တပ်မတော် တပ်ဖွဲ့များ ဂျပန်ရေတွင်းမှ ပြန်လည် ဆုတ်ခွာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီ(NMSP) ၏ အခြေစိုက် တပ်စခန်းအနီးရှိ ဝင်ရောက်နေရာယူထားသည့် တပ်မတော်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားပြီဟု NMSP တာဝန်ရှိသူများ က ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ပိုင်းခန့်က ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီအခြေစိုက်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဟင်္သာဂိတ်တွင် ဝင်ရောက်နေရာယူထားသည့် တပ်မတော်နှင့် BGF ပူးပေါင်းအဖွဲ့တို့က ယခုအခါ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ပြောသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း NMSP ခေါင်းဆောင်များ က ပြောသည်။

ထိုသို့ ဆုတ်ခွာသွားသည့်အတွက် ထွက်ပြေးတိမ်းရှောင်သွားသော ရွာသူရွာသားများ နေရပ်သို့ ပြန်လာနိုင်တော့မည်ဟု ဒေသခံများက ပြောသည်။

ဂျပန်ရေတွင်းက ဒေသခံတစ်ဦးက “အရင်က တပ်က ရွာကနေ ထွက်သွားပေမယ့် အနီးအနားမှာပဲ ရှိနေသေးတော့ အချိန်မရွေး ပစ်ခတ်မှု ထပ်ဖြစ်နိုင်တယ် ဒါကို စိုးရိမ်ကြတော့ ပြန်တဲ့လူက ပြန်ကြတယ် မပြန်ရဲတဲ့လူကလည်း ရှိတယ်၊ အခု တပ်က အဝေးကို ဆုတ်သွားပြီးဆိုတော့ အားလုံး ပြန်လာကြမှာ” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်ခေါင်းဆောင်အချို့တို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီးနောက် ဂျပန် ရေတွင်းစခန်းမှ တပ်မတော်က ဆုတ်ခွာခဲ့သော်လည်း အဆိုပါဂိတ်အနီး ကိုက် ၃၀၀ ခန့် အကွာရှိ ဟင်္သာဂိတ် တွင် တပ်မတော်က ဆက်လက်နေရာယူထားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှ က “ကျနော်တို့ ဒီဂျပန်ရေတွင်းတပ်စခန်းဆိုတာက ကျနော် တို့ ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် ပြည်ထောင်အဆင့် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ထဲမှာလည်း ပါ တယ်၊ ၂၀၁၈ မှာ ကျနော်တို့ ပါဝင်ချုပ်ဆိုခဲ့တဲ့ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) စာချုပ် ထဲမှာလည်းပဲ ထပ်ပြီးတော့ အတည်ပြုထားတယ် ကျနော်တို့ တပ်တည်နေရာ အခြေပြုဖို့” ဟု ပြောသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် နယ်နိမိတ်ကို စစ်ဆေးရန်ဆိုကာ မွန်ပြည်သစ်ပါတီ တပ်တည်နေရာစခန်းသို့ တပ်မတော်နှင့် BGF စစ်ကြောင်းတို့က ခွင့်ပြုချက်မရှိပဲ ဝင်ရောက်ခဲ့သည့်အတွက် နှစ်ဖက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့်နှင့် မွန်ပြည်သစ်ပါတီ တပ်စခန်းတည်နေရာ ကျေးရွာအတွင်း တပ်မတော်နှင့် BGF တပ်သားတို့ ဝင်ရောက်တပ်စွဲထားသည့်အတွက် ဂျပန်ရေတွင်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကြံတောရွာ၊ တပ်ရင်း (၃) ရွာတို့မှ ဒေသခံ ၈၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး ယခင်က တပ်မတော်နှင့် တင်းမာမှုအနေအထားရှိခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားကြသည်ထိ မရှိခဲ့ပေ။