ကျောက်တော်နှင့် မြောက်ဦး မိုင်းပေါက်ကွဲမှု ကလေးငယ် ၃ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သောကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ဒေသခံ ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။
ဇန္နဝါရီလ ၁၁ ရက်နေ့ (ယနေ့) နံနက် (၆) နာရီ အချိန်ခန့်က ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာ အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ၁၀ နှစ် အရွယ် ကလေးငယ် နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ကျောက်တော်ဒေသခံတစ်ဦးက “မနက် ၆ နာရီလောက်မှာ ဖြစ်တာ။ ဒီနေ့မနက်က မိုင်းပေါက်တယ်။ ကျောက်တော်မြို့နယ်၊ ရုတ်သားကျေးရွာမှာ ဖြစ်တာ။ ကလေးနှစ်ယောက် မိုင်းဆံထိတယ်။ အမျိုးသမီးကြီး တစ်ယောက် မိုင်းဆံထိတယ်။ ကျောက်တော် ဆေးရုံမှာပဲ။ ကလေးက ၁၀ နှစ် အရွယ် ယောက်ကျားလေး တွေပါ။ အမျိုးသမီးကြီးကတော့ ၆၅ နှစ်အရွယ်ပေါ့။ သူ့မြေးတွေပါ” ဟု ပြောသည်။
မိုင်းပေါက်ကွဲမှုကို ကျောက်တော်မြို့က ကြားရသည်ဟု မြို့ခံများက ပြောသည်။ ကျောက်တော်မြို့ နှင့် ၃ မိုင် နီးပါးခန့် အကွာရှိ ရုပ်သားကျေးရွာတွင် ပေါက်ကွဲမှု မဖြစ်ခင် တပ်မတော်မှ ဝင်ရောက်သွားလာမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်း က “တဆင့်ကြားတာကတော့ အဲ့ဒီ ရုပ်သားရွာမှာ တပ်မတော်က နေခဲ့တယ်လို့ ပြောတယ်။ အဲ့ဒီမှာနေခဲ့တဲ့နေရာမှာ အဖွားကြီးတစ်ယောက် မီးလှုံဖို့ အမှိုက်တွေဘာတွေ ရှင်းပြီး သိမ်းတဲ့အခါမှာ မီးရှို့တော့ ပေါက်ကွဲသွားတာပေါ့။ အဖွားကြီး တစ် ယောက်ရယ်၊ ကလေးလေးတွေရယ် ထိခိုက်ဒဏ်ရာရတယ်ပြောတယ်။ ရုပ်သားရွာက ကျောက်တော်မြို့ နဲ့လည်း သိပ်မဝေးဘူး။ ချောင်းတော့ခြားတယ်၊ ရေကြောင်းကနေသွားရတာပါ” ဟု ပြောသည်။
ထို့အပြင် မြောက်ဦးမြို့နယ်အတွင်းက အုတ်ဖိုကန်ကျေးရွာတွင်လည်း ဇန္နဝါရီလ ၉ ရက်နေ့ ညနေ က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီၤး တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ရွာသားလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု မြောက်ဦးဒေသခံများက ပြောသည်။
မြောက်ဦးမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “အခုသူတို့က ဆေးရုံရောက်သွားပြီ။ ဒီအုတ်ဖိုကန်ရွာမှာ အမြှောက်ဆံကျတာလို့တော့ သိထားတယ်။ တချို့ကလည်းအမျိုးမျိုးပြောကြတာပေါ့။ အခုတော့ မြောက်ဦးဆေးရုံမှာပေါ့။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ဒေသခံတွေကို မေးကြည့်ရင် ပိုပြီးသိလိမ့်မယ်။ ဖြစ်စဉ်ကတော့ အတည်ပြုလို့ရတယ်” ဟု ပြောသည်။
ထို့သို့ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သော်လည်း ကျောက်တော်မြို့ နှင့် မြောက်ဦးမြို့နယ်အတွင်း ယခုရက်ပိုင်း တွင် တိုက်ပွဲများ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘူးဟုလည်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ကပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် ဒေသခံပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံနေရကြောင်း၊ စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ် ကွဲပြားမှု မရှိခြင်းနှင့်၊ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ ကျောင်းများနှင့် စေတီ ပုထိုးများ အနီး ပစ်ခတ်မှု များ ပေါက်ကွဲမှုများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍လည်း ပြည်နယ်လွှတ်တော်အတွင်း အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း အရေးယူခြင်း၊ ဖြေရှင်းဆောင်ရွက်ပေးခြင်းများ မရှိသည့်အပေါ် စိတ်ပျက်မိသည်ဟု ဒေသအတွင်းက လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
“ကျနော်တို့က လွှတ်တော်ထဲမှာ ပြောခဲ့တာတွေလည်း ရှိတယ်။ ပြည်သူတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်မှုတွေမလုပ်ဖို့၊ ဘုရားတို့ စေတီပုထိုးတို့မှာ မနေကြဖို့၊ အမြှောက်ကြီး အမြှောက်ငယ်တွေ မပစ်ဖို့ ရွာနဲ့ နီးနီးနားနားမှာ တိုက်ပွဲဖြစ်တာတို့၊ လူတွေနေတဲ့ ရပ်ရွာနားမှာ ပစ်မှတ်ထားပြီး မပစ်ကြဖို့၊ အဲ့ဒီကိစ္စက ကျနော်တို့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ၁၁ ကြိမ်မြောက် အစည်းအဝေးကတည်းက တင်ပြီးပါပြီ။ ထူးခြားမှုမရှိဘူုး။ ဒီအတိုင်းပါပဲ” ဟု ဦးထွန်းသာစိန် က ဆက်ပြောသည်။
ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲများအတွင်း ဒေသခံပြည်သူများ သေဆုံးရသူ၊ ထိခိုက်ဒဏ်ရာရရှိသူ၊ သံသယဖြင့် ဖမ်းဆီးခံရသူ၊ ပျောက်ဆုံးနေသူ အရေအတွက်မှာလည်း တိုက်ပွဲ ရက်ကြာရှည် လာသည်နှင့် အမျှ တိုးလာနေကြောင်း၊ အဆိုပါကိစ္စများကို လစ်လျူရှု မထားသင့်ကြောင်း၊ အစိုးရအနေဖြင့် ထိရောက်စွာ ကိုယ်တွယ်ဖြေရှင်းပေးဖို့ လိုအပ်သည်ဟု ရခိုင်ပြည်နယ်အတွင်းက ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်း က လည်း “အောက်ခြေတွေမှာ အင်တာနက်တွေကလည်း ဖျက်ထားတဲ့အခါကြတော့ မသိနိုင်ဘူး။ စစ်ဖြစ်ပြီဆိုရင် အဲ့စစ်ရဲ့ အမှားရဲ့ ဒဏ်ကို ခံရတာက ပြည်သူတွေပဲ။ စစ်ဖြစ်တဲ့သူတွေရဲ့ မှားယွင်းမှုတွေကို သတင်းအမှောင် ချထားတဲ့အချိန်မှာ အောက်ခြေမှာ ပြည်သူတွေ ဒီလိုခံနေရတယ်ဆိုတာကို လေးလေးနက်နက် ဒါသုံးသပ်ဖို့လိုတယ်။ နိုင်ငံတော်ကနေ အောက်ခြေမှာ ဘယ် လိုဖြစ်နေတယ်ဆိုတကို သေသေချာချာလေ့လာဖို့ လိုမယ်ထင်တယ်” ဟု ပြောသည်။ “လွှတ်တော်ကိုယ်စားလှယ်တွေ ပြောနေဆိုနေတာဟာ အပိုတွေမဟုတ်ဘူး ဖြစ်နေတာတွေနဲ့ဆိုရင် လို တောင် လိုနေသေးတဲ့အခြေအနေဆိုတာ ဆိုလိုတာက ကျနော်တို့ မသိလိုက်တဲ့ လက်လှမ်းမမှီ တဲ့ ဖြစ် စဉ်တွေပေါ့ဗျ။ နိုင်ငံကို ဦးဆောင်တဲ့လူတွေကို သိစေချင်တယ်။ သိပြီးတော့မှ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ဟာ တစ်ခုခုတော့ သွားသင့်ပြီလို့ ပြောချင်တာပါ။”
ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် ကျောက်တော်နှင့် မြောက်ဦးမြို့ နယ်အပါအဝင် မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့ နယ်တို့သည် ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ အစိုးရက အင်တာနက် ဆက်သွယ် မှုများ ဖြတ်တောက်ခဲ့သည့်အတွက် သတင်းအချက်အလက် ရယူရန် ခက်ခဲနေသည်ဟု အကူအညီပေးရေး အဖွဲ့ များက ပြောသည်။