မွန်ပြည်နယ်တွင် တိုင်းရင်းသား စာပေ သင်ကြားသည့် ဆရာ ၄၀၀ နီးပါး ထပ်မံ ခန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။

မွန်ပြည်နယ်တွင် တိုင်းရင်းသားစာပေများ သင်ကြားပေးနေသည့် ဆရာ၊ ဆရာမ ၃၉၈ ဦးကို နေ့စားလပေး (Teaching Assistant – TA) အဖြစ် ထပ်မံခန့်အပ်လိုက်သည် ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

ထပ်မံခန့်အပ်ခံရသည့် ဆရာ၊ ဆရာမ ၃၉၈ ဦးထဲတွင် မွန်စာသင်ကြားသည့် ဆရာ၊ ဆရာမ ၂၃၂ ဦး၊ ကရင်စာသင်ကြားသည့် ဆရာ၊ ဆရာမ ၁၄၅ ဦးနှင့် ပအိုဝ်းစာသင်ကြားသည့် ဆရာ၊ ဆရာမ ၂၁ ဦးတို့ ပါဝင်သည်။

“တိုင်းရင်းသားစာပေကို သင်နေတဲ့ ဆရာ၊ ဆရာမတွေကို TA ခန့်တာက အခုဆို ဒုတိယအကြိမ်ပေါ့နော်၊ TA မခန့်အပ်ခံရတဲ့ ဆရာ၊ ဆရာတွေ ကျန်နေသေးတယ်၊ အဲဒါတွေကို နောက်ပညာသင်နှစ်တွေမှာ ကျောင်းရဲ့ လိုအပ်ချက်အရ ပညာရေးဌာနရဲ့ ဘတ်ဂျက်ရေးဆွဲထားမှု လျာထားမှုအရအပေါ် မူတည်ပြီးတော့ ထပ်ခန့်အုံးမှာပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောသည်။

တိုင်းရင်းသား စာပေသင်ကြားနေသည့် ဆရာ၊ ဆရာမများကို နေ့စားလပေးအဖြစ် ဒုတိယအကြိမ် တိုးမြှင့်ခန့် အပ်ရန် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ လျှောက်လွှာခေါ်ယူခဲ့ရာ မွန်ပြည်နယ်မှ မွန်၊ ကရင်၊ ပအိုဝ်းစာပေသင်ကြားနေသည့် ဆရာ၊ ဆရာများ ၉၀၀ နီးပါး လျှောက်ထားခဲ့သည့်အနက် ဆရာ၊ ဆရာမ ၃၉၈ ဦးတို့က ခန့်အပ်ခံခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်းက တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာ၊ ဆရာများ ၄၀၀ ဦးကျော်ကို ၂၀၁၇ ခုနှစ်တုန်းက နေ့ပေးလစားအဖြစ် ပထမအကြိမ် ခန့်အပ်ခဲ့သည်။

လက်ရှိတွင် အစိုးရစာသင်ကျောင်းများ၌ တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာ၊ ဆရာမများသည် နေ့စားလပေးအဖြစ် ခန့်အပ်ခံထားရသည့် ဆရာ၊ ဆရာမများနှင့် နေ့ပေးလစားခန့်အပ်ခြင်းမခံရသေးသည့် ဆရာ၊ ဆရာမများဆိုပြီး နှစ်မျိုးနှစ်စားရှိနေသည်။

ခံစားခွင့်အနေနှင့် နေ့စားလပေးများသည် ကျောင်းဖွင့်ရက်တိုင်း တစ်နေ့လျှင် ၄၈၀၀ ကျပ်နှုန်း ခံစားခွင့်ရရှိပြီး၊ နေ့စားလပေးမဟုတ်သည့် ဆရာ၊ ဆရာမများကတော့ တစ်လလျှင် ၃ သောင်းကျပ်နှုန်းနှင့် တစ်နှစ်အတွင်း ၉ လစာ ခံစားခွင့်ရရှိနေသည်။

“TA ခန့်အပ်ခံရရင် ခံစားခွင့်က ပိုများလာမယ်၊ အလုပ်လဲ ပိုလုပ်ရတယ် မွန်စာအပြင်ကို ကျောင်းမှာသင်တဲ့ အခြားဘာသာရပ်အတွက်လည်း အထောက်အကူပြု သင်ပေးရတယ်” ဟု မုဒုံမြို့နယ်မှ မွန်စာသင်ကြားနေသည့် နေ့စားလပေး ကျောင်းဆရာမတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် အစိုးရစာသင်ကျောင်းများ၌ မွန်၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားစာပေများ သင်ကြားလျက် ရှိပြီး သင်ကြားနေသည့် ဆရာ၊ ဆရာမများသည် အစိုးရဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများရှိသလို ပြင်ပမှ လာရောက်သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများလည်းရှိနေသည်။

မွန်ပြည်နယ်တွင် မွန်နှင့် ကရင် တိုင်းရင်းသား စာပေသင်ကြားနေသည့် မြို့နယ် ၈ မြို့နယ်၊ ပအိုဝ်းစာပေ သင်ကြားနေသည့် မြို့နယ် ၄ မြို့နယ်ရှိပြီး မွန်စာပေသင်ကြားနေသည့်ကျောင်း ၂၇၀ ကျောင်း၊ ကရင်စာပေ သင်ကြားနေသည့်ကျောင်း ၂၇၃ ကျောင်း၊ ပအိုဝ်းစာသင်ကြားနေသည့်ကျောင်း ၃၀ ကျောင်းခန့်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းအရ သိရသည်။

အဆိုပါ တိုင်းရင်းသားစာပေသင်ကြားနေသည့်ကျောင်းများတွင် Grade (1,2,3) တွင် မွန်စာသင်ကြားနေသည့် ကျောင်းသား ၂၁၀၀၀ ကျော်၊ စကောကရင်နှင့် အရှေ့ပိုးကရင်စာပေသင်ကြားနေသည့် ကျောင်းသား ၁၅၆၀၀ ကျော်နှင့် ပအိုဝ်းစာသင်ကြားနေသည့် ကျောင်းသား ၂၇၀၀ ကျော်ရှိပြီး ကျောင်းဆရာ၊ ဆရာမပေါင်း ၁၃၀၀ ခန့်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းအရ သိရသည်။