ပုသိမ် စသုံးလုံးရုံးဝင်းအတွင်း ဗုံးကွဲ၊ လမ်းသွားလမ်းလာများ ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်။
လုံခြုံရေးများ တင်းကြပ်ထားသည့် ပုသိမ်မြို့က စသုံးလုံး(စစစ)ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုး သမီးတစ်ဦးအပါအဝင် လမ်းသွားလမ်းလာ ၆ ဦးကို ဖမ်းဆီးသွားသည် ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် (၁၃) ရပ်ကွက်၊ မြက်တိုလမ်းရှိ လုံခြုံရေးများ တင်းကြပ်စွာချထားသည့် စုံစမ်း စစ်ဆေးရေး (စစစ) ရုံးဝင်း အရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ခလရ ၂၇၁ ရဲ့ နောက်ဖက် ဝင်လမ်း ထွက်လမ်းနဲ့ ဓါးလွယ်ခုတ် ပြီးတော့ အဲ့ဒီလမ်းက ဌာနဆိုင်ရာရုံး တွေချည်း ပဲလေ။ ရုံးတိုင်းမှာ CCTV ရှိတယ်။ လုံခြုံရေးက အပြည့်ပဲ။ ပေါက်ကွဲသံက အတော်ကျယ်တယ်။ ဒီနေ့က ရုံး ပိတ်ရက် ဆိုတော့ လမ်းသွား လမ်းလာတွေတော့ ရှင်းနေတယ်” ဟု ရုံးရှေ့ မြို့ချောင်း ရပ်ကွက်သစ် အတွင်း နေ ထိုင်သူ တစ်ဦး က ပြောသည်။
နိုဝင်ဘာလ ၅ ရက်နေ့၊ နေ့လည် ၁၂ နာရီ ခွဲအချိန်ခန့်က ဗုံးကွဲမှု ဖြစ်ပွားခဲ့သည့် စသုံးလုံးရုံး နေရာသည် မြို့နယ်တရားရုံး နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့အကြား ခြံခြင်း ကပ်လျှက်ရှိသည်။
အဆိုပါ ရုံးသည် ပုသိမ်မြို့နယ် ရဲတပ်မှူးရုံးနှင့် တိုင်းအရံ ရဲတပ်ရင်း ရှေ့ ပေ ၅၀ အကျယ်ရှိ ကားလမ်း ၏ တစ်ဘက်တွင်ရှိပြီး စစ်ကောင်စီက လုံခြုံရေး ထူထပ်စွာ ချထားသည့်နေရာ ဖြစ်သည်။
ဗုံးပေါက်ကွဲမှုမှာ ရုံးရှေ့ မြက်ခင်း အစပ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရုံးအဆောက်အဦနှင့် လူထိခိုက်ပျက်စီးမှု မရှိဘူးဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူများက ပြောသည်။
ပေါက်ကွဲပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များ မြက်တိုလမ်းအား ပိတ်ဆို့စစ်ဆေးမှုကို မွန်းလွှဲပိုင်း ၃ နာရီကျော် အချိန်ထိ လုပ်ဆောင်ခဲ့ပြီး ရပ်ကြည့်နေသည့် MASK အနက်ရောင်တပ်ထားသည့် မိန်းကလေးတစ်ဦး အပါအဝင် လမ်းသွားလမ်းလာ ၆ ဦးကို ဖုန်းများ စစ်ဆေးကာ ဖမ်းသွားသည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။
ပုသိမ်မြို့ခံ တစ်ဦး က “ပုသိမ်မှာက ရုတ်ရုတ် ဖြစ်တိုင်း သိမ်းကျုံး ဖမ်းနေတာ။ အောက်တိုဘာလ အတွင်းမှာပဲ လူ ၃၀ ကျော်ဖမ်းခဲ့ တာ။ ငွေပေးနိုင်လို့ ပြန်လွှတ်တာတော့ ၃ယောက် လောက်ရှိတယ်။ အတော်များများကို ပြန်မလွှတ်သေးဘူး” ဟု ပြောသည်။
အဆိုပါ ဖေါက်ခွဲမှုကို ပုသိမ်မြို့ပြပျောက်ကျားတပ်ဖွဲ့ (PSTF) နှင့် ကန်ကြီးထောင့် ပကဖတို့က ပုသိမ်မြို့နယ် အတွင်း တတိယ အကြိမ်မြောက် နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေး မစ်ရှင်အဖြစ် အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု PSTF က သတင်းထုတ်ပြန်သည်။
စသုံးလုံးရုံး တိုက်ခိုက်မှုမှာ ပုသိမ်မြို့တွင် နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးအဖြစ် တတိယအကြိမ်မြောက် ဖေါက်ခွဲတိုက်ခိုက်မှု ဖြစ်သော်လည်း တော်လှန်ရေး အင်အားစုများ၏ ၃ ကြိမ် တိုင်တိုင် တိုက်ခိုက်မှုတွင် အဆောက်အဦနှင့် လူထိခိုက်မှု မရှိခဲ့ဘူးဟု ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။
ပထမ အကြိမ်အဖြစ် အောက်တိုဘာလ ၂ ရက်နေ့၊ ညပိုင်းက အမှတ် ၂ ရပ်ကွက် ကမ်းနားလမ်း၊ အမှတ် (၁) ဆိပ် ကမ်း အဆင့်မြင့် ကုန်စည်ဒိုင်ဝန်းအတွင်းရှိ Mytel ရုံးချုပ်၊ ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ ၂၉ ရက်နေ့ က အမှတ် (၅) ရပ်ကွက်၊ မရမ်းချိုလမ်းရှိ မြို့နယ် စည်ပင်သာယာ ဥက္ကဋ္ဌ ဦးစိုးပိုင် နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။