မွန်ပြည်သစ်ပါတီရှိ အသက်အရွယ်ကြီးရင့်သော ပါတီခေါင်းဆောင်အချို့ အနားယူဖွယ်ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။

မွန်ပြည်သစ်ပါတီ ဌာနချုပ်တွင် ဆယ်ကြိမ်မြောက်ညီလာခံ ကျင်းပနေပြီး ညီလာခံတွင် အသက်အရွယ်ကြီးရင့်သော ခေါင်းဆောင်များ အနားယူဖွယ်ရှိသည်ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီ၏ ဖွဲ့စည်းပုံအရ ပါတီခေါင်းဆောင်များ တပ်ခေါင်းဆောင်များ အသက်အရွယ်ကြီးရင့်သော အခါ အနားယူရခြင်းဖြစ်ကြောင်း မွန်နိုင်ငံရေး စောင့်ကြည့်လေ့လာသူ မင်းမင်းနွယ်က ပြောသည်။

“ပါတီမှာက သက်တမ်းပြည့် အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေ (အသက်) ၇၀/၇၅ အထက်ဆိုရင် နိုင်ငံရေးကနေ အနားယူပေးရမယ် (အသက်) ၆၀/၆၅ အထက်ဆိုရင် စစ်ရေးလိုင်းကနေပြီးတော့ အနားယူပြီး အခြားကိုယ်ထမ်းဆောင်နေတဲ့ကဏ္ဍကနေ ဦးဆောင်သွားဖို့ အကြံပေးသွားဖို့ဆိုတဲ့ ပါတီရဲ့ညီလာခံဆုံးဖြတ်ချက်တွေက အဲလိုရှိခဲ့ဖူးတယ် ဒီအပြောင်းအလဲက ရွေးကောက်ပွဲနဲ့သော်လည်းကောင်း လမ်းစဉ်ကြောင့်နဲ့သော်လည်းကောင်း ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲတဲ့ပုံစံမျိုးမဟုတ်ဘူး”

မွန်ပြည်သစ်ပါတီအနေနှင့် ပါတီညီလာခံကို ၄ နှစ်တစ်ကြိမ် ကျင်းပလာခဲ့ပြီး ပါတီခေါင်းဆောင်ပိုင်း အပြောင်း အလဲကိုလည်း ၄ နှစ်တစ်ကြိမ် ကျင်းပသည့် ညီလာခံ၌ပင် ပြန်လည်ရွေးချယ်ကြသည်။

မွန်ပြည်သစ်ပါတီ၏ ၁၀ ကြိမ်မြောက် ညီလာခံကို ဒီဇင်ဘာ ၂၅ ရက်နေ့(ယနေ့)မှ စပြီး ပါတီဗဟိုဌာနချုပ် တည်ရှိရာ ရေးချောင်းဖျားဒေသတွင် ကျင်းပလျက်ရှိ သည်ဟု မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များက ပြောသည်။

ညီလာခံတွင် ပါတီ၏ အခြေခံဥပဒေဆိုင်ရာ၊ မူဝါဒပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာ၊ ရှေ့ဆက်လုပ်ငန်းပိုင်းဆိုင်ရာ နိုင်ငံရေးအခြေအနေနှင့် အထွေထွေဆိုသည့်ကဏ္ဍများ သုံးသပ်ဆွေးနွေးသွားရန်ရှိသည့်အပြင် ခေါင်းဆောင် ပိုင်း ပြန်လည်ရွေးချယ်ခြင်း အစီအစဉ်လည်း ပါရှိမည်ဟု မွန်ပြည် သစ်ပါတီ အမှတ် ၅ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး M စိုက်ချမ်း က ပြောသည်။

“ညီလာခံ ကျင်းပမယ့်ရက်ကတော့ အသေ သတ်မှတ်ထားတာတော့မရှိဘူး၊ ဆွေးနွေးတဲ့ အကြောင်းအရာ အပေါ်မူတည်ပြီးတော့ အနည်းဆုံး ၁၀ ရက်ကနေ အများဆုံး ၁၅ ရက်ထိ ကျင်းပဖို့တော့ ရှိတယ်” ဟု ဒု-ဗိုလ်မှူးကြီး M စိုက်ချမ်း က ပြောသည်။

ကျင်းပလျက်ရှိသည့် မွန်ပြည်သစ်ပါတီ ညီလာခံမှ ပါတီ၏နိုင်ငံရေးလမ်းစဉ်ကို ထွေထွေထူးထူး အပြောင်းအလဲ ဖြစ်လာမည့်အနေအထားရှိမည် မထင်ကြောင်း မွန်နိုင်ငံရေးစောင့်ကြည့်လေ့လာသူ မင်းမင်းနွယ် က ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ပါတီတွင်း လူငယ် အခန်းကဏ္ဍကိုပီပီပြင်ပြင် ဖော်ဆောင်သင့်သည့်အပြင် ဦးဆောင် မှု အခန်းကဏ္ဍ၊ လုပ်ငန်းဖော်ဆောင်မှု အခန်းကဏ္ဍတို့တွင်လည်း လူငယ်များ ဦးဆောင်နိုင်ရန် ဖော်ဆောင်ပေး သင့်သည်ဟုလည်း မင်းမင်းနွယ် က ဆက်ပြောသည်။

ကျင်းပလျက်ရှိသည့် ၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံတွင် ပါတီကိုယ်စားလှယ်များ၊ လေ့လာသူ များနှင့် အကြံပေးအဖွဲ့များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ကြမည်ဟုလည်း မွန်ပြည်သစ်ပါတီ က ပြော သည်။

မွန်ပြည်သစ်ပါတီသည် ပထမဆုံးအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ အပစ် ခတ်ရပ်စဲရေးသဘော တူညီချက် စာချုပ်ချုပ်ဆိုနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဧပြီလခန့်တွင် အပစ်ခတ်ရပ်စဲ ရေး ပျက်ပြယ်သွားခဲ့ပြီးနောက် ဒုတိယအကြိမ်အနေနှင့် ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီ ခဲ့သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက်ဆိုကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက လက်မှတ်ရေးထိုးထားခဲ့သည်။