မြစ်ငယ် ရေကာတာ အစည်းအဝေး ဒေသခံများ ကန့်ကွက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပြည်လုပ်သည့် နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း (International Financial Corporation-IFC) ၏ မြစ်ငယ်မြစ်နဲ့ ပတ်သက်သည့် အကဲဖြတ်မှု ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲခြင်း အစည်းအဝေးကို ဒေသခံများက ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
စက်တင်ဘာလ ၁၂ ရက် ယနေ့တွင် တောင်ကြီးမြို့ရှိ အစည်းအဝေးပြုလုပ်မည့် Mountain Star ဟော်တယ် ရှေ့တွင် အစည်းအဝေးကို ကန့်ကွက်ကြောင်း ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူမြစ်နားတွင် နေထိုင်သည့် ပန်လုံကျေးရွာမှ ဒေသခံ နန်းလောဝ်ခမ်းက “သူတို့ ရဲ့ ဆွေးနွေးပွဲကို ကန့်ကွက်တယ် ပြီးတော့ သူတို့က ရေကာတာ ဖြစ်မြောက်ဖို့ ဆိုပြီး ဒီရှမ်းပြည်မြောက်ပိုင်းမှာ စစ်ပွဲတွေဖြစ်နေတယ် အခုအချိန်မှာ ရေကာတာအတွက် ဆွေးနွေးဖို့ မသင့်ဘူးဆိုတာ ကန့်ကွက်ချင်တာပါ” ဟုပြောသည်။
ထို့အပြင် နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း IFC ထံသို့လည်း အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပြီး အဓိကအားဖြင့် အ ချက် ၃ ချက် တောင်းဆိုခဲ့သည်ဟု နန်းလောဝ်ခမ်းက ဆက်ပြောသည်။
“အဓိကကတော့ ဒီရှမ်းပြည်နယ် မြောက်ပိုင်းမှာပေါ့နော စစ်ပွဲတွေဖြစ်နေတယ် အဲဒါရေကာတာ မလုပ်သင့်တာ တစ်ခုပေါ့နော နောက်တစ်ခုက ဒီရေကာတာ ဆိုတာကလည်း နေပြည်တော်ကပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ကျမ တို့ပြည်နယ်ဝန်ကြီးတွေ ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ပြည်သူလူထုတွေဆို ပိုဆိုးတာပေါ့နော နောက်ပြီးတော့ သဘာ၀ ပတ်ဝန်းကျင်နဲ့ သံယဇာတတွေ ထိခိုက်တယ် တိုက်ရိုက်သောအားဖြင့် သွယ်ဝိုက်သောအားဖြင့် ကျမတို့ ဆိုးကျိုးတွေ ခံစားနေရတယ်။ အပြစ်မဲ့ ပြည်သူတွေလည်း စစ်ပွဲတွေကြားမှာ ကလေးငယ်တွေကအစ အပြစ် မဲ့ သေဆုံးရတာပေါ့နော ဒီလိုမငြိမ်းချမ်းတဲ့ ဒေသမှာ ဒီရေကာတာကိစ္စ ရေကာတာ မဆောက်သင့်ဘူးလို့ ကျမ ပြောချင်ပါတယ်” ဟုပြောသည်။
ယနေ့တွင်ပြည်လုပ်သည့် IFC ၏ အစည်းအဝေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ် မြစ်ချောင်းများအတွက် လှုပ်ရှား မှုအဖွဲ့မှလည်း ဒေသခံများနှင့် သဘောထား တထပ်တည်းရှိကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု ရှမ်းပြည်နယ် မြစ်ချောင်းများ အတွက် လှုပ်ရှားမှုအဖွဲ့မှ စိုင်းခေးဆိုင် က ပြောသည်။
“အဓိက နမ္မတူမြစ်ရေကာတာ ဆောက်ဖို့ ပြင်ဆင်နေတဲ့ အဆင့်တွေ ရပ်ဖို့ရယ်နောက် နမ္မတူရေကာတာ ရပ်ဆိုင်းထားဖို့ပေါ့နော ဘာဖြစ်လို့လဲဆိုတော့ နမ္မတူရေ ကာတာက အခုလက်တ လော မှာလည်း အဲဒီဒေသတစ် ဝိုက်မှာ စစ်ပဋိပက္ခတွေလည်း ဖြစ်နေတယ် ပြီးတော့ လူထုတွေလည်း ထွက်ပြေး တိမ်း ရှောင်နေရတယ်။ ကျန်တဲ့လူထုတွေကလည်း ဒီရေကာတာကြောင့် နစ်မြုပ်မဲ့ ဒီဒေသခံတွေ ဖြစ်နေတာ တစ်ကြောင်းရယ်ပေါ့နော ဒါကြောင့် ကျနော်တို့ ငြိမ်းချမ်းရေး မရခင်မှာပေါ့ ဒီလောက်ပဋိပက္ခဖြစ်နေတဲ့ကြားမှာ ကျနော်တို့ ဒီရေကာတာကို အ ကြောင်းပြုပြီးတော့ လူထုတွေ ဒုက္ခမပေးဖို့ အဲဒါတွေကို ကျနော်တို့ ရည်ရွယ်ပြီးတော့ ကျနော်တို့ ထုတ်ပြန် ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
IFC ၏ နမ္မတူမြစ် (ခေါ်) မြစ်ငယ်မြစ်ဝှမ်း ဆန်းစစ်အကဲဖြတ်ခြင်း အစည်းအဝေးအခမ်းအနားကို Australia Aid က ငွေကြေး ကူညီထောက်ပံ့ထားပြီး ဆွီဒင် အင်ဂျင်နီယာ အတိုင်ပင်ခံလုပ်ငန်း SWECO ကုမ္မဏီက အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ် မြစ်ချောင်းများအတွက် လှုပ်ရှားမှုအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် ထုတ်ပြန်ချက်ထဲတွင် မြစ်တစ်လျှောက်တွင် စစ်ပွဲများ တဟုန်းဟုန်း ဖြစ်ပွားနေပြီး ဒေသခံ အသိုင်းအဝိုင်းများကလည်း မည့်သည့်ရေကာတာမျိုးကိုမဆို ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြမှုများ ရှိနေပါသော်လည်း နမ္မတူမြစ်(ခေါ်)မြစ်ငယ်မြစ်အား မြန်မာနိုင်ငံ ရေအားလျှပ်စစ် အခန်းကဏ္ဍတွင် ဦးစားပေးမှု တစ်ခုအဖြစ် IFC က ယင်းတို့၏ မြန်မာ့လျှပ်စစ်ကဏ္ဍအပေါ် မဟာဗျူဟာအရ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ချင့်ချိန်ဆုံးဖြတ်ခြင်းတွင် ၂၀၁၈ ခုနှစ်က အတည်အလင်းကြေငြာထားပါသည်ဟု ပါရှိသည်။
ပြည်တွင်းစစ် အဆုံးမသတ်နိုင်သည်သရွေ့ တိုင်းရင်းသားဒေသခံ အတွင်းရှိ ရေကာတာများ ဆောက်လုပ်ခြင်းကို ဆိုင်းငံ့ထားရန်နှင့် တိုင်းရင်းသား လုမျိုးများအတွက် မြစ်များအပါအဝင် ဒေသခံတို့၏ သဘာ၀ သယံဇာတများအား ကာကွယ်ထိန်းသိမ်းနိုငရန် အခွင့်အရေးကိုအာမခံသော ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာသည့်အထိ ကျနော်တို့ ထပ်တလဲလဲ တောင်းဆိုသွားမည်ဟု ရှမ်းပြည်နယ် မြစ်ချောင်းများအတွက် လှုပ်ရှားမှုအဖွဲ့က ဆိုသည်။
အစိုးရအနေဖြင့် နမ္မတူမြစ်(ခေါ်) မြစ်ငယ်မြစ်ပေါ်တွင် ရေကာတာ ၄ ခုတည်ဆောက်မည်ဖြစ်သည်။
အထက်ရဲ့ရွာ ရေကာတာအပါအဝင် ရေကာတာကြီး ၄ ခုသည် နမ္မတူမြစ်(ခေါ်)မြစ်ငယ်မြစ်၏ ပင်မမြစ်ကြောင်း ပေါ်တွင် အစီအစဉ်ဆွဲထားပြီဖြစ်၍ အထက်ရေရွာရေကာတာသည် ကျောက်မဲမြို့နယ်တွင် တည်ရှိပြီး ဆွစ်ဇာ လန် ဂျပန်နှင့် တရုတ်ကုမ္ပဏီတို့က ပါဝင်ရင်းနှီးမြုပ်နှံကာ ယခုတွင်လည်း ဆောက်လုပ်နေဆဲဖြစ်သည်ဟု သိရသည်။
IFC အနေဖြင့် ဒေသခံများကို စာနာသနားသောအားဖြင့် ဒေသခံများအတွက် ကောင်းကျိုးထက် ဆိုးကျိုးကို သာ၍ ဖြစ်စေသည့် ရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံမှုတွင် ပါဝင်လုပ်ဆောင်မှု မပြုရန် ဒေသခံများက တောင်းဆိုသည်။