ကချင်စစ်ဘေးရှောင် ဂျေယန့်စခန်း လူဦးရေတိုး၊ အဆောက်အဦ တိုးချဲ့ရန် လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်။

တရုတ်-မြန်မာနယ်စပ်၊ ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်ရာဒေသ လိုင်ဇာအနီးရှိ ဂျေယန့်စစ်ဘေးရှောင်စခန်း (IDPs Camp) တွင် လူဦးရေများ တိုးလာသည့်အတွက် နေထိုင်ရန် အဆောက်အဦး အသစ်ဆောက်လုပ်ရန်နှင့် ပြန်လည်ပြုပြင် တည်ဆောက်ရန်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု စခန်းတာဝန်ရှိသူများနှင့် စစ်ဘေးရှောင်များက ပြောသည်။

ဂျေယန့် စစ်ဘေးရှောင်စခန်း အတွင်းရေးမှူး ဦးတန်ဂွန်းက “ကျနော်တို့ ကလေးတွေကလည်း တစ်နှစ်နှင့် တစ်နှစ် အသက်တွေ ကြီးလာတော့ လူပျိုဖြစ်လာတဲ့ အခါကျတော့ တစ်ချို့ကျတော့ ချွေးမတွေ ဘာတွေ ယူရတာပေါ့လေ ဒါပေမယ့် နေရာထိုင်ခင်း အခန်းဖွဲ့ထားတာတွေတော့ မရှိဘူးပေါ့လေနော်။ လူဦးရေလည်း များလာတဲ့ အခါကျတော့ တစ်ခြားနေရာမှာ ပြန်ဆောက်ပေးဖို့လည်း နေရာက မရှိဘူး။ အဲလိုမျိုးပေါ့ နောက်ပြီးမှနေဖို့အတွက်လည်း ကျနော်တို့ အဆောက်အဦး ထပ်တိုးချဲ့ဖို့လည်း ကျနော်တို့ နေရာထိုင်ခင်းကအစ အဲဒါ အခက်အခဲ တွေရှိပါတယ်” ဟု ပြောသည်။

ဂျေယန့်စစ်ဘေးရှောင်စခန်း စတင်ပေါ်ပေါက်ခဲ့သည်မှာ ၈ နှစ်ရှိခဲ့ပြီဖြစ်သည်။

လက်ရှိတွင် စစ်ဘေးရှောင်များ နေထိုင်သည့် အဆောက်အဦးများ ပျက်ဆီးလာသည့်အတွက် ပြန်လည်ပြုပြင်ရန် လိုအပ်သကဲ့သို့ အခြားစစ်ဘေးရှောင်စခန်းမှ ပြောင်းရွေ့လာသူများနှင့် မွေးတိုးဦးရေ ပိုမိုများပြားလာခြင်းကြောင့် အသစ်တည်ဆောက်ရန် လိုအပ်နေသည်ဟု ဦးတန်ဂွန်းက ဆက်ပြောသည်။

“တချို့ကတော့ ကျန်းမာရေး ကျနော်တို့ ဒီမဂါယာန်ကမ့်တို့ဆိုရင် သူတို့ဆေးရုံတွေနဲ့ ဝေးတယ်ဝေးတဲ့အခါကျတော့ သူတို့ဒီမှာက ဆေးရုံကြီးတွေရှိတယ် ကျန်းမာရေးကဏ္ဍနဲ့ ကျနော်တို့ Camp ထဲမှာ ပြောင်းရွှေ့လာတာရှိတယ်။ နောက်ပြီး ကျောင်းသားကိစ္စ ကျနော်တို့ Camp ထဲမှာ ပြောင်းရွေ့လာတာရှိတယ်။” ဟု အခြားစခန်းမှ ပြောင်းရွှေ့လာသူများရှိသလို အသစ်မွေးလာသော ကလေးများရှိသည်ဟု ပြောသည်။ “နောက်ပြီးတစ်ချက် ကျတော့ ကျနော်တို့ မွေးတိုးလာတာပေါ့။ ကျနော်တို့ ဒီမှာနေပြီးမှ အိမ်ထောင်ထဲမှာ မွေးစာရင်းတွေ တိုးလာတယ်။ တိုးလာတာကျတော့ ကျနော်တို့ ပျမ်းမျှအားဖြင့်တော့ တစ်လမှာ ၁၂ ယောက် အခုရှစ်နှစ်ဆိုတော့ မလွယ်တော့ဘူး။”

ထို့ကြောင့် စစ်ဘေးရှောင်စခန်းတွင် လူဦးရေများလာသောကြောင့် နေထိုင်ရာ အခန်းများလည်း လုံလောက်မှု မရှိဖြစ်နေရသည်ဟု ပြောသည်။

လူဦးရေ များလာသည့်အတွက် ဆယ်ပေပတ်လည် အိမ်ခန်းတွင် နေထိုင်ရသည့် အမျိုးသမီးများအတွက်လည်း အခက်အခဲများစွာ ရှိနေသည်ဟု ပန်ဆောင်ကျေးရွာမှ ဂျေယန့်စစ်ဘေးရှောင်စခန်းသို့ စစ်ဘေးရှောင်လာသူ ဒေါ်ခါတွမ်က ပြောသည်။

“အိမ်ခန်းကျဉ်းတဲ့အတွက် အိမ်ခန်းတွေ မရှိတဲ့အတွက် နောက်ပြီးတော့ ရေချိုးခန်းတွေ ဘာတွေလည်း သပ်သပ်မရှိဘူး။ ယောက်ကျားချိုးခန်း အမျိုးသမီးချိုးခန်းဆိုပြီး သပ်သပ်မရှိဘူး။ ဒီအတိုင်းပဲ အားလုံးက အတူတူပဲ ချိုးနေကြတယ်။ အခက်အခဲရှိတယ်။ အမျိုးသမီးတွေကတော့ သိတဲ့အတိုင်း လတိုင်းမှာလည်း အခက်အခဲတွေ ရှိတာပေါ့။ မိန်းကလေးတွေအတွက် အခန်းမရှိဘူး။ ပြီးတော့ အမျိုးသမီးကတော့ ကလေးမွေးလာတဲ့ အချိန်မှာလည်း အိမ်ခန်းလုံလုံခြုံခြုံမရှိတဲ့အတွက် ကလေးမွေးတဲ့အချိန် အမျိုးမျိုးပေါ့ အမျိုးသမီးတွေအတွက်တော့ အခက်အခဲရှိတာတော့ အများကြီးရှိပါတယ်” ဟုပြောသည်။

လက်ရှိ ဂျေယန့်စစ်ဘေးရှောင်စခန်းတွင် ကျေးရွာပေါင်း ၁၀၉ ရွာမှ အိမ်ခြေ ၁၉၄၄ အိမ်ရှိ လူဦးရေ ၈၈၀၀ တွင် အမျိုးသား ၄၃၂၉ ဦးနှင့် အမျိုးသမီး ၄၄၇၁ ဦးရှိသည်ဟုသိရသည်။ ၈ နှစ်ကာလအတွင်း လူဦးရေ များစွာတိုးလာသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

နေထိုင်ရာ နေရာထိုင်ခင်းနှင့် စိုက်ပျိုးရန် နေရာမရှိသည့်အပြင် လုပ်ကိုင်စားသောက်ရန် အက်အခဲတို့ကြောင့် နေရပ်ပြန်ချင်သည်ဟု ဒေါ်ခါတွမ်က ဆက်ပြောသည်။

“ကျမတို့ ဒီလိုမျိုးနေရာမှာ မနေချင်ဘူး။ မလုပ်စားတတ်လို့ အခုလိုထုတ်ပေးတဲ့ ဆန်တွေပဲ စားနေရတာတွေလည်း မဟုတ်ဘူး ကိုယ့်ရဲ့နေရာမှာပြန်ရောက်သွားတဲ့အခါမှာ ကိုယ်ခြေလက်မကျိုးဘူး ဘာမဆိုလုပ်စားနိုင်တယ်။ ကိုယ့်နေရာမှာ နေတဲ့အချိန်မှာ ကိုယ့်သားသမီးများကိုလည်း ဒီနေ့ ဘာရမယ် ဒီနှစ် ဆန်ဘယ်လောက် ထွက်မလဲ စပါးဘယ်လောက်ထွက်မလဲ နမ်းဘယ်လောက်ထွက်မလဲ ပဲဘယ်လောက်ထွက်မလဲဆိုတာပြီးမှ လုပ်စားကိုင်းစားနေတဲ့သူတွေပါ အခုက သူတောင်းစားလို့ မခေါ်တာ တမယ်ပဲရှိတယ်။”

ဂျေယန့်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များသည် မြစ်ကြီးနား-ဗန်မော် ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နှင့် တပ်မတော်တို့အကြား ပြန်လည်ဖြစ်ပွားလာသည့် တစ်ကျော့ပြန် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာကြသူများဖြစ်သည်။

KIO/KIA ထိန်းချုပ်နယ်မြေများဖြစ်သည့် လိုင်ဇာ၊ မိုင်ဂျာယန်၊ အင်ဘာပါ၊ လိုင်စင်၊ ဖရဲနှင့် ဆွမ်ပရာဘွမ်ဒေသများတွင် ၂၀၁၈ ခုနှစ်ရဲ့ စာရင်းအရ စစ်ရှောင်လူဦးရေ ၄၂၇၄၅ ဦးရှိသည်ဟု သိရသည်။