နိုင်ဟံသာ မွန်ပြည်သစ်ပါတီ ဥက္ကဌ ဖြစ်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ (၇) ရက်။

မွန်ပြည်သစ်ပါတီ ၁၀ ကြိမ်မြောက် ညီလာခံတွင် ပါတီဥက္ကဌ အဖြစ် နိုင်ဟံသာကို ရွေးချယ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ(NMSP) က ပြောသည်။

ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျားဒေသတွင် ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်ကာ ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ၁၀ ကြိမ်မြောက် ညီလာခံတွင် ပါတီ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စစ်ရေးကော်မတီ နှင့် ပါတီ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ စစ်ဦးစီးချုပ်၊ ခရိုင်၊ မြို့ နယ် အစရှိသည့် အဆင့်ဆင့်သော တာဝန်တို့ကို လျို့ ဝှက်မဲစနစ်ဖြင့် အသစ် ပြန်လည်ရွေးချယ်ခဲ့သည်။

အသစ်ပြန်လည် ရွေးချယ်ရာတွင် ပါတီ ဥက္ကဌအဖြစ် နိုင်ဟံသာ၊ ဒု-ဥက္ကဌ နိုင်အောင်မင်း၊ အထွေထွေ အတွင်းရေးမှူး နိုင်ဂျော်ယဲ့၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်လှနှင့် ကော်မတီဝင်အဖြစ် နိုင်လရီဂကောင်း၊ နိုင်ဗညားလယ်၊ နိုင်အောင်မငေး၊ နိုင်ဗညာမဲ့စန်းတို့ ရွေးချယ်ခံရသည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မ တီဝင်တစ်ဦးက ပြောသည်။

ညီလာခံမှ ဗဟိုကော်မတီဝင် ၃၃ ဦး၊ အရန်ဗဟိုကော်မတီဝင် ၅ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦး၊ စစ်ရေးကော်မတီ ၇ ဦးတို့ကို ရွေးချယ်ခဲ့သည်။

ယခုကျင်းပလျက်ရှိသည့် ညီလာခံမှ ရွေးချယ်ခံရသည့် ဗဟိုကော်မတီဝင်များထဲတွင် လူငယ်များ ပိုမိုပါဝင် လာသည့်အပြင် အမျိုးသမီးလည်း ၂ ဦးလည်း ပါဝင်လာသည်။

“(မွန်ပြည်သစ်ပါတီ ခေါင်းဆောင်အပြောင်းအလဲက) ထူးထူးခြားခြားပြောင်းလဲတာတော့မဟုတ်ဘူး၊ ဒါပေမယ့် ဒီတစ်ခါအပြောင်းအလဲမှာ လူငယ်တွေ အထိုက်အလျောက်ပါဝင်လာတာကိုတွေ့ရတယ် ကြိုလည်း ကြိုဆိုပါတယ်” ဟု မွန်နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ဦးမင်းမင်းနွယ်က ပြောသည်။

မွန်ပြည်သစ်ပါတီအနေနှင့် ပါတီညီလာခံကို ၄ နှစ်တစ်ကြိမ် ကျင်းပလာခဲ့ပြီး ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲကိုလည်း ၄ နှစ်တစ်ကြိမ် ကျင်းပသည့် ညီလာခံ၌ပင် ပြန်လည်ရွေးချယ်ကြသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်ကျင်းပခဲ့သည့် အဆိုပါညီလာခံတွင် ပါတီ၏ အခြေခံဥပဒေဆိုင်ရာ၊ မူဝါဒပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာ၊ ရှေ့ဆက်လုပ်ငန်းပိုင်းဆိုင်ရာ၊ နိုင်ငံရေးအခြေအနေနှင့် အထွေထွေဆိုသည့်ကဏ္ဍများ ဆွေးနွေး သုံးသပ်ခဲ့ကြသည်။

၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံတွင် ပါတီကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် အကြံပေးအဖွဲ့များ စုစုပေါင်း ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ကြသည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။

မွန်ပြည်သစ်ပါတီသည် ပထမဆုံးအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ အပစ်ခတ်ရပ်စဲရေးသဘော တူညီချက် စာချုပ်ချုပ်ဆိုနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဧပြီလခန့်တွင် အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပြီးနောက် ဒုတိယအကြိမ်အနေနှင့် ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက်ဆိုပြီး တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက လက်မှတ်ရေးထိုးထားခဲ့သည်။