ရှမ်းမြောက်တွင် KIA နှင့် တပ်မတော်ကြား ၂၀၂၀ အတွင်း ပထမဆုံး တိုက်ပွဲ ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ အကြား ၂၀၂၀ ခုနှစ် အတွင်း ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၂၀၂၀ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့တွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန် ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

“၁ ရက်နေ့မှာ ဖြစ်တယ် မနက် ၇ နာရီနဲ့ ၈ နာရီကြားလောက်မှာ ဖြစ်ပါတယ်။ အောက်ခြေက သတင်းကတော့ တက်ပါတယ်။ မိနစ် ၃၀ လောက်တောင်ကြာမယ်ထင်တယ် အတိအကျတော့ မသိဘူး။ အခုလောလောဆယ်တော့ ဒီတစ်ခေါက် ပထမပဲ ဒီတစ်ခါပဲ။”

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၄ ဒေသတွင် တိုက်ပွဲဖြစ်ပွား ခဲ့ ခြင်းဖြစ်သည် ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

“တိုက်ပွဲဖြစ်တာဆိုတာကတော့ ကျနော်တို့ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေဖက်မှာ ဖြစ်ပါ တယ်။ မနက်ပိုင်းပေါ့နော ကျနော်တို့ မြို့နယ်အနေနဲ့ကတော့ နမ့်ခမ်းမြို့နယ်ဖက်မှာ ကျတယ်ထင်တယ်။”

တပ်မတော်မှ တပ်မ ၉၉ လက်အောက်ခံ တပ်များနှင့် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ လှုပ်ရှားဒေသသို့ တပ်မတော်မှ တက်လာသည့်အတွက် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်ဟု KIO/KIA က ဆိုသည်။

ထို့အပြင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် ၄ ဖွဲ့မှ တစ်ဖွဲ့ဖြစ်သည့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့် တပ်မတော်တို့ကလည်း ဇန္နဝါရီလ ၂ ရက်နေ့ ယမန်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ မန်ဝန်းကျေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

ဇန္နဝါရီလ ၁ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် AA၊ MNDAA၊ TNLA တို့က တတိယအကြိမ် တစ်ဖက်သတ် အပစ်ရပ်ထားမည်ဟု ထုတ်ပြန်ထားသော်လည်း တပ်မတော်မှ ၎င်းတို့ ဒေသသို့ အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်လာသည့်အတွက် ယခုနှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲပြန် လည်ဖြစ်ပွားနေသော်လည်း ကချင်ပြည်နယ်ဖက်တွင် စစ်ရေး အခြေအနေ တည်ငြိမ်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည့် အခြားတစ်ဖက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပါဝင်သော မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ ပဏာမ အပစ်ရပ် လက်မှတ်ရေး ထိုးနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင် လျက် ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တို့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင် ထပ်မံတွေ့ဆုံ ဆွေးနွေးရန် သဘောတူထားကြသည်။ သို့သော် အချိန်နှင့် နေရာများကို ပြန်လည်ညှိနှိုင်းရန်ရှိသည်ဟု ဆိုသည်။

ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက တွေ့ဆုံဆွေးနွေးမှုကို ထိခိုက်လာနိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“အခုလောလောဆယ်တော့ ဘာမှထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် တိုက်ပွဲ ဒီလိုပဲ ဆက်ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးနဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲမှာတော့ ထိခိုက်မှုတော့ ရှိမှာပါ အဲဒါကြောင့် ဒီတပ်မ တော်ရော ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေပေါ့နော အားလုံးကတော့ တိုက်ပွဲ မဖြစ်အောင် တော့ ကြိုးစားရမှာ ဖြစ်ပါတယ်။”

တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း အစိုးရနှင့် ပဏာမ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေ သည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာ အမျိုး သားများ ဒီမိုကရက် တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

၎င်းမြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။