မြန်မာ့ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးကို ကူညီရန် KBC က အမေရိကန် သမ္မတကို ပန်ကြား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။
အမေရိကန်သို့ ရောက်ရှိနေသော ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ ခေါင်းဆောင်များက အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်အား မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ် ထွန်းကားရေးအတွက် ကူညီရန်ပန်ကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဦးစီးကျင်းပနေသည့် ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ အစည်းအဝေးတွင် တက်ရောက်နေသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ခေါင်းဆောင်များက အမေရိကန်သမ္မတနှင့် တွေ့ဆုံစဉ် ဇူလိုင်လ (၁၇) ရက်နေ့က ပန်ကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖိနှိပ်မှု၊ ညှင်းပမ်းမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဘာသာရေး လွတ်လပ်ခွင့်လည်း အပြည့်အ၀ မရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာလည်း စစ်တပ်အပါအဝင် ဗဟိုအစိုးရကို တိုက်ခိုက်နေရဆဲဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွန်က သမ္မတထရန့်ကို ပြောခဲ့သည်။
“ဒါကြောင့် ကျေးဇူးပြုပြီး အမေရိကန်အစိုးရအနေနဲ့ တိုင်းရင်းသားလူထုနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ထူထောင်နိုင်အောင် ကူညီလုပ်ဆောင်ပေးစေချင်ပါတယ်။ အခုတွေ့ဆုံမှုအတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်။”
အမေရိကန်သမ္မတ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၇) နိုင်ငံက ဘာသာရေး နှိပ်ကွပ်ခံရမှု အသီးသီးမြောက်လာကြသူ ၁၇ ဦးအား အိမ်ဖြူတော်တွင် ယမန်နေ့က ဖိတ်ခေါ်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ABC သတင်းဌာနက သတင်းထုတ်ပြန်သည်။
ထိုတွေ့ဆုံမှုတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က “လူ့အခွင့်အရေး၏ အခြေခံအချက်ဖြစ်တဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို အမေရိကန်အနေနဲ့ အလေးထားကြိုးပမ်းသွားဖြစ်ပါတယ်။ လူထုတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံအတွင်းမှာ ဘာသာရေးကို လွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့်မရဘူးဆိုရင် ကျန်တဲ့အခွင့်အရေးတွေလည်း ဆုံးရှုံးရမယ်။ အန္တရာယ်ရှိတယ်။ လွတ်လပ်မှုဆိုတာ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် ဘာသာရေး လွတ်လပ်ခွင့်ကို အမေရိကန်အနေနဲ့ ထောက်ခံအားပေးဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွေ ဒေါက်တာခါလမ်ဆမ်ဆွန်နှင့်အတူ မုံးကိုးဒေသတွင်း ၂၀၁၆ ခုနှစ် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း သတင်းမီဒီယာများ ကူညီပေးခဲ့ပြီး ဖမ်းဆီးခံခဲ့ရသည့် အမှုတော်ဆောင်ဆရာတစ်ဦးဖြစ်သည့် ဆရာလန်းဂျော်ဂမ်ဆိုင်းလည်း တက်ရောက်ခဲ့သည်။
ဘာသာရေး လွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သုံးရက်ကြာ ဝါရှင်တန်ဒီစီမှာ ကျင်းပနေလျှက်ရှိသည်။
သမ္မတ အိမ်ဖြူတော်တွင် ယမန်နေ့က ကျင်းပသည့် နိုင်ငံပေါင်း (၁၇) နိုင်ငံက ဘာသာရေး နှိပ်ကွပ်ခံရမှု အသီးသီးမြောက်လာကြသူ ၁၇ ဦး၊၂၀၁၈ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေဆုရှင်နှင့် သမ္မတဒေါ်နယ်ထရမ့်တို့ တွေ့ဆုံမှုသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဦးစီးကာ ဝါရှင်တန်ဒီစီတွင် ကျင်းပနေသည့် ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ အစည်းအဝေး၏ တစိတ်တပိုင်းဖြစ်သည်။