အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှု များများလုပ်ရန် ကေအိုင်အိုကို တရုတ်တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။

အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို များများပြုလုပ်ပေးရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း မှု များကို အလေးထား ဆောင်ရွက်ပေးရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို တရုတ် အထူးကိုယ်စားလှယ်က တိုက်တွန်း ခဲ့သည်။

ဇန္နဝါရီလ ၁၀ ရက်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်တို့ KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့ တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ဆက် ပြီးတော့မှ NRPC ပေါ့ မြန်မာအစိုးရ ဒီနိုင်ငံရေး ဆွေးနွေးတဲ့ အကြောင်းတွေကို ဆက်ပြီးမှ ကြိုးစားပြီးမှ စိတ် ရှည်ရှည်နဲ့ ခပ်စိပ်စိပ် တွေ့ဆုံဆွေးနွေးပါ။ တရုတ်ခေါင်းဆောင်တွေလည်း ပြည်တွင်းငြိမ်း ချမ်း ရေး အောင်မြင်မှုကို မျှော်လင့်ပါတယ်ဆိုတဲ့ အကြောင်းတွေပါတယ်” ဟု ပြောသည်။

မကြာမှီ ရောက်ရှိလာမည့် တရုတ် လူမျိုးများ၏ နှစ်သစ်ကူးကာလအတွက် မိတ်ဟောင်းဆွေဟောင်းများကို တရုတ်ဖက်မှ လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး နှစ်သစ်ကူးကာလအတွင်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်ဟု KIO သတင်း နှင့်ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

“ကျနော်တို့ လက်နက်ကိုင် အဖွဲ့အစည်းတွေ KIA အပါအဝင် ကျနော်တို့ ဒီမြောက်ပိုင်း မဟာမိတ်အားလုံး အပါအဝင် ပေါ့ နော ဒီနယ်စပ်ဒေသမှာ တည်တည်ငြိမ်ငြိမ် လုပ်ပေးဖို့ပေါ့ တိုက်ပွဲတွေဘာတွေ မဖြစ်ဖို့ သူတို့က ကြိုတင်ပြီးမှ ပြောထားတဲ့ အချက်ဖြစ် ပါတယ်။ ဒီနှစ်သစ်ကူး အချိန်ကာလမှာ ငြိမ်းငြိမ်းချမ်းချမ်းတည် တည်ငြိမ်ငြိမ် ဖြစ်ဖို့ ဆောင်ရွက်ပေးပါဆိုတဲ့ အချက်တွေ ပါပါတယ်။”

အဆိုပါဆွေးနွေးချက်များအပေါ် KIO/KIA ဖက်မှ ပြန်လည်ဆွေးနွေးခဲ့သည့်အပေါ် “ကျနော်တို့လည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက်တော့ ကျနော်တို့ ကြိုးစားပြီးတော့ လုပ်ဆောင်နေပါတယ်။ ဆောင်ရွက်နေပါတယ်။ ဆိုတဲ့အကြောင်းတွေ မိတ်ဆွေတို့ရဲ့ နှစ်သစ်ကူး အချိန်ကာလမှာလည်းပဲ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲဖို့ ကျနော်တို့ ကြိုဆိုပါ တယ်ဆိုတဲ့ အကြောင်းတွေပြောသွားတယ်။ တစ်ခြားကိစ္စ နိုင်ငံရေးကိစ္စ စစ်ရေးကိစ္စ အထူးခေါင်း စဉ်တွေကိုတော့ ဘာမှ ဆွေးနွေးတာတွေ ပြန်ပြီးမှ တုန့်ပြန်တောင်းဆိုတာတွေ ဘာမှ မရှိပါဘူး” ဟု ဗိုလ်မှူး ကြီးနော်ဘူ က ဆက်ပြောသည်။

အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်၍ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ PCG က ဦးဆန်အောင်က “ဒီတရုတ် နှစ်သစ်ကူးအချိန်မှာ ဒီနယ်စပ်တွေမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်တယ်၊ အဲ့ဒါကို နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ဆိုတဲ့ဟာလောက်ပဲ ကျနော်တို့သိပါတယ်။ တွေ့ဆုံမှုကတော့ ကောင်းတယ် လို့တော့ ပြောလို့ရပါတယ်” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တရုတ် အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးမှု မှာ ကောင်းမွန် သည့် တွေ့ဆုံမှုဖြစ်ကြောင်း၊ သို့သော်လည်း KIO အား အပစ်ရပ် NCA လက်မှတ်ထိုးရေး တိုက်တွန်းပြောဆို ခဲ့ခြင်း ရှိမရှိကိုတော့ PCG အနေဖြင့် မသိရသေးကြောင်း ဦးဆန်အောင် က ဆက်ပြောသည်။

“အဲ့ဒါကတော့ မသိဘူးဗျ။ KIO ကလည်း အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားပြီးသားဖြစ် နေတာဆိုတော့ သိပ်ပြီးတော့ အပြောင်းအလဲတော့ မရှိဘူးထင်ပါတယ်။”

လိုင်ဇာဌာနချုပ်သို့ ရောက်လာသော တရုတ်အထူးကိုယ်စားလှယ်က ရက္ခိုင့်တပ်တော် AA မှ တာဝန်ရှိသူများ လည်း တွေ့ဆုံခဲ့ကြသည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ ပဏာမ အပစ်ရပ်လက် မှတ်ရေးထိုးနိုင်ရန်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတွင် အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင် ထပ်မံတွေ့ဆုံဆွေး နွေးရန် သဘောတူထားကြ သည်။

သို့သော်လည်း အချိန်နှင့် နေရာများကို ပြန်လည်ညှိနှိုင်းရန်ရှိသည်ဟု သိရသည်။

ဗိုလ်မှူးကြီး နော်ဘူက “သူတို့သဘောတူထားတာတော့ ဒီလ နောက်ဆုံးအပတ်မှာ တွေ့ဆုံဖို့လို့ပြောထားတာ အဲလောက်ပဲ ရှိပါတယ်။ ဘယ်နေရာမှာ ဘယ်လောက်တွေ့မယ်ဆိုတဲ့ အသေးစိတ်ကတော့ အခုထက်ထိတော့ ဘာမှသတ်မှတ် ချက် တွေ မရသေးပါဘူး” ဟုပြောသည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ ပဏာမ အပစ်ရပ်လက် မှတ်ရေးထိုးနိုင်ရန်အတွက် ထပ်မံတွေ့ဆုံ ဆွေးနွေးကြမည့် အခြေအနေနှင့် ပတ်သက်၍ ဦးဆန်အောင် က “တွေ့ဖို့တော့ ရှိတယ်။ ဒါပေမယ့် ဒီမှာ တရုတ်နှစ်သစ်ကူးနဲ့ တခြား ဒီအစိုးရဘက်ကလည်း မအားသေးဘူးဆိုတော့ ဒီလအတွင်းမှာတောင် မဖြစ် လောက်ဘူးလား၊ နည်းနည်းများရွှေ့မလားပေါ့ဗျာ၊ ဖေဖော်ဝါရီလထဲရောက်မလား၊ ဒီလကုန်ပိုင်း မှာ ဖြစ် မလားဆိုတော့ အခုထိတော့ မသိရသေးဘူးဗျ” ဟု ဆက်ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ရက္ခိုင့်တပ်တော် (ULA/AA)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/MNDAA-ကိုးကန့်အဖွဲ့ )နှင့် တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA) တို့သည် အစိုးရနှင့် ပဏာမ အဆင့် အပစ်ခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းနေကြခြင်း ဖြစ်သည်။