အပစ်ရပ်ကာလ သက်တမ်းတိုးသော်လည်း တိုက်ပွဲများ ရပ်မည်ဟု ရှမ်းမြောက်ဒေသခံများ မမျှော်လင့်ရဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။

တပ်မတော်က စစ်တိုင်း ၅ တိုင်းတွင် တစ်ဖက်သတ် အပစ်ရပ်ကာလ သက်တမ်းထပ်မံတိုးလိုက်သော်လည်း လက်ရှိတွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသည့်အတွက် ထိရောက်မှုရှိမည်ဟု မမျှော်လင့်ကြောင်း ဒေသခံများနှင့် အရပ်ဖက် အဖွဲ့အစည်းများက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လူသားချင်းစာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) ပြောရေးဆို ခွင့်ရှိသူ မိုင်းမိုင် က “တိုက်ပွဲပိုပြီး ပြင်းထန်လာတယ်လို့ပဲ ကျမတို့မြင်တယ်။ အပစ်ရပ်ကာလရှိနေချိန်မှာပဲ ဒီရှမ်းမြောက်မှာက တိုက်ပွဲက ဆက်တိုက် ဆက်တိုက် ဖြစ်နေတာပဲ။ အဲ့ကြောင့်မို့လို့ ထပ်တိုးတယ်ဆိုရင်လည်း လျှော့ချနိုင်မယ်လို့တော့ ကျမတို့အနေနဲ့ မထင်ဘူးနော်” ဟု ပြောသည်။

အပစ်ရပ်ကာလ သက်တမ်းထပ်မံတိုးလိုက်သည့်အပေါ် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ပြောရေး ဆိုခွင့်ရှိသူ လွေးချိဆငါးကလည်း “သက်တမ်းတိုးတယ်ဆိုပေမယ့်လည်း ဒီလိုမျိုးပဲ ခါတိုင်းလိုပဲ တပ်မတော် ဘက်ကလည်း ထိုးစစ်တွေ ဆက်လုပ်နေမယ်ဆိုရင်တော့ တိုက်ပွဲက ရပ်တန့်သွားမယ့်အနေအထားတော့ မမြင်ရဘူးပေါ့နော်။ အရင်လိုပဲ ထိုးစစ်ဆင်နေမယ်ဆိုရင် ဒီဘက်ကလည်း ခါတိုင်းပြောသလိုပဲ ခုခံတယ်လို့ပဲ အဲ့လိုပဲ ပြန်ဖြေမယ်ဆိုရင်တော့ တစ်ဖက်နဲ့တစ်ဖက် အခုလိုပဲ ပြန်တင်းမာနေမှာပဲ။ ယုံကြည်မှု အပြည့်အဝ ထားလို့ မရသေးဘူးပေါ့” ဟု ပြောသည်။

သြဂုတ်လ ၁ ရက်နေ့က တပ်မတော်က အပစ်ရပ်ကာလကို စက်တင်ဘာလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ စတုတ္ထအကြိမ်မြောက် ထပ်မံသက်တမ်းတိုးလိုက်ခြင်းဖြစ်ဖြစ်သည်။

တပ်မတော်က အပစ်ရပ်ကာလကို သက်တမ်း ထပ်မံတိုးထားသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင် မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်များရှိ နေရာ ၆ နေရာခန့်တွင် စက်တင်ဘာလ ၁ ရက်နေ့ (ယနေ့) တွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ ဖြစ်သည့် PSLF/TNLA၊ ULA/AA နှင့် MNTJP/MNDAA နှင့် တပ်မတော် တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု PSLF/TNLA သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်လိုပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ရပ်ခြင်းကို လုပ်ဆောင်နိုင်မှသာ ဖြစ်လာနိုင်သည်ဟု အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

“အပစ်ခတ်ရပ်တယ်ဆိုတာက ဒီလိုမျိုးပဲ ခွဲခြားခွဲခြားရပ်တာမျိုးတော့ မဖြစ်သင့်ဘူးပေါ့နော ရပ်ပြီဆိုရင်တော့ တစ်နိုင်ငံလုံး အတိုင်းအတာရယ် ဒီအားလုံးပါဝင်နိုင်တဲ့ ပုံစံမျိုး ဖြစ်စေချင်တယ်။ ခုနတုန်းက ရခိုင်ဖက်မှာ ချန်ထားပြီးတော့ ဒီဖက်က ဖြစ်နေတယ်ဆိုရင်တော့ ဒါကလည်း တကယ့် ငြိမ်းချမ်းရေးလို့ ပြောလို့မရဘူး။ တစ်နေရာက ဖြစ်နေတယ် တစ်နေရာက ရပ်နေတယ် ဒါကမဖြစ်သင့်ဘူး။ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး အားလုံးပါ ဝင်နိုင်တဲ့ အပစ်ခတ်ရပ်စဲမှု ဖြစ်စေချင်တယ် ဖြစ်သင့်တယ် အဲလိုမျိုးဖြစ်မှပဲ ဒီငြိမ်းချမ်းရေး သွားနေတဲ့ လမ်းကြောင်းက ထိရောက်မှုရှိမယ်။ လူထုလည်း ယုံကြည်မှုက ပိုပြီးတော့ ရရှိလာမယ် ဒီလိုမျိုးပဲ ဟိုချန်ဒီချန်ဆိုရင်တော့ အလားအလာကတေ့ သိပ်မမြင်ရဘူးပေါ့” ဟု လွေးချိဆငါးကပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် လ ၃၁ ရက်နေ့က ထုတ်ပြန်ချက်ထဲတွင် “လက်ရှိအခြေအနေ တွင် တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေး ဗဟိုဌာန(NRPC)တို့နှင့် လက်ရှိဆွေးနွေးဆဲ အခြေအနေများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် အထက် ဖော်ပြပါ တိုင်းစစ်ဌာန်ချုပ်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ် စက်တင်ဘာ လ ၂၁ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း” ထည့်သွင်းထားသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရေး၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လူမှု စီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်လိုသည့် စစ်မှန်သော ဆန္ဒဖြင့် တပ်မတော် မှစတင်၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်းအား မြောက်ပိုင်းတိုင်း၊ အရှေ့မြောက် ပိုင်းတိုင်း၊ အရှေ့ ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး ယနေ့အချိန်အထိ အပစ်ရပ်ပေးခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အနီး ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင်လည်း ခရီးသွားပြည်သူများ သွားလာရေး အဆင်မပြေ ဖြစ်နေဆဲဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁ ရက်နေ့ (ယနေ့)တွင် ကွတ်ခိုင်-မူဆယ်ကြားရှိ နမ့်ဖက်ကာအနီး ပန်ဂျလော့တွင် ကုန်တင်ကားကြီးများကို လေလျော့ကာ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကန့်လန့်အနေအထားဖြင့် ပိတ်ထားသည်ဟု ဒေသခံများက ပြောသည်။ အဆိုပါနေရာအနီး တိုက်ပွဲများလည်း ဖြစ်ပွားနေသည်ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/MNDAA တပ်ဖွဲ့များက ပြင်ဦး လွင်မြို့ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းတချို့ကို သြဂုတ်လ ၁၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရှမ်းမြောက်ဒေသရှိ နေရာအတော်များများတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခြင်းမှာ ယနေ့အချိန်ထိဖြစ်သည်။

၎င်းတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအမျိုးမျိုး ကြုံနေရပြီး ဒေသခံအရပ်သား ပြည်သူ သေဆုံးမှုလူဦးရေ ၁၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိမှု လူဦးရေ အယောက် ၃၀ ခန့်ရှိပြီဟု ဒေသအတွင်းရှိ ကူညီကယ်ဆယ်ရေးအဖွ့ဲများ က ပြောသည်။

ယမန်နေ့ကလည်း ကွတ်ခိုင်မြို့ရှိ ရပ်ကွက်(၈)၊ နတ်စင်ကုန်း၊ မနောကွင်းနှင့် ဂေါက်ကွင်းနေရာများတွင် တပ်မတော်နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ကလေးငယ် (၃) ဦး၊ အမျိုး သမီး (၂) ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ပြီး (၃) ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိ ခဲ့သည်။

အပစ်ရပ်ကာလများ ကြေငြာထားသည့်ကာလအတွင်း အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းများ ဆက်တိုက် ကျူးလွန်ခံနေရသည်ဟု ရှမ်းမြောက်ဒေသရှိ အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

မိုင်းမိုင် က “ဆောင်ရန်ရှောင်ရန်တွေ သူတို့ပိုသိပါတယ်။ လက်နက်ကိုင်အချင်းချင်းပိုသိပါတယ်။ ကျမတို့ ပြည် သူလူထုအနေနဲ့ပြောရမယ်ဆိုရင်တော့ ကျမတို့ပြည်သူလူထုကို ပစ်မှတ်ထားပြီးမှ တိုက်ခိုက်တဲ့ လက်နက်ကိုင် မှန်သမျှ၊ လုပ်ရပ်မှန်သမျှကို ကျမတို့က ကန့်ကွက်နေမှာပဲ၊ ရှုတ်ချနေမှာပဲ။ ဘာလို့လဲဆိုတော့ ပြည်သူလူထုနဲ့ ကင်းကွာပြီးမှ လက်နက်ကိုင်လို့မရဘူးလေ။ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒါကြောင့် ပြည်သူလူထုကို ကာကွယ်တယ်ပြောပြီးမှ ပြည်သူလူထုအတွက်လုပ်တယ်ဆိုပြီးမှ ပြည်သူလူထုထိခိုက်နေတဲ့ စစ်ပွဲမှန်သမျှကို ကျမတို့ကတော့ ကန့်ကွက်တယ်၊ ရှုတ်ချတယ်” ဟု ပြောသည်။

အပစ်ရပ်ကာလကို တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီလအထိ တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ တစ်ကြိမ်၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိတစ်ကြိမ်နှင့် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ တစ်ကြိမ် ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ ထိုသို့အပစ်ရပ်ကာလများ တပ်မတော်အနေဖြင့် ကြေငြာထားသော်လည်း တိုက်ပွဲများ ရပ်တန့်သွားရန် မျှော်လင့်မထားရဲကြောင်း ရှမ်းမြောက်ဒေသခံများက ပြောသည်။

အပစ်ရပ်ကာလများ ရပ်ဆိုင်းပေးထားကြောင်း ထုတ်ပြန်ထားသော်လည်း အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် ကချင်ပြည်နယ်တွင်လည်း စစ်ရေးတင်းမာမှုများ၊ တိုက်ပွဲများ ရံဖန်ရံခါဖြစ်ပွားနေဆဲဟု ဒေသခံများနှင့် သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များက ပြောသည်။