တကျော့ပြန် ကချင်စစ်ပွဲ ၈ နှစ်မြောက် အထိန်းအမှတ်ကျင်းပ
ကချင် စစ်ဘေးရှောင်များအတွက် အရေးပေါ် အကူအညီပေးကြရန် တောင်းဆို
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့။
ကချင်ပြည်နယ်တွင်ရှိသော စစ်ဘေးဒုက္ခသည်များကို ကမ္ဘာတစ်ဝှမ်းမှ ပိုမိုသိရှိလာပြီး အကူအညီများ ရရှိနိုင်ရန်အတွက် ပြည်ပတွင်ရောက်ရှိနေထိုင်ကြသော ကချင်လူမျိုးများက နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ရုံး (ICRC) သို့ စာတစ်စောင် သွားရောက်ပေးပို့ခဲ့သည်။
ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၌ ဖြစ်ပေါ်နေသော စစ်ပွဲအခြေအနေများနှင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒုက္ခသည် အခြေအနေများအပါအဝင် အကူအညီလိုအပ်နေမှုများရေးသား ထားသည့် စာအား ICRC ရုံးမှာ တာဝန်ရှိသူထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဦးဆောင်ပါဝင်သူ ဦးဂျွန်ဘိုင်း က “ကျနော်တို့ အဓိကကတော့ ဒီ တကမ္ဘာလုံးကနေပြီးတော့မှ ရှိတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးပေါ့လေ ကျနော်တို့ကချင်ပြည်နယ်မှာ ရှိနေကြတဲ့ ဒုက္ခရောက်နေကြတဲ့ လာရောက်ကူညီနိုင် ပံ့ပိုးပေးနိုင်ဖို့ရန် အတွက် အဓိက ဖြစ်ပါတယ်။” ဟု သတင်းထောက်များအား ပြောဆိုသည်။
ကချင်စစ်ဘေးဒုက္ခသည်စခန်း တစ်ရာကျော်တွင် နေထိုင်လျှက်ရှိသည့် စစ်ဘေးဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်သည် ယခုမိုးရာသီကာလတွင် နေထိုင်ရန် အမိုးအကာများ လိုအပ်ခြင်း၊ စာသင်ကြားရန်အတွက် သင်ကြားထောက်ကူပစ္စည်းများလိုအပ်ခြင်း၊ အစားအစာအတွက် ဖူလုံမှု မရှိခြင်း၊ ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်မှုများရှိနေသည်ဟုလည်း ပြောသည်။
“ကျနော်တို့ ဒီ မိုးတွင်းရောက်လာတဲ့အခါမှာ ဒီ IDP camp မှာရှိတဲ့ ကလေးတွေ အများကြီး စိုးရိမ်ပါ တယ်။ ဘာလို့လဲဆို ဝမ်းလျှောတာတို့ ရောဂါပိုးမွှား များလာမှာဖြစ်တယ် အဲ့ဒါကြောင့် အဲ့မှာ ကြက်ခြေနီ အသင်းတွေကလည်း ဝင်ပြီးတော့မှ ပါဝင်ကူညီပေးရင် ကောင်းတယ်၊ ပြီးတော့မှ အဲ့ဒီမှာ အစားအသောက်ဟာလည်း သူတို့ ငတ်ပြတ်တာ အများကြီး ရှိပါတယ်၊ ဘာဖြစ်လို့ဆိုတော့ ဒီ အစိုးရဖက်မှာ IDP လည်းရှိတယ် ပြီးတော့မှ KIO ဘက်မှာရှိတဲ့ IDP လည်းရှိတယ် အကုန်လုံးက ဒုက္ခရောက်နေတဲ့လူတွေကြည့်ပဲ အဲ့ဒါကြောင့် အတူတူ ဒုက္ခရောက်နေတဲ့အတွက်ကြောင့်မိုလို့ ကျနော်တို့က ဒီလူတွေ အကုန်လုံးကိုပေါ့နော် ကူညီပေးဖို့ရန်အတွက်”ဟု ဦးဂျွန်ဘိုင်း မှ ဆက်ပြောသည်။
ကချင်စစ်ဘေးဒုက္ခသည်များအား ကူညီပံ့ပိုးနိုင်ရန် ပေးအပ်ခဲ့သောစာအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ICRC ရုံးမှ တာဝန်ရှိသူတစ်ဦး က လက်ခံရယူခဲ့ပြီး စာနဲ့ပတ်သက်၍ “သူတို့က ဘာပြောလဲဆိုတော့ ဒီဥစ္စာ က ကျနော်တို့ ဒီလို လက်ခံထားပါမယ်တဲ့၊ အဲ့ဒါပဲ ပြောပါတယ်။ သူတို့ နားလည်သဘော ပေါက်တယ်ဆိုတဲ့အကြောင်းလည်း ဝမ်းသာတယ်၊ ခင်ဗျားတို့ လာပြတဲ့အတွက်လည်း အဲ့ဒါပေါ့ အကြောင်းအရာတွေပေါ့ ကျနော်တို့ လက်ခံထားပါမယ် ဆိုတဲ့အကြောင်းပဲ ပြောပါတယ်။”ဟု သွားရောက်ပေးအပ်ခဲ့သည့် ဦးဂျွန်ဘိုင်း မှ ပြောသည်။
ကချင်တစ်ကျော့ပြန်စစ် ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည့် ဇွန်လ ၉ ရက်နေ့ ညတွင်လည်း ချင်းမိုင်မြိုရှိ Holiday Garden Hotel တွင် ကချင်စစ်ဘေးဒုက္ခသည်များနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ခုကျင်းပခဲ့ပြီး ဒုက္ခသည်များအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့သည်။
အခမ်းအနား ဦးဆောင်ကျင်းပသူ ဦးနော်လတ် မှ “ကျနော်တို့ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ စစ်ဖြစ်ပြီးမှ ကျနော်တို့ဆီမှာ ဒီ စစ်ပြေးဒုက္ခသည်တွေ တစ်သိန်းနှစ်သောင်းကျော် ကျနော်တို့ဆီမှာ ရှိပြီး ဒါပေမယ့် အခု ဒီနေ့ အချိန်အထိ သူတို့ရဲ့ ဘ၀ အခြေအနေက တိုးတက်လာခြင်း မရှိသေးဘူး၊ ပြီးတော့ တဖြည်းဖြည်း နဲ့ ဆုတ်ယုတ်လာတဲ့ အခြေအနေကို ကျနော်တို့ တွေ့နေရတယ် အဲ့ဒါကြောင့်မို့ ကျနော်တို့ နိုင်ငံခြားမှာနေတဲ့ ကျနော်တို့ သွေးချင်းတွေ ကျနော်တို့ ကချင်လူမျိုးတွေအနေနဲ့ ဒီကျနော်တို့ရဲ့ ညီအကိုတွေကို စာနာထောက်ထားတဲ့ သဘောရယ်၊ ကျနော်တို့ သတိယနေတယ်ဆိုတဲ့ဟာကို ပြချင်တဲ့ အတွက်ကြောင့်မို့ရယ် ပြီးတော့ နိုင်ငံတကာရဲ့ အကူအညီတွေလည်း ပြန်လည် ဒီထက် ပိုပြီးမှ ရရှိအောင် မျှော်လင့်ချက်နဲ့ ဒီပွဲကိုလုပ်ခြင်းဖြစ်တယ်။” ဟု သတင်းထောက်များအား ပြောသည်။
ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်စစ်ပွဲကြောင့် ကျေးရွာ ၃၆၀ ကျော်မှ ဒေသခံပြည်သူ တစ်သိန်းနှစ်သောင်းကျော်သည် ဒုက္ခသည် စခန်းပေါင်း တစ်ရာကျော်တွင် နေ့စဉ်ဘ၀ ရှင်သန်နေထိုင်နိုင်ရေးအတွက် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ဖြေရှင်းနေကြရသည်ဟုလည်း ဦးနော်လတ် မှ ဆက်ပြောသည်။
ကချင် တစ်ကျော့ပြန်စစ် ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် နိုင်ငံတကာ ကချင်ကွန်ဂရက်၏ ထုတ်ပြန်ချက်တွင် နေရင်းရပ်ရွာဒေသများသို့ မိမိတို့သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိရှိဖြင့် နေရပ်ပြန်နိုင်ခြင်းမရှိသေးသည့် ကာလတလျောက် ကချင်ပြည်နယ်နှင့် အခြားတိုင်းရင်းသားနယ်မြေဒေသများရှိ စစ်ပြေးဒုက္ခသည်များအား လုံလောက်သည့် လူသားချင်း စာနာထောက်ထားရေး အကူအညီများကို နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှ တဆင့် ထောက်ပံ့ရန် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အရေးပေါ် တောင်းဆိုထားသည်။
ကချင်ပြည်နယ်တွင် မြန်မာ့တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့တို့ ၁၉၉၄ ခုနှစ် တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် ချူပ်ဆိုခဲ့ပြီးနောက် ၁၇ နှစ် အကြာတွင် နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုများ ပြင်းထန်လာခဲ့ပြီးနောက် ဒေသခံပြည်သူများသည် အိုးအိမ်စွန့်၍ စစ်ပြေးဒုက္ခသည်များအဖြစ် ယနေ့အချိန်ထိ တိမ်းရှောင်နေကြရသည်။