နေရပ်ပြန် ဒုက္ခသည်များအတွက် လယ်ယာမြေ ပြန်လည်ဖော်ထုတ်ရန် အစိုးရ စာရင်းကောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းက နေရပ်ပြန်စစ်ရှောင် အိမ်ထောင်စု (၁၁၄) စုအတွက် လယ်ယာမြေများ ဖော်ထုတ်ပေးရန် စာရင်းများ ကောက် ခံသွား သည်ဟု ဒေသခံများက ပြောသည်။
စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လာရောက် စာရင်းကောက်ခံခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။
စစ်ဘေးရှောင်စခန်းမှ နေရပ်သို့ ပြန်ရောက် နေထိုင်နေသည့် မုန်းဒိန်ပါရွာသား တစ်ဦးဖြစ်သူ ကိုမရော ဘရန်မိုင် က “အခုလုပ်ကိုင် နေတဲ့ မြေယာစာရင်းနဲ့ လာမယ့်နှစ်မှာလုပ်မယ့်စာရင်းတွေ လာကောက်တယ်။ ပေးလိုက်ပြီ။ ဒါပေမယ့် သူတို့ ဘာဆက် လုပ်ပေးမလဲတော့ မသိသေးဘူး။ အခုက စာရင်းကောက်တဲ့ အဆင့် ပဲ ရှိသေး တယ်။ ဘယ်အချိန် မှာ အကောင်အထည်ဖော်ပေးမယ်ဆိုတာတော့ မသိသေးဘူး။ နှစ်ဆန်းသူ တို့ပြန်လာမှ ထပ်မေးမှပဲ သိရမယ်” ဟု ပြောသည်။
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ မုန်းဒိန်ပါကျေးရွာအတွင်းက နေရပ်ပြန်လာကြသည့် စစ်ဘေးရှောင် အိမ် ထောင်စု (၁၁၄) စုမှ လူဦးရေ ၇၀၀ ကျော်အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုး ရေးပြန် လည်လုပ်ကိုင်နိုင်ရန် ယခုကဲ့သို့ လယ်ယာမြေများ ဖော်ထုတ်ပေးရန် စာရင်းများ ကောက် ခံနေ ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အခုအကြမ်းဖျင်းသဘောတူထားတာကတော့ တောရိုင်းမြေတွေပေါ့ အဲ့ဒါကို ရှင်းပေးမယ်ဆိုတာ မျိုး ပြောထားတယ်။ သစ်တောထိန်းသိမ်းရေးနယ်မြေထဲမှာ ပါသွားတဲ့မြေတွေကိုလည်း ပြန်ရချင်တယ်။ တချို့ လုပ်ကိုင်စားသောက်လို့ရတဲ့ နေရာမှာတော့ စိုက်ပျိုးလုပ်ကိုင်စားသောက်နေတယ်။ မရတဲ့နေရာတွေတော့ ဒီအတိုင်းပဲပေါ့၊ စာရင်းတော့ အားလုံးပေးလိုက်ပြီ”
သို့သော် ယခုကဲ့သို့ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အိမ်ထောင်စု စာရင်းကောက်ယူ သည့် ကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်အခြေ အနေကိုတော့ လာမည့် ၂၀၂၀ နှစ်ဆန်းပိုင်းမှ သိရ မည်ဟု ဒေသခံများက ပြောသည်။
တစ်ဖက်တွင်လည်း မုန်းဒိန်ပါရွာသားများအနေဖြင့် လယ်ယာမြေများ ရရှိရေးအတွက် အခြား လယ်ယာမြေ အကျိုးဆောင်များ၊ အရပ် ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း ရှိသည်ဟု ဆို သည်။
၂၀၁၁ ခုနှစ်အတွင်း တကျော့ပြန်ဖြစ်ပွားလာသည့် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြားက တိုက်ပွဲများကြောင့် ဒေသခံများမှာ စတင်စစ်ဘေးရှောင်ခဲ့ကြရပြီး ၂၀၁၃ ခုနှစ် အောက်တို ဘာလ (၂၈) ရက်နေ့တွင် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ကြရပြီးနောက်ပိုင်း လယ်ယာမြေများ ဆုံးရှုံးခဲ့ကြရ သည်ဟု ဆိုသည်။
“ပထမဆုံး စစ်ဘေးတိမ်းရှောင်တုန်းကတည်းကနေ လယ်ယာမြေတွေ၊ စပါးတွေ ဧကအများကြီးပဲ ဆုံးရှုံးရ သလို ပိုက်ဆံတွေလည်း အကုန်ဆုံးရှုံးရတယ်။ အခုလို အစိုးရဘက်က ကူညီမယ်ပြောတော့ ကျနော်တို့ ဘက်ကလည်း မျှော်လင့်ထားတယ်။ ကျနော်တို့ လုပ်ကိုင်စားသောက်တဲ့နေရာ၊ လယ်ယာ မြေတွေ အကုန် လုံးက သစ်တောဧရိယာ သစ်တောထိန်းသိမ်းရေးမြေထဲမှာ ပါသွားတာ ကြောင့် ပြန် လည်လုပ် ကိုင်စား သောက်ခွင့်ရချင်ပါတယ်” ဟု ဆက်ပြောသည်။
အစိုးရအနေဖြင့်လည်း တောရိုင်းမြေများ၊ သစ်တောထိန်းသိမ်းရေး ကြိုးဝိုင်းမြေအတွင်းပါသွားသည့် မြေယာ များ၊ ပျက်ဆီး သွားသည့် လယ်မြေများကို ပြန်လည်စိစစ်ပြီး ဖော်ထုတ်ပေးရန် စီစဉ်လျှက်ရှိသည်ဟု သိထား ကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မုန်းဒိန်ပါကျေးရွာသို့ နေရပ်ပြန်ရောက်ရှိနေသည့် စစ်ရှောင်များအတွက် လယ်ယာမြေများ ပြန်လည်ဖော်ထုတ်ပေးရန်ကိစ္စ မံစီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဦးမင်းမင်းက ကြယ်ပွင့်ပြမေးခွန်းမေးခဲ့သည်။
ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းက ကွင်းဆင်း လေ့လာမှုများပြုလုပ်လျှက်ရှိပြီး တောင်သူတစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှု စာရင်းများကို စိစစ်ဆောင်ရွက်ကာ လာမယ့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း လယ်ယာမြေများ ဖော်ထုတ်ပေးရန် စီစဉ်နေသည်ဟု ဖြေကြားခဲ့ သည်။
တပ်မတော်နှင့် KIA ကြားက တကျော့ပြန်တိုက်ပွဲများကြောင့် မုန်းဒိန်ပါကျေးရွာမှ ဒေသခံရွာသားများ ရွာလုံးကျွတ်စစ်ဘေးတိန်းရှောင်ထွက်ပြေးခဲ့ကြကြောင်း၊ ယနေ့အချိန်အထိလည်း နေရပ်သို့ ပြန်မ လာနိုင်သေးသည့် စစ်ဘေးရှောင်များလည်း အများအပြားကျန်ရှိနေသေးသည်ဟု ကျေးရွာတာဝန်ရှိသူများက ပြောသည်။
ယခု နေရပ်သို့ ပြန်လာကြသည့် ဒေသခံများမှာ မိုင်းခေါင်စစ်ရှောင်စခန်း၊ မန်စီစစ်ရှောင်စခန်း၊ ထွယ်ဆန် စစ်ရှောင်စခန်း၊ ရောဘက်စစ်ရှောင်စခန်း၊ ဂါးရာယန်စစ်ရှောင်စခန်း၊ ဖားကန့်နှင့် ဗန်းမော်ဒေသရှိ စစ်ရှောင်စခန်းများမှ ဖြစ်ကြသည်။
၂၀၁၉ ခုနှစ် မေလ ၂၃ ရက်နေ့မှ စတင်၍ မုန်းဒိန်ပါကျေးရွာတွင် ပြန်လည်နေထိုင်နေသူ အိမ်ထောင်စု (၁၁၄) စု၊ လူဦးရေ စုစုပေါင်း (၇၀၇) ဦး ရှိသည်ဟု ကျေးရွာတာဝန်ရှိသူများက ပြောသည်။