“ အပြစ်မရှိသည့်အတွက်” ကချင်လူငယ်နှစ်ဦး ငွေဒဏ်အစား ထောင်ဒဏ် ကျခံမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။
ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် ကချင်လူငယ် ၂ ဦးက အပြစ်ရှိသည်ဟု မခံယူသည့်အတွက် ငွေဒဏ်အစား ထောင်ဒဏ်ကျခံရန် ဆုံးဖြတ်လိုက်သည်။
ကချင်ဒေသအတွင်း တကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားတွင် တေးသရုပ်ဖော် ပြဇာတ်တင်ဆက်မှုကြောင့် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံရသည့် ကချင်လူငယ် ၂ ဦးကို စက်တင်ဘာလ ၂ ရက် ယနေ့တွင် မြစ်ကြီးနားမြို့နယ် တရားရုံးက ဒဏ်ငွေ ၃၀၀၀၀ ကျပ် သို့မဟုတ် ထောင်ဒဏ် ၁၅ ရက် ကျခံရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
“ငွေဒဏ် သုံးသောင်း ချမှတ်တယ်။ အကယ်လို့ ငွေဒဏ် မဆောင်ရင်တော့ ထောင်ဒဏ် ၁၅ ရက်ပေါ့နော သူက အဲလိုအမိန့်ချတာဖြစ်တယ်။” ဟု ကချင်လူငယ် ၂ ဦး၏ အမှုအား လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ဦးမာခါးက ပြောသည်။ “ချတာတော့ ငွေဒဏ်ချတာပေါ့။ အကယ်လို့ အဲဒီငွေဒဏ်မဆောင်ရင်တော့ ထောင်ဒဏ်၁၅ ရက်ကျ ခံဖို့ပေါ့နော။ သူတို့ကတော့ ငွေဒဏ်မဆောင်ဘူးဆိုတော့ သူတို့ကို ထောင်ထဲပို့လိုက်တာပေါ့”
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်စစ်ပွဲ (၈) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကချင်လူမျိုးများခံစားနေရသည့် လက်ရှိဘဝအဖြစ်မှန်များကို စစ်ဘေးရှောင်လူငယ်များနှင့် Street Performance လုပ်ဆောင်ရာတွင် ဦးဆောင်ခဲ့သော ကိုပေါလုနှင့် မဆိုင်းနူးပန်တို့အား မြစ်ကြီးနား မြို့နယ်တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ တရားရုံးမှ အပြစ်စီရင်လိုက်သော်လည်း ကချင်လူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။
“ကျနော်တို့ကတော့ ဆက်လုပ်သွားဖို့ရှိတယ် အထူးသဖြင့် ဝိုင်းဝန်းရံတဲ့သူတွေပေါ့နော သူတို့ဆွေးနွေးပြီးမှ ဆက်လုပ်သွားမှာ ဖြစ်တယ်။ ကျနော်တို့ အယူခံတွေ ထပ်တက်မှာပေါ့နော။ အပြစ်မရှိကြောင်း ကျနော်တို့ ထပ်ပြီးမှ ထုချေသွားမှာဖြစ်တယ်”
တရားရုံးမှချမှတ်သည့် ငွေဒဏ်ကို ကချင်လူငယ် ၂ ဦးက ၎င်းတို့ အနေဖြင့် အပြစ်မရှိသည့်အတွက် ပေးဆောင်ရန် ငြင်းဆန်ခဲ့သည်။
ကချင်လူငယ် မဆိုင်းနူးပန်က “ကျမတို့ရဲ့ ခံစားနေရတဲ့ ခက်အခဲတွေကို ကျမတို့ ထုတ်ဖော်တာ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့က ငွေဒဏ်မဆောင်နိုင်ပါဘူး။ ကျမတို့ အပြစ်မရှိတဲ့အတွက် ငွေဒဏ်မဆောင်ဘူး။ သူတို့ဖက်ကတော့ ကြိုက်သလို လုပ်ပါ စေ ဒါပေမယ့် ကျမတို့ဖက်ကတော့ ဘယ်တော့မှ ကျမတို့ အပြစ်ရှိတယ်လို့ ခံယူမှာမဟုတ်ဘူး ကျမတို့ဘယ်တော့မှ အပြစ်ရှိတာ မဟုတ်ပါဘူး။” တရားစီရင်မှုအပြီး လာရောက်ဝန်းရံ သူများအား စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ၎င်းတို့အနေဖြင့် ဆန္ဒထုတ်ဖော်ခြင်းမျိုး မဟုတ်ပဲ ငြိမ်းချမ်းစွာဖြင့် စစ်ဘေးရှောင်များ၏ ခံစားချက်၊ အခက်အခဲများကို တေးသရုပ်ဖော်ကာ တင်ဆက်ကပြခြင်းသာဖြစ်သည့်အတွက် အပြစ်ရှိသည့် လုပ်ရပ်မျိုး မဟုတ်ပဲ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်ထောင့်တစ်နေရာကနေ တွန်းအားပေးသည့် လုပ်ရပ်သာဖြစ်သည်ဟု ကချင်လူငယ်များက ပြောသည်။
ယခုကဲ့သို့ တရားရုံးမှ အမိန့်ချလိုက်သည့်အပေါ် ကချင်လူငယ် ကိုပေါလုက ယခုလိုပြောသည်။
“ကျနော်တို့ လုပ်ဆောင်မှုက ငြိမ်းချမ်းရေး လုပ်ဆောင်မှုကို တွန်းအားပေးတဲ့ လုပ်ငန်းဖြစ်တယ်။ အဲဒါကို တာဝန်ရှိတဲ့ ဗျူရိုကရက်တစ် ယန္တရားက လူတွေက ကျနော်တို့ကို ဒီလိုမျိုး ကျနော်တို့ကို ပြန်ပြီးမှ အပြစ်ပေး အရေးယူတယ်ဆိုတာ ဗျုရိုကရက်တစ် ယန္တရားမှာရှိတဲ့ လူတွေက ငြိမ်းချမ်းရေးကို ဘယ်လိုမြင်သလဲ ဘယ်လိုခံစားသလဲ စစ်ရှောင်ပြည်သူတွေကို ဘယ်လိုမျိုးမြင်သလဲ စစ်ရှောင် ပြည်သူတွေကို နှိမ့်ကွတ်နေသလား ဒါမျိုးကို ကျနော်တို့ မေးခွန်းမေးစရာတွေရှိတယ်” ဟုပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပြေးညီသက်ရောက်မှု မရှိသည့် မြန်မာနိုင်ငံ၏ ဥပဒေအောက်တွင် မည်သည့်အခါမှ ခေါင်းငုံ့ အရှုံးပေးမည်မဟုတ်ပဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကိုပေါလုက ဆက်ပြောသည်။
ကိုပေါလုနှင့် မဆိုင်းနူးပန်တို့ ၂ ဦးကို ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့ ယာယီရဲမှူး မင်းသန့်ဇော်မှ တရားစွဲဆိုခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိအနေအထားအရ လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်များ ပျောက်ဆုံးနေပြီး အနာဂတ်လူငယ်များအတွက် အဆိုပါ အခွင့်အရေးကို ရရှိအောင် ကြိုးစားလုပ်ဆောင်သွားမည်ဟု ကချင်လူငယ်များက ပြောသည်။
“အထူးသဖြင့် ဒီမိုကရေစီရဲ့ လူ့အခွင့်အရေးရဲ့ အခြေခံ အခွင့်အရေးတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့် ကျနော်တို့ ဒီဟာကို လုံး၀ ပိတ်ပင်တဲ့ အမိန့်ဖြစ်တယ်ပေါ့နော ရဲကလည်း ဒီလိုတရားစွဲတယ် တရားရုံးက ဒီလိုထောင်ချတယ်ဆိုတာက မြန်မာနိုင်ငံရဲ့ အခြေခံက လုံးဝကို စိုးရိမ်ရမယ့် အနေအထား ရှိနေတယ်ဆိုတာ တွေ့ရတယ်။ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆုံးရှုံးနေတာပေါ့နော။ အဲဒီဟာ ဒီမိုကရေစီ အစိုးရလို့ ပြောနေတဲ့ အချိန်မှာကိုက ကျနော်တို့ ဒီလိုဖြစ်နေတယ်။ ဒါကြောင့် တရားစီရင်ရေးစနစ်ကို လုံးဝပြု ပြင်ဖို့ လိုနေပြီလို့ ကျနော်ပြောချင်တယ်” ဟု ရှေ့နေ ဦးမာခါးက ပြောသည်။
ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်စစ်ပွဲကြောင့် ကျေးရွာ ၃၆၀ ကျော်မှ ဒေသခံပြည်သူ တစ်သိန်းနှစ် သောင်းကျော်သည် ဒုက္ခသည် စခန်းပေါင်း တစ်ရာကျော်တွင် နေ့စဉ်ဘ၀ ရှင်သန်နေထိုင်နိုင်ရေးအတွက် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ဖြေရှင်းနေကြရသည်ဟု စစ်ဘေးရှောင်အရေး လုပ်ဆောင်သူများက ဆိုသည်။
ကချင်ပြည်နယ်တွင် မြန်မာ့တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့တို့ ၁၉၉၄ ခုနှစ် တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် ချူပ်ဆိုခဲ့ပြီးနောက် ၁၇ နှစ် အကြာတွင် နှစ်ဖက် အပြန်အလှန် တိုက် ခိုက်မှုများ ပြင်းထန်လာခဲ့ပြီးနောက် ဒေသခံပြည်သူများသည် အိုးအိမ်စွန့်ခွာကာ စစ်ပြေးဒုက္ခသည်များအဖြစ် ယနေ့အချိန်ထိ တိမ်းရှောင်နေကြရသည်။