ငြိမ်းချမ်းရေးအတွက် အားလုံး ပါဝင်ရန် ကချင်ပြည်နယ်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်။

လွတ်လပ်ရေး၏ ရည်ရွယ်ချက်ဖြစ်သည့် ကိုယ့်ကံကြမ္မာကိုယ် ဖန်းတီးနိုင်ရေးကို ရရှိရန်အတွက် ငြိမ်းချမ်းရေး သည် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်နေပြီး အားလုံး ပါဝင်ရန် လိုအပ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စု ကြည်က ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောင်ကွင်းတွင် ပြုလုပ်သည့် ၇၂ နှစ် မြောက် ကချင်ပြည် နယ်နေ့ အခမ်းအနားအတွင်း မိန့်ခွန်း ပြောကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

“ကျမတို့ လွတ်လပ်ရေးကို ပြီးမြောက်ဖို့ ဆိုလို့ရှိရင် ပြည်တွင်းငြိမ်းချမ်းရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ လွတ်လပ်ရေးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများ စိတ်လုံ ခြုံရေး အတွက်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးဟာလည်း မဖြစ်မနေ ရရှိရမယ့် အရာတစ်ခုဖြစ်ပါတယ်။”

ထို့အပြင် လွတ်လပ်ရေးဖခင်ကြီးများမှ လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းခဲ့စဉ်က ထပ်ခါတလဲလဲ ပြောဆိုခဲ့သည့် စကားမှာ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိချင်သည့် အကြောင်းသာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် လည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိကြောင်း၊ သို့သော် ဖန်တီးရဲသည့် တာဝန်နှင့် ဖန်တီးနိုင်သည့် အရည်အ ချင်းရှိရန်လိုသည် ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောခဲ့သည်။

“ကျမတို့ဟာ ဘာဖြစ်လို့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးချင်လဲဆိုတာကို ပြန်ပြီးစဉ်းစား လိုက်တဲ့အခါကျရင် စိတ် လုံခြုံမှု ရချင်လို့ပါ။ သူများရဲ့ လက်ထဲမှာ ကိုယ်ဟာ သူများလက်ထဲက ရေလိုသူများရဲ့ ဆုံးဖြတ်ချက်အရ ကိုယ့် ရဲ့ ကံကြမ္မာဟာ ဖြစ်ရမယ်ဆိုလို့ရှိရင် ဘယ်လိုမှ ကျမတို့ဟာ စိတ်လုံခြုံမှု ရှိနိုင်မှာ မဟုတ်ပါဘူး။” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ “ဒါ ကြောင့်မို့လို့ ကျမတို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီးများဟာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးချင်တယ်။ ကိုယ့်နိုင်ငံရဲ့ လုံခြုံရေးအတွက် ကိုယ့်ရဲ့ နိုင်ငံသူ နိုင်ငံသားရဲ့ စိတ်လုံခြုံရေး ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် တာဝန်ယူချင် တယ်ဆိုတဲ့ဟာကို ဖော်ပြသွားတာပဲဖြစ်ပါတယ်။”

ထို့ကြောင့် ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်ရန် ယခုမျိုးဆက်တွင် တာဝန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆက်ပြောသည်။

“ကျမတို့ လွတ်လပ်ရေး ဖခင်များ စခဲ့တဲ့ လုပ်ငန်းကို ပြီးအောင် ပြီးမြောက်အောင် လုပ်ဖို့ဆိုတာ ကျမတို့ မျိုး ဆက်မှာတင် ကျမတို့ ပြီးစေချင်ပါတယ်။ နောင်မျိုးဆက်တွေအတွက် ကျမတို့ ဆက်ပြီးတော့ မထားခဲ့ချင်ပါဘူး။ ကျမတို့ နောင်မျိုးဆက်တွေအတွက် တကယ်ထားပေးခဲ့ဖို့ လုပ်မယ်ဆိုလို့ရှိရင် အခုလောလောဆယ် ငြိမ်းချမ်း ရေး ဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။”

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်မှ ပေးပို့သည့် ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ ဂုဏ်ပြုသဝဏ်လွှာထဲတွင်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်နိုင်ရန်အတွက် တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး အတူ တကွ ပါဝင် လုပ်ဆောင်ပေးရန် တိုက်တွန်းထားသည်။

“တိုင်းရင်းသား လူမျိုးများ အားလုံး မျှော်လင့်တောင့်တလျက်ရှိသည့် တရားမျှတခြင်း လွတ်လပ်ခြင်း သာတူ ညီမျှ အခွင့်အရေး ရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိခြင်း ဟူသည့် အနှစ်သာရများပြည့်ဝသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်းရင်းသား ပြည်သူအားလုံးက ပြည်ထောင်စု စိတ်ဓာတ်အရင်းခံကာ စည်းလုံး ညီညွှတ်စွာ ဥမကွဲသိုက်မပျက် ထာဝစဉ် ပူးပေါင်း လက်တွဲဆောင်ရွက်သွားကြရန် ဤနေ့ထူးနေမြတ် အခါသယ တွင် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့အပ်ပါသည်။”

၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စား လှယ် များ၊ ဒေသခံမြို့မိမြို့ဖများ၊ကချင်ပြည်နယ်ရှိ တိုင်းရင်းသား မျိုးနွယ်စုဝင်များ စုစုပေါင်း လူဦးရေ ထောင်နှင့် ချီတက်ရောက်ခဲ့ကြသည်။