ဖားကန့်မြေပြိုမှု ရုပ်အလောင်း သုံးလောင်းတွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၅ ရက်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ယူနတီကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်အတွင်း မြေပြို ကျမှုကြောင့် ပျောက်ဆုံးနေသည့် လူလေးဦးထဲမှ သုံးဦး၏ ရုပ်အလောင်းများကို ဇူလိုင်လ (၁၅) ရက်နေ့ (ယနေ့) နံနက်ပိုင်းက တွေ့ရှိပြီဟု ဒေသခံများက ပြော သည်။

ယူနတီလုပ်ကွက်အတွင်း ဝင်ရောက်ကာ တစ်ပိုင်တစ်နိုင် ကျောက်တူးသမားများက ကျောက်တူးဖော်ရင်း မြေသားပြိုကျကာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မနက် ၇ နာရီလောက်ပေါ့၊ အဲ့မှာ အလောင်းသုံးလောင်းပြန်ပေါ်လာတယ်။ ပျောက်နေတာက (၄) ယောက်ပေါ့၊ အခုတွေ့တာက (၃) ဦးကရပြီးဆိုတော့ နောက်ဆုံး (၁) ယောက်ကတော့ ပျောက်နေတုန်းပဲ။ ကယ်ထုတ်တာကတော့ ကျနော်တို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းကလူတွေ၊ မီးသတ်က လူတွေပဲ ရပ်ကွက်က လူကြီးတွေပဲပေါ့နော်။ သက်ဆိုင်ရာကတော့ စာရင်းလာယူတယ်။ မြို့နယ် သက်ဆိုင်ရာ ကတော့ လာကူတာ မရှိသလောက်ပါပဲ” ဟု ဖားကန့်အခြေစိုက် Greenland သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး အဖွဲ့ တာဝန်ခံ ဦးနောင်လတ် က ပြောပါတယ်။

ယနေ့ နံနက်ပိုင်းက ဆယ်ယူရရှိခဲ့သည့် ရုပ်အလောင်းများမှာ နမ္မတီးမြို့ မှ ကိုဒွမ်ဆာတန် (အသက် ၂၀ နှစ်)၊ နောင်းမီကျေးရွာ မှ ကိုမဂေါင်တန်နန် (အသက် ၂၄) နှစ် နှင့် ရှမ်းမြောက်ဒေသ၊ မုံးကိုးမှ ဦးဆငန်းတန်ဂွမ်း (အသက် ၄၀) နှစ်တို့ ဖြစ်ကြသည်။ ကားမိုင်းမြို့မှ ကိုလဘန်တူးရိန် (အသက် ၂၄ နှစ်) မှာ ယနေ့အချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

ဟိုပင်မြို့မှ ကိုလခေါင်နော်ဆန့် (အသက် ၃၂) နှစ်မှာ အတွင်းလူနာအဖြစ် ဖားကန့်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှု ခံယူနေသည်ဟု ဖားကန့်အခြေစိုက် Greenland သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ က ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့က ဖားကန့်အနောက်ပိုင်း မှော်မောင်းလယန်ရွာ ယူနတီကျောက်မျက်ကုမ္ပဏီပိုင် လုပ် ကွက်အတွင်း ကျောက်တူးဖော်နေစဉ် မြေပြိုကျခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မြေသားပြိုကျခဲ့ခြင်းကြောင့် တစ်ပိုင်တစ်နိုင် ကျောက်တူးဖော်နေသူ ငါးဦး မြေသားများ ပိမိခဲ့ပြီး တစ်ဦး မှာ လွှတ်မြောက်လာခဲ့သော်လည်း လေးဦးမှာ မြေပိပြီး ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

“၁၃ ရက်နေ့က ဖြစ်တာလေ၊ အမြင့်ပေက တစ်ရာလောက် ရှိမယ်။ မြေပြိုကျတော့ အဲ့နားက ကျောက်တူးနေတဲ့လူတွေ ပါသွားတာပါ။ ဖြစ်ဖြစ်ချင်း ဒီအနားမှာရှိတဲ့ ရေမဆေးရှာနေတဲ့လူတွေက ဝိုင်းပြီး ဆယ်လို့ တစ်ယောက်ကလွတ်သွားတယ်။ ကျန်တဲ့လူတွေ (၄) ယောက်က မရတော့ဘူး။ ကယ်လို့မရဘူး၊ အန္တရာယ် အရမ်း များတော့ လူတွေလည်း မဆင်းရဲကြဘူး။ ဒီမှာက မြေပြိုပြီဆို ဘာမှလုပ်ချိန်မရဘူး။ ပြေးရတာ အကုန်လုံး။ ခနလောက်နေမှပဲ ပြန်သွားကြည့်ရဲတာလေ။ ရသလောက်တော့ ကူညီကြတာပဲ။ ဒီနေ့မနက်တော့ အလောင်း (၃) လောင်းထပ် တွေ့တယ်လို့ပြောတာပဲ ” ဟု ဒေသခံ တစ်ဦး က ပြောသည်။

ကျောက်ကျင်း၊ မြေစာများအနေအထားအရ လက်ရှိအနေအထားတွင် ပျောက်ဆုံးနေသည့် ရုပ်အလောင်းအားရှာဖွေရန် မဖြစ်နိုင်ဘူးဟု Greenland သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ပြောသည်။

“ဖြစ်တဲ့နေ့ကတော့ ရှာဖွေရေးတော့ ရသလောက်လုပ်ကြပါတယ်။ ဖြစ်တာက ဖားကန့်မြို့ ၊ မှော်မောင်းလ ယန်ဘက်က ယူနတီလုပ်ကွက်မှာ ဟုတ်တယ်။ အခုက ကျန်နေသေးတဲ့အလောင်းကတော့ ရှာဖွေရေးဆိုတာ ထက် ပေါ်လာဖို့ပဲ စောင့်နေကြရတာ။ တွင်းနက်ကြီးဆိုတော့ အန္တရာယ်က များတယ်ဆိုတော့လေ။ ကျနော် တို့ဒေသက ရှာဖွေကယ်ဆယ်ရေး ပစ္စည်း တွေကလည်း သိတဲ့အတိုင်း update မဖြစ်ဘူး။ ရှာဖွေရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကလည်းမရှိ၊ ဘက် ဟိုးတွေနဲ့ပဲ ရှာကြတာကိုး။ သူများနိုင်ငံလိုမှ မဟုတ်တာကိုး” ဟု ဦးနောင်လတ်က ပြောသည်။

မြန်မာ့ ကျောက်စိမ်း အဓိက ထွက်ရှိရာ ဖားကန့်ဒေသအတွင်း နှစ်စဉ် မြေပြို၊ ကျင်းပြို၊ နွံကန်ကျိုးဖောက်မှုများ ဖြစ်ပွားလျှက်ရှိပြီး လူအသေအပျောက် တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးလာသည်ဟု ဒေသခံများနှင့် ဒေသတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပြောသည်။

ဒေသအတွင်း ကျောက်တူးဖော်ရေး လုပ်ကိုင်နေကြသည့် ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများကလည်း ဥပဒေအတိုင်း လိုက်နာမှုမရှိသလို၊ အစိုးရပိုင်းမှလည်း ဥပဒေအရ ကိုင်တွယ်ဖြေရှင်းမှုအားနည်းခြင်း၊ ဥပဒေ စိုးမိုးမှု မရှိခြင်းတို့ကြောင့် အဆိုပါဖြစ်စဉ်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာရခြင်းဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

“လုပ်ကွက်တွေကလည်း ဖြစ်သလိုလုပ်ကြတာလေ။ မြေပြိုတယ်ဆိုတာ ကျနော်တို့ ဖားကန့်ဒေသရဲ့ ကုမ္ပဏီ တွေရဲ့ နောက်ဆက်တွဲ မဆင်မခြင်မှုတွေရဲ့ ရလာဒ်တွေပါပဲ။ အဲ့ဒါကို ထိန်းသိမ်းရမယ့်တာဝန်ကတော့ ဥပဒေနဲ့ ပဲ ထိန်းကျောင်းရမယ်။ ထိန်းသိမ်းရမယ်။အခု စပြီလေ မြေပြိုတာတွေက။ ကမ်းပါးတို့ ကမ်းပါးယံတို့မှာ တူးတော့ မြေကြောမြေသားတွေကလည်း ပျော့၊ ပြီးရင် မိုးကလည်းရွာတော့ ပြိုကျတာပေါ့။ ကွဲအက်တဲ့နေရာတွေ ကနေ ပြို၊ အက်ကြောင်းကြီးတွေနဲ့ ကြောက် စရာကြီး။ ဖားကန့်မှာက ဖြစ်လေ့ဖြစ်ထရှိတာက အဲ့ပုံစံအတိုင်းပဲ ဖြစ်နေတာပါ။ နှစ်စဉ်နှစ်တိုင်းဖြစ်နေတာ” ဦးနောင်လတ်က ပြောသည်။

ယခုနှစ် ဧပြီလ (၂၂) ရက်နေ့ကလည်း ဖားကန့်မြို့ ၊ မှော်ဝမ်းရပ်ကွက်၊ မှော်ဝမ်းကလေးကျေးရွာအနီး ယူနတီ ကျင်းဟောင်းမှ ကန်ပြိုကျခဲ့မှုကြောင့် ကုမ္ပဏီနှစ်ခုဖြစ်သည့် မြန်မာသူရနှင့် ရွှေနဂါးကိုးကောင် ကုမ္ပဏီ က ကုမ္ပဏီ ဝန်ထမ်း (၅၀) ကျော်၊ ဘက်ဟိုးကား (၁၆) စီး၊ မြေသယ်ယာဉ် (၁၉) စီး၊ မြေတူးစက် (၅) စီးတို့ ရွှံ့ နွံများအတွင်း နစ်မြှုပ်ပျောက်ဆုံးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဖားကန့်ဒေသအတွင်း ၂၀၁၉၊ ဇူလိုင်လ (၁) ရက်နေ့မှ ၂၀၁၉၊ စက်တင်ဘာလကုန်အထိ ကုမ္ပဏီများကို ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ ရပ်နားထားရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေး ဝန်ကြီးဌာနက တရားဝင်ညွှန်ကြားထားသည်။