တပ်မတော် ထိန်းချုပ်နယ်မြေတွင် ဘိန်းခင်းအများဆုံး ရှိနေကြောင်း KIO အစီရင်ခံစာကဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ဘိန်းခင်း ဟတ်တာ ၁၀၁၁၀ ဒဿမ ၆၃ ရှိပြီး တပ်မတော်၏ ထိန်းချုပ်ရာ နယ်မြေထဲမှာ အများဆုံးဖြစ်သည် ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ မူးယစ်ဆေးဝါး ကင်းစင်ရေး ကော်မတီက ထုတ်ပြန်လိုက်သည်။
ကချင်ပြည်နယ်တွင် ဘိန်းခင်း ၆၉၁၈ ဒဿမ ၂၃ ဟတ်တာရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၃၁၉၂ ဒဿမ ၄ ဟတ်တာရှိသည် ဟု (KIO)၏ မူးယစ်ဆေးဝါးကင်းစင်ရေး ကော်မတီက ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ် မြန်မာ့ဘိန်းစိုက်ပျိုးမှုကို ဖော်ပြသည့် ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေး ဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC ၏ ထုတ်ပြန်ချက်ထက် နှစ်ဆ ရှိသည်ဟု ထုတ်ပြန်ထားသည်။
KIO ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ကတော့ ကွာခြားတာကတော့ ကျနော်တို့ ကချင်ပြည်နယ်ဘက်မှာပေါ့နော် သူတို့ကောက်တဲ့စာရင်း ထက် နှစ်ဆတိုးနေတာ။ ဒါက မနှစ်တုန်း က ကောက်တဲ့စာရင်းနဲ့ ဒီနှစ်ကောက်တဲ့စာရင်း ပိုများတာပေါ့နော်။ ဒုတိယအချက်ကတော့ သူတို့ကလည်းပဲ တကယ်စစ်မှန်တဲ့စာရင်းဇယားတွေ ဖြစ်တယ် မဖြစ်ဘူးဆိုတာ ကျနော်တို့လည်း အတိအကျပြောဖို့တော့ ခက်တယ်။ ဒါကဆက်ပြီးမှ ဆာဗေးပြန်လုပ်ရတာပေါ့။ ဒီကွာခြားချက် တွေ နှိုင်းယှဉ်လို့ရမယ်လိ့ု ထင်ပါတယ်” ဟု ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ မူးယစ်ဆေးဝါးကင်းစင်ရေး ကော်မတီက ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက် သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၁၉ မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု အခြေအနေနှင့် ဒေသတွင်း မူးယစ်ဆေးဝါးအခြေအနေများကို လေ့လာစစ်တမ်းများ ကောက်ယူပြီး အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အစီရင်ခံစာအရ UNODC ၏ ဇန်နဝါရီလက ထုတ်ပြန်သည့် ထုတ်ပြန်ချက်နှင့် ကွာခြားမှုများ ရှိနေသည်။
UNODC ၏ ထုတ်ပြန်ချက်တွင် KIO/KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ရာ ဒေသများတွင် ဘိန်းစိုက်ပျိုးမှု မြင့်မားနေကြောင်း ထုတ်ပြန်ထားပြီး KIO ၏ ထုတ်ပြန်ချက်ထဲတွင် တပ်မတော်၊ ပြည်သူ့စစ်တပ်ဖွဲ့များ၊ နယ်ခြားစောင့်တပ်ဖွဲ့များ ထိန်းချုပ်ရာဒေသများတွင် ဘိန်းများ စိုက်ပျိုးထုတ်လုပ်နေသည်ဟု ဖော်ပြထားသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီးဇော်မင်းထွန်းက ၁၉၇၅ ခုနှစ်မှ စတင်၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမျာကို ဆောင်ရွက်နေကြောင်း၊ တပ်မတော်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြတ်ပြတ်သားသား တားမြစ်အရေးယူမှုများရှိကြောင်းနှင့် အစိုးရထိန်းချုပ်ရာ ဒေသများတွင် ဘိန်းစိုက်ပျိုးနေ ခြင်းမရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ အသွင်းပြောင်းလာသည့် ပြည်သူ့စစ်များက ဘိန်းစိုက်ပျိုး မှုမျိုးသာ ဖြစ်နိုင်သည်ဟု သတင်းမီဒီယာများတွင် ဖြေဆိုထားသည်။
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာကို ထိရောက်စွာ ဖြေရှင်းလိုပါက “ဘိန်းခင်းတွေ တိုးတာတွေ၊ မူးယစ် ဆေးဝါးတွေ တိုးတာတွေကတော့ တပ်မတော်က ဒီပြည်သူ့စစ်တွေကို BGF တွေကို အခွင့်အရေးပေးထားတာ အဲ့ဒါကြောင့် ဖြစ်နေတာ။ ဒါကြောင့် အဲ့ဒါတွေ မပေးပဲ ပိတ်လိုက်လို့ရှိရင်တော့ ကျနော်တို့ မြန်မာပြည်ရဲ့ မူးယစ် ဆေးဝါးပြဿနာတွေ တော်တော်လေးလျော့ကျသွားမယ်လို့ ယုံကြည်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြော သည်။
“တပ်မတော်ကိုလည်း အပြစ်တင်တာမဟုတ်ဘူး၊ သူတို့ကို အပြစ်ဖို့တာလည်း မဟုတ်ပါဘူး။ စိတ်ဆိုးတာလည်း မဟုတ်ပါဘူး။ UNODC ကိုလည်း အပြစ်တင်တာမရှိဘူး။ သူတို့လည်း တကယ့်မြေပြင်က အချက်အလက်တွေကို နားလည်ဖို့တော့ လိုမယ်လို့ ထင်တယ်။ တပ်မတော်မှာလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပေါ်လစီတွေရှိ တယ်။ အစိုးရမှာလည်း ရှိတယ်။ ဒါပေမယ့် အဲ့ဒီပေါ်လစီနဲ့ လက်တွေ့ပေါ့နော် မြေပြင်က အခြေအနေ ဘယ် လောက်ကွာဟနေလဲဆိုတာကတော့ သူတို့ကလည်း သဘောထားကောင်းစွာနဲ့ ကော်မရှင်တွေဖွဲ့ ပြီးတော့ စီစစ် ဖို့တော့ လိုမယ်လို့ ကျနော်ထင်ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ဒီထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်းပါပဲ အားလုံး ကတော့ ဝိုင်းဝန်းပြီးမှ ဒီမူးယစ်ဆေးဝါးကို တိုက်ဖျက်မှ တိုင်းပြည်အတွက် ကောင်းမယ်လို့ ဒါကိုပဲ ကျနော်တို့ လိုလားပါတယ်။”
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်သည့် UNODC ၏ “Myanmar Opium Survey 2018” အစီရင်ခံစာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ နယ်မြေတွင် ဘိန်းစိုက်ပျိုးမှု ပိုမိုတိုးများလာနေ သည်ဟု ဖော်ပြခဲ့သည်။ ထိုအစီရင်ခံစာထဲတွင် မြစ်ကြီးနားမြို့၏ အရှေ့ဘက်တွင် တည်ရှိသည့် ဆဒုံးဒေသနှင့် တနိုင်းဒေသတို့သည် ဘိန်းစိုက်ပျိုးမှု ပမာဏ အမြင့်ဆုံးဒေသဖြစ်သည် ဟု ဖော်ပြခဲ့သည်။ ထိုအစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် KIO က UNODC ၏ တွေ့ရှိချက်များ လက်တွေ့နှင့် လွဲမှားနေသည်ဟု တုန့်ပြန်ခဲ့သည်။
ယခု KIO ၏ ထုတ်ပြန်ချက်ထဲတွင် ဘိန်းစိုက်ဧရိယာများ မှာ တပ်မတော်ထိန်းချုပ်ရာ နေရာများ၊ ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ်များ ထိန်းချုပ်ရာဒေသများတွင်ဖြစ်ပြီး တနိုင်း၊ ရှင်ဘွေယန်၊ ဆဒုံးနှင့် ကန်ပိုင်တီး ဒေသများ တွင်သာမကပဲ ပူတာအိုနှင့် ဆွမ်ပရာဘွမ် ဒေသများ တွင်လည်း ဘိန်းများ စိုက်ပျိုးလျှက်ရှိသည်ဟု ထုတ်ပြန် ထားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ ကွန်လုံ၊ တန့်ယန်းနှင့် လားရှိုး ဒေသများတွင် စိုက်ပျိူး လျှက် ရှိပြီး ပန်းဆေးပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ်၊ လုံထန်ပြည်သူ့စစ်၊ ရှောက်ဟော့ ပြည်သူ့စစ်၊ ကွန်လုံ အထူး တိုက်ခိုက်ရေး ရဲတပ်ဖွဲ့ (ခေါ်) ကွန်လုံပြည်သူ့စစ်၊ မုံးစီးပြည်သူ့စစ်နှင့် တန့်ယန်းပြည်သူ့စစ် အစရှိသည့် ပြည်သူ့ စစ်များ၏ နယ်မြေများတွင် စိုက်ပျိုး ထားသည်ဟု (KIO)၏ မူးယစ်ဆေးဝါး ကင်းစင်ရေး ကော်မတီက ထုတ်ပြန် ချက်ထဲတွင် ထည့်သွင်းထားသည်။
ဖားကန့်ကျောက်စိမ်းမှော်၊ တနိုင်းဒေသရှိ ရွှေမှော်၊ ပယင်းမှော်များတွင် မူးယစ်ဆေးဝါးကို လွတ်လပ်စွာ ရောင်း ချနိုင်အောင် တပ်မတော်နှင့် ပြည်သူ့စစ်များက ကာကွယ်ပေးနေပြီး ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိဘူးဟု KIO ၏ ထုတ်ပြန်ထားသည်။
တနိုင်းဒေသက မူးယစ်ဆေးဝါးအခြေအနေနှင့် ပတ်သက်၍ ကချင်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့မှ ဦးနော်တောင်က “ တနိုင်းမှာ တော်တော်လေးကို ဆိုးရွာနေတယ်။ မှော်ဆိုရင် ပယင်းမှော် ထန်းပရားမှော် တွေမှာဆိုရင် မူးယစ်ဆေးက ပိုပြီးဈေးပေါနေသလိုဖြစ်နေတယ်။ သုံးစွဲတဲ့လူတွေလည်း ဒီတိုင်းပဲ နေရာစနစ် တကျလုပ်ပြီး သုံးစွဲနေတာမျိုးတွေ့ရတယ်။ တနိုင်းမြို့ပေါ်ကလူတွေလည်း အဲ့ဒီကို သွားပြီး သုံးစွဲနေကြတယ်။ အဲ့နေရာတွေက အရင်နှစ်တွေက တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာဆိုတော့ အခုက စစ်တပ်ကလည်း ရှိနေတယ်။ လုံခြုံရေးအရက ဒီဘက်က ရဲတွေကလည်း သွားလို့မရဘူး အဲ့လိုကြားနေနေရာမျိုးမှာ ပိုဆိုးတယ်။ ဒီ ၂၀၁၈-၁၉ မှာ ဘိန်းစိုက်ဧကလည်း အခုဆိုရင် ဧက ၁၀၀၀ ကျော်ကနေ ၂၀၀၀ ဝန်းကျင်လောက် ရှိလာနေတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံထဲတွင် မူးယစ်ဆေးဝါးပြဿနာမှာ ဖြေရှင်းရန် ခက်ခဲပြီး လက်ရှိတွင် လွန်စွာဆိုးရွားသည့် အခြေ အနေမျိုး ရောက်နေသည့်အတွက် သတင်းအချက်အလက်အမှန်ရဖို့ လိုအပ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
“အဓိက ရည်ရွယ်ချက်တော့ ဒီတိကျတဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရဖို့ပေါ့နော် ဒီသတင်းအချက် အလက်ဆိုတာက မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ပေါ့။ အဲ့ဒါတွေ ရဖို့ မျှော်လင်လို့ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ရ တာပါ။ နောက်ပြီးတော့ ဒီမူးယစ်ဆေးဝါးတွေကို နည်းလမ်းမှန်နဲ့ ဖြေရှင်းနိုင်ဖို့အတွက်၊ အားလုံးပြည်သူလူထုက လည်းပဲ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်းပဲ ဝိုင်းပြီး ကူညီကြဖို့ တုန့်ပြန်ဖို့ ကျနော်တို့ မျှော်လင့်ပါ တယ်” ဟု ပြောသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ KIO သည် ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ကော်မတီ ( Drugs Eradication Committee ) စတင်ဖွဲ့စည်းထားပြီး ၎င်းတို့ ထိန်းချုပ်ရာဒေသအတွင်း မူးယစ်ဆေးဝါး တိုက် ဖျတ်ခြင်း၊ ဖြန့်ဖြူးရောင်းချသူများအား အပြစ်ပေးခြင်း၊ သုံးစွဲသူများအား ပြန်လည်ပြုပြင်ပေးရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်ဟု KIO/KIA က ပြောသည်။