မြောက်ပိုင်းလေးဖွဲ့လုံးနှင့် လက်မှတ်ရေးထိုးရေး တပ်မတော်လက်ခံရန် ဒေါ်အောင်ဆန်းစုကြည်ကို KBC တင်ပြ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ ၄ ဖွဲ့လုံး ပဏာမ အပစ်ရပ်လက်မှတ်ရေး ထိုးရေးကို တစ်ပြိုင်တည်း ပြုလုပ်နိုင်ရန်အတွက် တပ်မတော်ဖက်မှ လက်ခံပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် တောင်းဆိုခဲ့သည်ဟု ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ် KBC မှ ပြောသည်။
ထို့သို့ပြုလုပ်နိုင်မှသာ ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်မည် ဖြစ်သည့်အတွက် တင်ပြတောင်းဆိုရခြင်းဖြစ် သည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန် က ပြောသည်။
“အဓိကကတော့ ဒီ IDPs တွေ နေရပ်ပြန်တဲ့ အချိန်မှာ လုံခြုံစွာ နေရပ်ပြန်ရေးကတော့ ကေအိုင်အေနဲ့ တပ်မတော်နဲ့ Bilateral Ceasefire (အပစ်အခတ်ရပ်စဲရေး နှစ်ဘက် အပြန်အလှန် သဘောတူညီချက်) က အဓိက ဖြစ်တယ် ဆိုတဲ့ အကြောင်း။ အဲဒါဖြစ်ဖို့ကလည်း ၄ ဖွဲ့နဲ့ တစ်ပြိုင်တည်း ပထမအဆင့်အနေနဲ့ လက်မှတ်ထိုးဖို့နေရာမှာ တပ်မတော်ဖက်က လက်ခံဖို့လိုတဲ့ အကြောင်းပေါ့။ ပြီးမှပဲ Next Step ကို သွားတဲ့အချိန်မှာ ကိုယ့်ရဲ့ ပေါ်လစီနဲ့ ကိုယ်သွားဖို့ ဆိုတဲ့အကြောင်း အဲဒါမှသာလျှင် ဒီ IDPs တွေ လုံခြုံစွာ ပြန်နိုင်မယ်ဆိုတဲ့အကြောင်းကို တင်ပြခဲ့ပါတယ်။”
ဇန္နဝါရီလ ၉ ရက်နေ့ (ယနေ့)တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KBC ရုံးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် KBC မှ တာဝန်ရှိသူများ တွေ့ဆုံစဉ် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည် ဟု ဒေါက်တာ ခါလမ်ဆမ်ဆွန် က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှလည်း ငြိမ်းချမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ရာ တွင် တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်း လုပ်ဆောင်၍ မရကြောင်း အားလုံး ပါဝင်လုပ်ဆောင်ပေးရန် တိုက်တွန်း ပြောကြားခဲ့သည်ဟု KBC ဥက္ကဋ္ဌ ကဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင် လုပ်ဆောင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကချင်ပြည် နယ်နေ့ကို လာရောက်ရင်း ယခုကဲ့သို့ KBC အဖွဲ့ချုပ်ရုံးသို့ လာရောက်လည်ပတ်ခြင်းသည် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ယုံကြည်မှုကို ပိုမိုဖြစ်ပေါ်စေသည်ဟု ဒေါက်တာ ခါလမ်ဆမ်ဆွန် က ပြောသည်။
“အတိုင်ပင်ခံကလည်း ဒီခရစ်ယာန် အဖွဲ့အစည်းများအနေနဲ့ ယေရှုကိုယ်တိုင်က ငြိမ်းချမ်းရေး အရှင်ဖြစ်တဲ့အ တွက်ကြောင့်မို့လို့ နားလည်မှာပါဆိုတာလည်း ပြောခဲ့ပါတယ်။ ဆိုတော့ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးအ တွက် အထူးသဖြင့်ကတော့ တရားမျှတဖို့အတွက်ပေါ့နော် ကျနော်တို့ရှေ့ဆက်ပြီးတော့မှ ဘယ်လို အစိုးရနဲ့ လုပ် ဆောင်သွားဖို့လိုသလဲ ဆိုတာကတော့ ကျနော်တို့ ဆက်လက် လက်တွဲလုပ် ဆောင်သွားမှာ ဖြစ်ပါတယ်။”
အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တို့ ပဏာမ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရန်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူထားကြသည်။ သို့သော် အချိန်နှင့် နေရာများ ကို ပြန်လည်ညှိနှိုင်းရန်ရှိသည်ဟု သိရသည်။
အခြားတစ်ဖက်တွင် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မန်စီ မြို့နယ်များရှိ စစ်ဘေးရှောင် စခန်းများမှ လူဦးရေ ၃၀၀၀ အိမ်ထောင်စု ၅၀၀ ခန့်ကို ယခုနှစ် နှစ်ဆန်းပိုင်းအတွင်း ၎င်းတို့၏ မူရင်းနေရပ် သို့ ပြန်လည်နေရာချထားပေးနိုင်ရန် စီစဉ်လုပ်ဆောင်သွားမည်ဟု ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူ ညီ စောင့် ရှောက်ရေးကော်မတီ KHCC က ဒီဇင် ဘာလ ၂၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ တွင် ပြောကြားထားသည်။
အစိုးရနှင့် ပဏာမ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေ သည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ တို့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ရက္ခိုင့်တပ်တော် (ULA/AA)၊ မြန်မာအမျိုးသားများ ဒီမိုကရက် တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/ TNLA) တို့ ဖြစ်ကြသည်။