ဒေသခံများ စစ်ရှောင်နေရသည့် ပယင်းမှော်များတွင် ပြင်ပက လူများအား လုပ်ပိုင်ခွင့် ချပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။
ဒေသခံများ စစ်ရှောင်နေရချိန်တွင် ရွေ့ပြောင်းလုပ်သားများနှင့် အသေးစား စီးပွားရေး လုပ်ငန်းရှင်များကို ပယင်းလုပ်ကွက်များ လုပ်ကိုင်ခွင့် ပေးခြင်းသည် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို မလေးစားရာရောက်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) က ပြောသည်။
“ဌာနေတိုင်းရင်းသား အစစ်တွေတောင်မှ ကိုယ့်ဇာတိနယ်မြေကို ပြန်လို့မရတဲ့ ဆင်းရဲဒုက္ခနဲ့ ကြုံ့တွေ့နေရချိန်မှာ တခြားစီးပွားရေးသမားတွေနဲ့ တခြားဧည့်သည်တွေကို အသေးစားလုပ်ငန်းတွေ ပြန်လည်ချပေးဖို့လုပ်တာဟာ အင်မတန်မှ သဘာဝမကျဘူး ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို သက်သက်မဲ့စော်ကားခြင်း ဆိုတဲ့ဟာ ဒါတွေမဖြစ်သင့်ဘူးဆိုတဲ့အပိုင်းပေါ့နော်။” ဟု KDNG အထွေထွေအတွင်းရေးမှူး ကိုစဂျီး က ပြော သည်။
ပယင်းထွက်ရှိရာ ကချင်ပြည်နယ် တနိုင်း(ဟူးကောင်းချိုင့်ဝှမ်းဒေသ) ရှိ ဌာနေတိုင်းရင်းသားများမှာ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များအဖြင့် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေချိန်တွင် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာသည်ဟု KDNG က ပြောသည်။
တနိုင်းဒေသအတွင်း လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ဒေသခံ ဦးနော်တောင်က “အစိုးရအနေနဲ့က ပယင်း မှော်တရားဝင်ဖွင့်မယ်ဆိုပြီးမှ ကြေညာတာလည်းရှိတယ်။ ဒါပေမယ့် အဲ့လိုမကြေညာသေးခင်ကတည်းကနေ လူ တွေကခိုးဝင်ပြီးမှ အဲ့ဒီမှာ တူးနေကြပြီကော။ မှောင်ခိုပေါ့။ သူများတွေက အဲ့ဒီက ဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီး ညှိ ပြီးမှ တူးနေတာ။ အဲ့ဒါကြာပြီလေ။” ဟုပြောသည်။
တနိုင်းဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အစိုးရမှ ပယင်းမှော် တရားဝင်ဖွင့်မည်ဟု ပြောဆိုမှု မပြုခင်ကတည်းက ဝင်ရောက်လုပ်ကိုင်သူများရှိနေပြီး အများစုမှာ ရွှေပြောင်းလာရောက် လုပ်ကိုင်သူများဖြစ်သည်ဟု ဦးနော်တောင်က ဆက်ပြောသည်။
“ဟိုတိုက်ပွဲငြိမ်းသွားတဲ့နောက်ပိုင်းကနေစပြီ။ ပယင်းမှော်ထဲ ခိုးဝင်တဲ့လူတွေက အများကြီးပဲတဲ့ ကြားနေရတယ်၊ မြင်နေရတယ်။ အစိုးရက ပေးတဲ့နေရာမှာ ဘယ်သူမဆို ဒေသခံတွေရော အိမ်ထောင်စုရှိတဲ့ လူတိုင်းအားလုံးတပိုင်တနိုင်လျှောက်ခွင့်ရှိတယ်ဆိုပြီး အစိုးရက အဲ့လိုပြောတာဟုတ်တယ်။ ဒေသခံက မရှိသလောက်ပဲ။ သူတို့ကတော့ စစ်ဘေးရှောင်မှာပဲ IDPs မှာပဲနေနေကြတာ၊ သူတို့ကတော့ ပယင်းမှော်တွေ၊ ရွှေမှော်တွေသွားတာ မရှိဘူး”
ပယင်းမှော်အတွင်း အလုပ်လုပ်ကိုင်ရန် သွားရောက်ခဲ့သည့် အမည်မဖော်လိုသူ တနိုင်းဒေသခံ တစ်ဦးကလည်း “တနိုင်းဒေသခံတွေက ဝင်လို့မရဘူးကော၊ သူတို့က အဓိက လူမျိုးရေးတွေဘာတွေမေးတယ်။ တပ်မတော်ကမေးတာပါ။ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုတွေ စစ်တယ်၊ အဲ့မှာဘာလူမျိုးလဲဆိုပြီးမေးပြီးမှ ဒေသခံတွေဆို မဝင်ခိုင်းဘူး။ ဒီပယင်းမှော်ကတော့ ဇီးဖြူကုန်းတို့ ခမ်းဂျားတို့နေရာတွေမှာပေါ့။ ပယင်းမှော်၊ ရွှေမှော်တွေက ဒေသခံတွေ သွားလို့မရဘူး” ဟု ပြောသည်။
ထိုကဲ့သို့ လုပ်ဆောင်သည့်အတွက် ဌာနေတိုင်းရင်းသာများမှာ မြေရှင်ဘ၀ လုပ်ငန်းရှင်ဘဝမှ မြေမဲ့၊ လုပ်ငန်းမဲ့ အလုပ်သမားဘဝသို့ ရောက်ရှိအောင် တွန်းပို့နေသည်ဟု ဆိုသည်။
၂၀၁၈ ခုနှစ် ဇွန်လခန့်မှစတင်၍ ဒေသအတွင်း ပယင်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများကို ဌာနေတိုင်းရင်းသားများမဟုတ်သည့် အခြားသေား လုပ်ငန်းရှင်များက ပြန်လည်စတင်လုပ်ကိုင်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင်လည်း တနိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်း ဦးနှင့် ဖားကန့်လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးတို့က အသေးစားပယင်းနှင့် ရွှေတူးဖော်မှုတို့ကို ခွင့်ပြုရန် အစိုးရကို တောင်းဆိုခဲ့သည်။
“နောက်တစ်ခုက ကျနော်တို့ ဌာနေတိုင်းရင်းသားတောင်မှ ကိုယ့်နေရပ်သို့မပြန်လာခင်မှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ IDPs Camp မှာ သွားနေတဲ့အချိန်မှာ ကိုယ့်ဇာတိမှာ ပြန်လို့မရတဲ့အချိန်မှာ တခြားအားဖြင့် အဲ့ဒီနေရာ အသေးစားလုပ်ငန်း၊ ရွှေတူးဖော်ရေး ပယင်းတူးဖော်ရေး လုပ်ငန်းတွေ လုပ်ပိုင်ခွင့်ပေးတာမျိုး ရွှေ့ပြောင်းလုပ်သားတွေကို နေရာချဖု့ိစဉ်းစားဒါ ဒါပြောင်းပြန်နေတာပေါ့” ဟု ကိုစဂျီးက ပြောသည်။
တနိုင်းဒေသအတွင်း ၂၀၁၇ ဇွန်လမှ ၂၀၁၈ အောက်တိုဘာလအထိ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) အကြား ဝေဟင်ပစ်ခတ်မှုများ၊ မြေပြင်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ ဒေသခံဌာနေတိုင်းရင်းသားများမှာ နေရပ်မပြန်နိုင်သေးပဲ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသည်။
တနိုင်း-ဟူးကောင်းဒေသသည် ကမ္ဘာ့တန်ဖိုးအရှိဆုံး ရတနာ ပယင်းများထွက်ရှိသော်လည်း ဌာနေတိုင်းရင်းသားများမှာ လုပ်ကိုင်ခွင့်၊ အကျိုးခံစားခွင့်မရှိပဲ ဆင်းရဲဒုက္ခရောက်ကာ စစ်ဘေးဒုက္ခသည်ဘဝရောက်နေရသည်ဟု (KDNG) က ပြောသည်။
“သွေးစွန်းသောပယင်းလုပ်ရခြင်းက ကမ္ဘာမှာ အင်မတန်မှ ကျော်ကြားတဲ့ ဟူးကောင်း-တနိုင်းဒေသကထွက်ရှိတဲ့ ဒိုင်နိုဆောခေတ်က နှစ်ပေါင်း သန်းတစ်ရာကျော် ထွက်တဲ့ပယင်းဆိုပြီးမှ သိပ္ပံပညာရှင်တွေ၊ နိုင်ငံခြားတက္က သိုလ်တွေမှာ ပြောတာတွေ ရှိ တယ်။ ဒီလောက်တန်ဖိုးရှိတဲ့ဟာ ခေတ်နဲ့ဆိုင်တဲ့ ကမ္ဘာဦးခေတ်ကဟာတွေ ဒိုင်နိုဆောအစအနတွေ ရှာတွေတဲ့ အဆင့်ထိ သိပ္ဗံပညာရှင်တွေ သုတေသနပြုဖို့ကောင်းတဲ့ ကာကွယ်ရမယ့် နေရာပေါ့နော်၊ တော်တော်တန်ဖိုးရှိတဲ့ နေရာမှာ ကျနော်တို့ ဌာနေတိုင်းရင်းသား သွေးစွန်းနေရတဲ့နေရာပေါ့။ ဆင်းရဲဒုက္ခသာမကပဲနဲ့ တိုက်ပွဲဖြစ်ပြီးမှ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ပြီးမှ ထွက်ပြေးနေရတဲ့ အနေအထား၊ ဒါကို အားလုံးကို သိခိုင်းစေချင်တယ်” ဟု ကိုစာဂျီး က ပြောသည်။
တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကို ဆက်ထားသည့် သမိုင်းဝင်လီဒိုလမ်း တစ်လျှောက် လုံခြုံရန်နှင့် ကြီးမားလှသည့် အကျိုးအမြတ်ဖြစ်သော ပယင်းတူးဖော်မှုကို သိမ်းပိုက်နိုင်ရန် ကြောက်မက်ဖွယ်သော အကောင်းဆုံး ထိုးစစ်ဆင်မှုများကို ကချင်ပြည်နယ် အနောက်မြောက်ပိုင်း ဟူးကောင်းဒေသတွင် တပ်မတော်က ပြုလုပ်ခဲ့သည်ဟု (KDNG) က ပြောသည်။
၂၀၁၈ ခုနှစ်တွင် မြန်မာအစိုးရတပ်မတော်အနေဖြင့် ဌာနေတိုင်းရင်းသားများကို မောင်းထုတ်ရန်နှင့် နယ်မြေအတွင်းရှိ သဘာဝသယံဇာတများ၊ မဟာဗျူဟာမြောက်သည့် လီဒိုလမ်းမကြီးအား ထိန်းချုပ်နိုင်ရန် ကချင်ပြည် နယ်အတွင်း စစ်ပွဲများကို တဆင့်မြှင့်ခဲ့သည်ဟု ပြောသည်။
“သွေးပယင်း”ဟုခေါ်သည့် ဟူးကောင်းဒေသထွက် အနီရင့်ရောင်တွင်းထွက်အတွင်း ဒိုင်နိုဆော၏ အမြီး၊ အပိုင်းအစများ တွေ့ ရှိပြီးနောက် ပယင်းတူးဖော်ခြင်းလုပ်ငန်း ရုတ်တရက်ကြီးထွားလာပြီး နိုင်ငံအတွင်းက ရေ့ွှပြောင်းလုပ်သားများ ဒေသအတွင်း ဝင်ရောက်မှု များလာခဲ့သည်ဟု ဒေသခံများနှင့် KDNG က ပြောသည်။
သြဂုတ်လ (၂၀) ရက်နေ့ (ယနေ့)တွင် “သွေးစွန်းသော ပယင်း” ဆိုသည့် စာမျက်နှာ ၅၅ မျက်နှာပါ အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါအစီရင်ခံစာ မိတ်ဆက်ရှင်းလင်းပွဲကိုလည်း ရန်ကုန်မြို့ရှိ Orchid Hotel တွင် ပြုလုပ်ခဲ့သည်။