ကချင် စာပေယဉ်ကျေးမှု တာဝန်ခံတစ်ဦးအား ဆန္ဒပြမှုဖြင့် ဒဏ်ငွေ သုံးသောင်း ချမှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ (၁၇) ရက်။

၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ အမည်နာမ သုံးစွဲမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် ကချင်လူမျိုး စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ ဆက်ဆံရေး တာဝန်ခံကို မြစ်ကြီးနားမြို့နယ် တရားရုံးက ဒဏ်ငွေ သုံးသောင်း ပေးဆောင်ရန် အမိန့်ချလိုက်သည်။

ဇန္နဝါရီလ ၁၇ ရက်နေ့ (ယနေ့) တွင် တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်ဟု ကချင်ပြည် နယ်နေ့ အမည်နာမ သုံးစွဲမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ရာ ပါဝင်ခဲ့သည့် ကချင်လူမျိုး ရိုးရာ ယဉ်ကျေးမှု နှင့်စာပေ အဖွဲ့ ၏ ဆက်ဆံရေးတာဝန်ခံ ဇုပ်ဒေါ့စောမ်နော်က ပြောသည်။

“ကျနော်တို့ ဆန္ဒထုတ်ဖော်တာက ဇန္နဝါရီလ ၈ ရက်နေ့ပေါ့။ သူတို့က ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဆိုပြီးတော့ မှ ငွေဒဏ် သုံးသောင်းနဲ့ စီရင်ချက်ချလိုက်တာ ဟုတ်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၈ ရက်နေ့က ကချင်ပြည်နယ်နေ့ အမည်နာမ သုံးစွဲမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ရာ တွင် ခွင့်ပြုမိန့် မတင်ခဲ့သည့်အတွက် မြစ်ကြီးနားမြို့နယ် ရဲမှူး မြင့်မိုးက တရားလိုပြုလုပ်ကာ ငြိမ်းချမ်းစွာ စုဝေး ခြင်းနှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့သည်။

အစဉ်အလာအရ ကချင်ပြည်နယ်နေ့ ကျင်းပရာတွင် ကချင်ဘာသာဖြင့် ဂျိန်းဖော့မုန်းဒေါ့ အင်ထွဲ၊ မြန်မာဘာသဖြင့် ကချင်ပြည်နယ်နေ့ဟု နှစ်မျိုးစလုံးကို သုံးစွဲခဲ့ကြရာမှ ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မြန်မာစာ တစ်မျိုးတည်းကိုသာ သုံးစွဲမည်ဟု ပြောဆိုလာသည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“ယခုနှစ်မှာကျ တော့ ဒီမ နောပွဲကို ကချင်စာမရေးပဲနဲ့ မြန်မာစာလို့ပဲရေး သွားမယ် ဆိုပြီးတော့မှ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာ ၂၃ မနောအိမ် တော်ထဲမှာ ကျနော်တို့ ကချင်ပြည်နယ် အတွင်းရေးမှူး ဦးထွန်းဇော်ကနေပြီးတော့ မှ မြန်မာဘာသာ ဖြင့်သာ ရေးပြီးတော့ အသုံးပြုသွားမှာ ဖြစ်ကြောင်း နှောက်ယှက်တားဆီးလို့ရှိရင် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ် ကြောင်း ဆိုပြီးတော့မှ အမိန့်လာထုတ်သွားတယ်ပေါ့။ အဲဒီအပေါ်မှာ ကချင်လူထု တွေက ကျနော်တို့ရဲ့ ကချင် တိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှု စာပေနဲ့ ကိစ္စတွေကို ဒီလိုမျိုးဝင်ရောက် ဆွဲဖက်ရ ကောင်းသလား ဆိုပြီးတော့မှ အဲမှာ လူထုအုံကြွပြီးတော့မှ ဆန္ဒထုတ် ဖော်ကြတာဖြစ်တယ်” ဟု ဇုပ်ဒေါ့စောမ်နော် က ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် မဆိုင်းဇင် က လည်း “နောက်ပိုင်းမှာ အခုဒီလိုအချိန်မှာ အဓိပ္ပာယ်မတူပဲ တလွှဲပြုလုပ်လာတယ်၊ ကျမတို့ရဲ့ အနှစ်သာရနဲ့ လွှဲပြီးပြုလုပ်လာတဲ့အတွက် ဒါကို မကြိုက်ဘူး။ အဲ့ဒါကြောင့် ဒီလိုမျိုး ဆန္ဒထုတ်ဖော်ခဲ့ရတာဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ် ခံရခြင်းနှင့် ပတ်သက်၍ ဇုတ်ဒေါ့စောမ်နော်က ယခုလိုဆက်ပြောသည်။

“သူတို့က မြေပြင်ရဲ့ အနေအထားကို ကြည်ပြီးတော့မှ ကျနော်ကိုပဲ ဦးစီးဦးဆောင်သူပြီးတော့ စွပ်စွဲ လိုက် တာပေါ့ကွယ် အဲဒီဟာမျိုးကျတော့ ကျနော်အနေနဲ့ကြည့်ရင် ဒါမဖြစ်သင့်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် တကယ့်တကယ် မြေပြင်မှာလှုပ်ရှားနေတဲ့ကော်မတီတွေ ဦးဆောင်နေတဲ့ ကော်မတီတွေလည်းရှိတယ် အဲဒါသူတို့ရဲ့ မဟုတ်မမှန်တဲ့ဟာကို ကျနော်ကိုပဲ ပစ်မှတ်ထားပြီးတော့မှ လုပ်ပါတယ်ဆိုတဲ့ ပုံစံ အနေ အထားမျိုးလည်းပဲ ပေါ်ပေါက်သွားတာပေါ့ကွယ်။”

ယခုဖြစ်ပွားနေသည့် အမည်နာမ ပြဿနာများသည် ကချင်ရိုးရာ ယဉ်ကျေးမှု၊ ကချင်ရိုးရာ စာပေနှင့် ပတ်သက် နေသည့်အတွက် ပြည်နယ်အစိုးရမှ သတ်မှတ်ခြင်းမျိုးမဟုတ်ပဲ သက်ဆိုင်ရာ မျိုးနွယ်စုများအလိုက် ကြေကြေ လည်လည် ဆွေးနွေးညှိနှိုင်းနိုင်မှသာ ပြေလည်လာနိုင်မည်ဟု ဆိုသည်။