မွန်အစိုးရအား အဂတိလိုက်စားမှု ကော်မရှင်ထံ တိုင်ကြား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်။
မွန်ပြည်နယ် အစိုးရအား စစ်ဆေးရန် အဂတိလိုက်စားမှု ကော်မရှင်အား ဒေသခံ ၉ ဦးတို့က တိုင်ကြားခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းမှုရှိ မရှိ စုံမစမ်းစစ်ဆေးပေး နိုင်ရန် နှင့် လိုအပ်သလိုအရေးယူဆောင်ပေးနိုင်ရန် ဒေသခံ ၉ ဦး တို့က ဇွန်လ ၁၈ ရက်နေ့ (ယမန်နေ့) က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီထံ တိုင်ကြားခဲ့သည်။
တိုင်စာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲသို့ ပေးပို့ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးသို့လည်း ပေးပို့ထားသည်ဟု တိုင်ကြားသူများက ပြောသည်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းက အောင်သပြေ-နှစ်ကရင်လမ်း လမ်းခင်းရာတွင် တင်ဒါမခေါ်ပဲ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းနှင့် ကျိုက်ထီးရိုးအမှိုက်ဖျက်စီးစက်ကို ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော်လည်း လုပ်ငန်းပြီးခါနီးတွင် ဘုရားဂေါပကရန်ပုံငွေမှ တဝက်ကျခံစေသည့်ကိစ္စနှင့် ပတ်သက်ပြီး တင်ဒါလုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီမှုမရှိသည့်အပေါ် စုံစမ်းစစ်ဆေးပေးနိုင်ရန်နှင့် လိုအပ်သလို အရေးယူပေးနိုင်ရန် တိုင်ကြားထားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် တိုင်ကြားသူများက ပြောသည်။
ဘတ်ဂျက်ကျပ်သန်း (၁,၀၀၀) ဖြင့် ဆောင်ရွက်စေခဲ့သည့် အောင်သပြေ-နှစ်ကရင်လမ်းကို တင်ဒါမခေါ်ပဲ Southern Myanmar Development Co.Ltd, အား လုပ်ပိုင်ခွင့်ပေးခဲ့သည်နှင့် ပတ်သက်ပြီး မေလ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက်အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက မေးခွန်းမေးမြန်းခဲ့သည်။
ယင်းမေးခွန်းအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှုတ်မိန့်ခွင့်ပြုချက်နှင့် တင်ဒါမခေါ်ပဲ ကုမ္ပဏီကို လုပ်ငန်းဆောင်ရွက်စေခဲ့သည်ဟု ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြန်လည်ဖြောကြားထားခဲ့သော်လည်း ဇွန်လ ပထမအပတ်အတွင်းက ပြည်နယ်အစိုးရ၏ တတိယတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲမှာတော့ အဆိုပါကိစ္စသည် ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ခဲ့သည်ဟု ပြန်လည်ဖြေကြားထားသည်။
ထိုအတူ ကျိုက်ထီးရိုးအမှိုက်ဖျက်ဆီးစက်ကို ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် တင်ဒါခေါ်ခဲ့သော်လည်း လုပ်ငန်းပြီးခါနီးတွင် ကုန်ကျငွေတစ်ဝက်အား ဘုရားရန်ပုံငွေမှ ရယူသုံးစွဲခဲ့သည့်အပေါ် မေလ ၇ ရက်နေ့က ကျင်းပ ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကပင် မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
“တင်ဒါကိစ္စက လွှတ်တော်မှာ ဆွေးနွေးပြီးကတည်းက နားစွင့်နေတာ ဘာမှ မထူးလာဘူး၊ အခု အဂတိ ကော်မရှင်ကို တိုင်လိုက်ပြီးဆိုတော့ တစ်ခုခုတော့ ထူးမယ်ထင်တယ်၊ ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေက မဟုတ်နေဘူးလေ” ဟု ဒေသခံတစ်ဦးလည်းဖြစ်၊ အဆိုပါကိစ္စရပ်အား စောင့်ကြည့်နေသူလည်းဖြစ်သည့် နိုင်မွန်ချမ်း က ပြောသည်။
အဆိုပါကိစ္စကို ပြည်သူအား ပွင့်လင်းမြင်သာမှုရှိစွာ ချပြရှင်းလင်းရန် မွန်ညီညွတ်ရေးပါတီ တည်ထောင်သူများကလည်း ထုတ်ပြန် တိုက်တွန်းထားသည်။
မေလ ၂၇ ရက်နေ့က ထုတ်ပြန်သည့် မွန်ညီညွတ်ရေးပါတီ၏ ထုတ်ပြန်ချက်ထဲတွင် အဆိုပါကိစ္စရပ်အား တစ်စုံတစ်ရာ ကိုင်တွယ်ဆောင်ရွက်ခြင်းမရှိပဲ အချိန်ဆွဲကာ ဖုံးကွယ်ထားခြင်းသည် အစိုးရနှင့် လွှတ်တော်ကြား ပွတ်တိုက်မှု ပိုမိုမြှင့်တက်လာစေနိုင်သည့်အပြင် ဒီမိုကရေစီကျင့်စဉ်အရ မဏ္ဍိုင်နှစ်ရပ်ကြား အပြန်အလှန် ထိန်းကျောင်းမှု အားနည်းသွားစေနိုင်သည်ဟု ထောက်ပြထားသည်။
အဆိုပါလမ်းပိုင်းသည် ၂၀၁၈ ခုနှစ်၊ ၆ လ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် ဘဏ္ဍာန်ပုံငွေ ကျပ်သန်း (၁၀၀၀) ဖြင့် ခွင့်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။