှမ်းဒုက္ခသည် စခန်းတစ်ခုနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်တွင်း ရွေ့ပြောင်းနေထိုင်သူ (IDPs) စခန်း ၅ ခုရှိပြီး ၎င်းစခန်းများတွင် လူဦးရေ ၆၀၀၀ ကျော် ရှိသည်ဟု သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်းနှင့် ပြည်တွင်း ရွေ့ပြောင်းနေထိုင်သူ (IDPs) စခန်းများတွင် ရှမ်း၊ လားဟူ၊ အာခါ၊ ဝ၊ တအာင်း၊ ပအို့ဝ်၊ လီဆူ၊ ကရင်နှင့် တရုတ် စသည့် တိုင်းရင်းသားများ ရောနှောနေထိုင်ကြပြီး ၎င်းဒုက္ခသည်စခန်းများမှာ ကောင်းမုံမိန်း၊ လွိုင်တိုင်းလျန်း၊ လွိုင်လမ်၊ လွိုင်ဆမ်ဆစ်၊ လွိုင်ကော်ဝမ်း နှင့် ကုန်းကျော် ဒုက္ခသည်စခန်းတို့ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်း နှင့် ပြည်တွင်းရွေ့ပြောင်းနေထိုင်သူ ( IDPs) စခန်းများသည် ၁၉၉၉ ခုနှစ်တွင် စတင်ဖြစ် ပေါ်ပေါက်လာခဲ့ပြီး ၎င်းစခန်းများရှိ ဒုက္ခသည်များမှာ ၁၉၉၆၊ ၁၉၉၈ ခုနှစ်က ရှမ်းပြည်နယ် အတွင်းတွင် စစ်အစိုးရမှ ဒေသခံများအား အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူများ ဖြစ်သည်။