စစ်တမ်း အချက်အလက်ကွဲပြားခြင်းမှာ ကာလနှင့် နည်းနာကွဲပြားခြင်းကြောင့်ဟု UNODC တုန့်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ မူးယစ်ဆေးဝါး ကင်းစင်ရေး ကော်မတီက ထုတ်ပြန်ချက်နှင့် ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေး ဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC ၏ ထုတ်ပြန်ချက် ကွာခြားနေရခြင်းမှာ အချိန်ကာလ မတူညီမှုအပြင် လေ့လာပုံများ၊ နည်းလမ်းများ မတူညီခြင်းတို့ကြောင့် ဖြစ်သည်ဟု UNODC က ဇွန်လ ၂၇ ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

“KIO စစ်တမ်းအပေါ် မိမိတို့ ကြည့်ရှုပြီးဖြစ်ပြီး ယင်းသည် လုံးဝမတူညီသော အချက်အလက် ကောက်ယူမှုဖြစ်ကာ ကောက်ယူသော ကာလနှင့် နည်းလမ်းမတူညီပါ” ဟု UNODC က ထုတ်ပြန်ထားပြီး “စစ်တမ်းနှစ်ခု ခြားနားချက်မှာ အတိအကျအားဖြင့် UN စစ်တမ်းသည် လွပ်လပ်ပြီး လူထုအတွင်း ကောက်ယူရန် လိုအပ်ချက်ကို ပြသနေပါသည်” ဟုလည်း UNODC ၏ ထုတ်ပြန်ချက် အဆုံးပိုင်းတွင် ရေးသားထားသည်။

UNODC ၏ စစ်တမ်းကောက်ယူမှုမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် မတ်လအတွင်းဖြစ်ပြီး KIO ၏ စစ်တမ်းကောက်ယူမှုမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် မတ်လအထိ ဖြစ်သည်ဟု UNODC က ပြောသည်။

UNODC ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ကတော့ ကွာခြားတာကတော့ ကျနော်တို့ ကချင်ပြည်နယ်ဘက် မှာပေါ့နော် သူတို့ကောက်တဲ့စာရင်း ထက် နှစ်ဆတိုးနေတာ။ ဒါက မနှစ်တုန်းက ကောက်တဲ့စာရင်းနဲ့ ဒီနှစ်ကောက်တဲ့ စာရင်းပိုများနေတာပေါ့နော်။ သူတို့ကောက်တဲ့ စာရင်းက ၂၀၁၈ ခုနှစ်ပေါ့နော်၊ အဲ့ကစာရင်းလု့ိ တင်ထားတယ်။ ကျနော်တို့ ကောက်တာကတော့ ၂၀၁၉ ပေါ့၊ အဲ့ဒါမတူတာပေါ့ကွာ၊ UNODC ပြောတာလည်း မှန်ပါတယ်။ ဘာမှ စောဒကတက်စရာ မရှိပါဘူး အဲ့ဒီအပေါ်မှာ” ဟု ပြောသည်။

KIO အနေဖြင့် UNODC ၏ ထုတ်ပြန်ချက်မှာ မှန်ကန်သည် မမှန်ကန်သည်ကို တစ်စုံတစ်ရာ မှတ်ချက်မပြု လို ကြောင်း၊ KIO ၏ မူးယစ်ဆေးဝါး ကင်းစင်ရေး ကော်မတီ အနေဖြင့် လက်ရှိ မြေပြင်တွင် ဖြစ်ပေါ်နေသည့် အချက်အလက်များကို ပြည်သူတစ်ရပ်လုံးသာမက အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးက လက်ရှိမူးယစ်ဆေးဝါးပြဿနာများကို သိရှိပြီး ဝိုင်းဝန်းအဖြေရှာဖို့ ရည်ရွယ်ချက်ဖြင့်သာ ယခုထုတ်ပြန်ချက်ကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ပြောသည်။

“သူတို့ကလည်းပဲ တကယ် စစ်မှန်တဲ့စာရင်းဇယားတွေ ဖြစ်တယ် မဖြစ်ဘူးဆိုတာ ကျနော်တို့လည်း အတိအကျ ပြောဖို့တော့ ခက်တယ်။ ဒါက ဆက်ပြီးမှ ဆာဗေးပြန်လုပ်ရတာပေါ့။ ဒီကွာခြားချက်တွေ နှိုင်းယှဉ်လို့ရမယ်လိ့ု ထင်ပါတယ်။ ဒီထုတ်ပြန်ချက်ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ဒီတိကျတဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရဖို့ပေါ့နော် မျှော်လင့်လို့ ထုတ်ပြန်ရတာပါ။ နောက်ပြီးတော့ ဒီမူးယစ်ဆေးဝါးတွေကို နည်းလမ်းမှန်နဲ့ ဖြေရှင်းနိုင်ဖို့အတွက်၊ ပြည်သူလူထုကလည်းပဲ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်းပဲ ဝိုင်းပြီးတုန့်ပြန်ဖို့” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ပမာဏမှာ UNODC ၏ ထုတ်ပြန်ချက်ထက် နှစ်ဆရှိနေပြီး အဆိုပါ ထုတ်လုပ်မှုများမှာ တပ်မတော် ထိန်းချုပ်ရာ နယ်မြေများထဲတွင် အများဆုံး ဖြစ်နေသည်ဟု ထုတ်ပြန်ထားသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီးဇော်မင်းထွန်းက ၁၉၇၅ ခုနှစ်မှ စတင်၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများကို ဆောင်ရွက်နေကြောင်း၊ တပ်မတော်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြတ်ပြတ်သားသား တားမြစ်အရေးယူမှုများရှိကြောင်းနှင့် အစိုးရထိန်းချုပ်ရာ ဒေသများတွင် ဘိန်းစိုက်ပျိုးနေ ခြင်းမရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ အသွင်းပြောင်းလာသည့် ပြည်သူ့စစ်များက ဘိန်းစိုက်ပျိုးမှုမျိုးသာ ဖြစ်နိုင်သည်ဟု သတင်းမီဒီယာများကို ဖြေဆိုထားသည်။

ကချင်ပြည်နယ်အတွင်းတွင် ဘိန်းခင်း ၆၉၁၈ ဒဿမ ၂၃ ဟတ်တာ ရှိသည်ဟု (KIO)၏ မူးယစ်ဆေးဝါးကင်းစင်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ မူးယစ်ဆေးဝါးကင်းစင်ရေး ကော်မတီက ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက် သည့် အပြည်ပြည်ဆိုင်ရ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၁၉ မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု အခြေအနေနှင့် ဒေသတွင်း မူးယစ်ဆေးဝါးအခြေအနေများကို လေ့လာစစ်တမ်းများ ကောက်ယူပြီး Report တစ်စောင် ထုတ်ပြန်ခဲ့သည်။

“အကြံပြုချင်တာကတော့ ဗမာပြည်အစိုးရ Data အချက်အလက်တွေကို မသုံးရင်တော့ ပိုကောင်းမယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မူးယစ်ဆေးဝါးထုတ်လုပ်တာတွေ ဘိန်းခင်းစိုက်တာတွေကတော့ ဒီတပ်မတော်တွေအုပ်ချုပ်တဲ့နယ်မြေတွေ၊ နောက်တပ်မတော်လက်အောက်ခံ ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့ နေရာတွေမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီကိစ္စကိုတော့ ရှင်းရှင်းလင်းလင်းနားလည်လို့ရှိရင်တော့ အစိုးရ Data ကို မှန်သလား၊ မှားသလားဆိုတာကတော့ ပိုပြီးမှသိမယ်လို့ ကျနော်ထင်ပါတယ်။ အဲ့ဒါကြောင့် UNODC က ပြောတာလည်းပဲ လုံးဝလက်ခံလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က အစိုးရ ကောက်ထားတဲ့ဟာကိုပဲ သုံးနေလို့ ကျနော်က အဲ့ဒါပဲ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက အကြံပြုသည်။

KIO ၏ ဇွန်လ ၂၆ ရက်နေ့က Report ထုတ်ပြန်ချက်နှင့် UNODC ၏ ဇန်နဝါရီလက ထုတ်ပြန်သည့် ထုတ်ပြန် ချက်နှင့် ကွာခြားမှုများ ရှိနေသည်။ အဆိုပါ ထုတ်ပြန်ချက်နှစ်ခုတွင် ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ခင်း ဧရိယာများကွဲလွှဲနေခြင်း၊ နေရာဒေသအချို့ ကွဲလွှဲနေသည်။

ထို့အပြင် UNODC ၏ ထုတ်ပြန်ချက်တွင် KIO/KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ရာ ဒေသများတွင် ဘိန်းစိုက်ပျိုးမှု မြှင့်မားနေကြောင်း ထုတ်ပြန်ထားပြီး KIO ၏ ထုတ်ပြန်ချက်ထဲတွင် တပ်မတော်၊ ပြည်သူ့စစ်တပ်ဖွဲ့များ၊ နယ်ခြားစောင့်တပ်ဖွဲ့များ ထိန်းချုပ်ရာဒေသများတွင် ဘိန်းများ စိုက်ပျိုးထုတ်လုပ်နေသည်ဟု အပြန်အလှန်စွပ်စွဲထားကြသည်။