ကျောက်တော်မြို့နယ်အတွင်း ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ဆက်လက် နှုတ်ထွက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်မှ နှုတ်ထွက်မှုဆက်လက် ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။
ဇွန်လ ၄ ရက်နေ့က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၆ ဦး နှုတ်ထွက်စာတင်ထားခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူး ၁၁ ဦး ထပ်မံ နှုတ်ထွက်စာ တင်ခဲ့သည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်မှ နှုတ်ထွက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေရခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည့်အပြင် လုံခြုံရေးစိုးရိမ်ချက်များကြောင့် ဖြစ်သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပြောသည်။
“ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေမှာ အပြစ်ရှိတယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ပေါ့၊ တိုင်ပြီးမှ လာဖမ်းပေါ့၊ ဥပဒေနဲ့အညီလုပ်ပေါ့။ ထောင်ပို့ရမယ့်လူကို ထောင်ပို့ပေါ့၊ အချုပ်ကိုပို့ရမယ့်လူကိုပို့ပေါ့၊ အခုက အဲ့လိုမျိုး မဟုတ်ပါဘူး။ ရဲမဟုတ်ပဲ တပ်က ဝင်ဖမ်းတယ်။ ပြီးမှ လေးငါးခြောက်ရက်ကြာမှ အချုပ်ထဲကို ရောက်တယ်။ ဆိုတော့ ဒါမျိုးတွေ တစ်ယောက်ပြီးတစ်ယောက် ထပ်ဖြစ်လာမှာစိုးရိမ်လို့ အကုန်လုံးက ကြောက်လန့်ပြီးတော့ နှုတ်ထွက်တာပါ” နှုတ်ထွက်စာတင်ထားသည့် ဗိုလ်မင်းကျေးရွာမှ ဦးထွန်းဝင်း က ပြောသည်။
ကျောက်တော်မြို့နယ်အတွင်းက ဗိုလ်မင်းရွာ၊ အုပ္မတီးရွာ၊ ရှောက်ချောင်းရွာ၊ ကျောက်ဖြူရွာ၊ သံေတောင်ရွာအပါ အဝင် ကျေးရွာပေါင်း ၁၁ ရွာက အုပ်ချုပ်ရေးမှူးများက ဇွန်လ ၁၇ ရက်နေ့က နှုတ်ထွက်စာ တင်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကို သက်သေမရှိပဲ ညဆိုရင် ဝင်ပြီးတော့ ဖမ်းတယ်။ ပျောက်သွားတဲ့လူတွေလည်း ရှိတယ်။ တပ်ကဖမ်းတာလား၊ ဘယ်က ဖမ်းတာလားလည်း မသိပါဘူး။ တချို့လည်း လေးငါးခြောက်ရက်မှ အချုပ်ထဲကို ရောက်လာတယ်။ အဲ့ လိုမျိုးတွေ မကြာမကြာဖြစ်တော့ ကြောက်လို့ အုပ်ချုပ်ရေးမှူး မလုပ်ချင်တော့ဘူး။ စိတ်ပျက်လာတယ်။ လုံခြုံမှု မရှိတော့ဘူး” ဟု ဦးထွန်းဝင်းက ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံရွာသားများအား ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်နွယ်နေသည်ဆိုသည့် အချက်ဖြင့် တပ်မတော်က ဖမ်းဆီးမှုရှိနေတာကြောင့် စိုးရိမ်ပြီး နှုတ်ထွက်စာများ ဆက်တိုက်တင်နေရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကျောက်တော်ဒေသခံ ဦးကျော်လှမြင့်က “လောလောဆယ်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာထဲက ဒုတိယမဲအများဆုံးရတဲ့လူတွေကို ကျေးရွာမှာ ခန့်အပ်တာဝန်ပေးမယ်လို့ အဲ့လိုပြောပြီးတော့ ခေါ်ယူခဲ့တယ်လိ့ု လည်း သိရတယ်။ ဒါပေမယ့် အဲ့ဒီခေါ်ယူမှုအပေါ်မှာ ကျေးရွာမှာ ဒုတိယ မဲအများဆုံးရတဲ့လူတွေကလည်း ဘယ် သူကမှ ဘယ်တစ်ယောက်ကမှ မလုပ်ပဲရှိနေကြပါတယ်” ဟု ပြောသည်။
မေလ ၁၅ ရက်နေ့နှင့် မေလ ၂၉ ရက်နေ့က တပ်မတော်က ဖမ်းဆီးသွားသည့် ရာအိမ်မှူး ဦးသိန်းစိုးအောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်၊ ဒေသခံရွာသား ဦးကျန်းသိန်းအောင်တို့အား ပြန်လွှတ်ပေးပါက တာဝန်များကို ပြန်လည်ထမ်းဆောင်မည်ဟု နှုတ်ထွက်စာတင်ထားသည့် အုပ်ချုပ်ရေးမှူးများက ပြောသည်။
“ဒီဖမ်းဆီးခံထားရတဲ့ မင်းသားတောင် အုပ်ချုပ်ရေးမှူးနဲ့ တခြားလူတွေကို ပြန်လွှတ်ပေးဖို့ပါ။ ရွာကလည်း ပြောတယ် အားလုံးကလည်းပြောတယ်၊ သူတို့မှာ အပြစ်မရှိဘူးလို့ ပတ်ဝန်းကျင်ကလည်း ပြောပါတယ်။ ဒါကြောင့် ဒီလိုအပြစ်မရှိဘူးဆိုရင် ပြန်လွှတ်ပေးပါ၊ နောက်နောင်လည်း ဒီလို ကျနော်တို့ကို တာဝန်ရှိတဲ့နေရာမှာ တာဝန်ရှိတဲ့လူတွေက ဥပဒေအရ ဖမ်းများမျိုးတွေ၊ အကြောင်းကြားတာမျိုးတွေလုပ်ပေးပါ၊ ဥပဒေမဲ့ ညအချိန် မတော်ဖမ်းတာမျိုးတွေ လုပ်ဖို့ပါ။ အဲ့ဒါဆိုရင် ကျနော်တို့အကုန်လုံးက တာဝန်ပြန်ထမ်းဆောင်မယ်ဆိုတာမျိုး ပြောထားကြပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက ဆက်ပြောသည်။
ကျောက်တော်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာ တင်ထားမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တပ်မတော် တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရပေ။
ကျောက်တော်မြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာအနီး ဇွန်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ရက္ခိိုင့်တပ်တော်(AA) တို့ကြားက တိုက်ပွဲအပြီး ကျောက်ဆည်ပြင်ကျေးရွာအတွင်းနှင့် အနီးတဝိုက်တွင် လိုက်လံရှာဖွေခဲ့ရာ ရွာသားများနှင့်အတူ မသင်္ကာဖွယ်လူငယ် အမျိုးသား ၂၅ ဦးအား တွေ့ရပြီး ထိန်းသိမ်းထားပြီး နောက် ဇွန်လ ၁၄ ရက်နေ့က ကျောက်တော် မြို့မ ရဲစခန်းသလို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ၄ ဦးကို တပ်မတော်က ဖမ်းဆီးခံခဲ့သည့်အတွက် မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ ခန့်က မတ်လ (၁) ရက်နေ့က နှုတ်ထွက်စာတင်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ပြီးဖြစ်သည်။