တာချီလိတ်-မယ်ဆိုင်ဂိတ်ဖွင့်ရန် ဒေသခံများ လိုလား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ထိုင်း- မြန်မာ ချစ်ကြည်ရေး တံတား (၁) အား ပြန်လည်ဖွင့်လှစ်ပေးရန် မြို့ခံပြည်သူများက လိုလားနေသည်ဟု ပြောသည်။
ယခင် NLD အစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကတည်းက COVID-19 ကပ် ရောဂါဘေးကြောင့် ၃ နှစ်နီးပါး ပိတ်ထားခဲ့သည့် မြဝတီ- မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၁) အား ဇန္န ဝါရီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် နှစ်ဘက်နိုင်ငံမှ အာဏာပိုင်များက ပြန်လည်ဖွင့်ခဲ့ပြီးနောက် တာချီလိတ်- မယ် ဆိုင်တံတား (၁) အား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်စေချင်သည်ဟု မြို့ခံပြည်သူများက ပြောသည်။
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်မှ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးက “လကုန်ဖွင့်မယ်လို့တော့ ကြားတာပဲ။ ကောလဟာလလားတော့ မသိဘူး။ တံတား ၁ က ပိတ်ထားတော့ နေ့စား အလုပ်သမားတွေအတွက် အဆင်မပြေဘူး။ မှောင်ခိုသွားရတော့ ဈေးအရမ်းကြီးတယ်။ ပြီးတော့ ရုတ်တရက် နေမကောင်းဖြစ်ရင် ဆေး ခန်းပြဖို့လည်း အဆင်မပြေဘူး။ ဒီကဆေးခန်းတွေပြရင် သိတဲ့အတိုင်းလေ” ဟု ပြောသည်။
ယခင်က တာချီလိတ်မြို့ခံ ပြည်သူများမှာ တာချီလိတ် – မယ်ဆိုင် တံတား (၁) မှ ဖြတ်သန်း၍ တဖက်ကမ်း မယ် ဆိုင်မြို့ရှိ စူပါမားကတ်များ၊ ဆေးဆိုင်များ၊ ဆေးရုံများ စသည့်နေရာများတွင် သွားရောက်လုပ်ကိုင်ကြပြီး အများ စုမှာ နေ့ချင်းပြန်သွားကြသည်ဟု ဆိုသည်။
ထိုသို့ သွားရောက် လုပ်ကိုင်ရာတွင် ယခင်က တာချီလိတ်ဂိတ်တွင် လဝကရုံးကို စာအုပ်အစိမ်းအတွက် ၁,၀၀၀ ကျပ်နှင့် မယ်ဆိုင်ဘက် ဂိတ်တွင် ဘတ် ၂၀ သာပေးရခြင်း ဖြစ်သည်။
သို့သော် တံတားပိတ်ပြီး နောက်ပိုင်းမှစ၍ မယ်ဆိုင်မြို့သို့ သွားရောက်ပါက ဘတ် ၂၀,၀၀၀ ခန့် ကုန်ကျပြီး အသွား/အပြန် တစ်ခေါက်လျှင် ဘတ် ၄၀,၀၀၀ အထိ ကုန်ကျသည်ဖြစ်ရာ နေ့စားအလုပ်သမားများမှာ နေ့ချင်း ပြန် မသွားနိုင်တော့ဘဲ မယ်ဆိုင်မြို့တွင်သာ အိမ်ငှားပြီးနေရသောကြောင့် ကုန်ကျစရိတ် ပိုများလာကြခြင်း ဖြစ် သည်။
ဘတ်သောင်းနှင့်နီးပေးကာ ဖြတ်သန်းသွားလာနေသည့် လမ်းကြောင်းမှာလည်း တရားမဝင်သည့် လမ်းကြောင်း များ ဖြစ်သောကြောင့် နှစ်ဖက်အာဏာပိုင်းများ၏ ဖမ်းဆီးခြင်းကို ခံရသူများလည်း ရှိနေသည်ဟု တာချီလိတ် ဒေသခံများက ဆိုသည်။
တာချီလိတ်မြို့ တာလော့ရပ်ကွက်တွင် နေထိုင်သည့် ဆမ်လော့ (၃ ဘီးဆိုင်ကယ်) မောင်းသူ တစ်ဦးက “ဟိုဖက် ရော ဒီဖက်ရော လုပ်စားနေကြတာပါ။ ချောင်းကူးပြီးလည်း ပို့တယ်။ တံတားကနေ ကားပေါ်တင်ပေးလိုက်တာ လည်း ရှိတယ်။ လဝက သိမသိတော့ မပြောတတ်ဘူး” ဟု ပြောသည်။
လူသွားတံတားဖြစ်သည့် တံတား (၁) မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၂ ရက်နေ့ကတည်းက COVID- 19 ကပ် ရောဂါဘေးကြောင့် ပိတ်ထားသော်လည်း ကုန်ပစ္စည်းများ အပြန်အလှန် ပို့ဆောင်သည့် ကုန်သွယ်ရေး တံတား (၂) မှာ ဖွင့်လှစ်ထားသည်။
သို့သော် ဆမ်လော့မောင်းနှင်သူများ၊ တက်စီပြေးဆွဲသူများ၊ နေ့စားလုပ်သားများမှာ တံတား (၁) ပိတ်ထားသည့် အချိန်ကတည်းက အလုပ်ကိုင်ရှားပါးလာပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရသည်ဟု ဆိုသည်။
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်မှ အမျိုးသားတစ်ဦးက “ငယ်ငယ်ကတည်းက မယ်ဆိုင်၊ တာချီလိတ်ဆိုတာ တစ်မြို့ထဲလိုပဲလေ။ ဖွင့်လိုက်ရင် အောက်ခြေလူတန်စားတွေအတွက် ပိုအဆင်ပြေလာမှာပဲ။ သူတို့အတွက် တံ တား (၁) က ငွေတွင်းပဲ။ နောက်ပြီး တခြား စီးပွားရေးအတွက်ရောပေါ့။ လူငယ်တွေအတွက် အလုပ်ကိုင် အခွင့် အလမ်းပေါ့နော်။ အခုက လုပ်စရာမရှိတော့ အွန်လိုင်ဂိမ်း၊ ကာစီနိုတွေဘက် ရောက်ကုန်တာ” ဟု ပြောသည်။
တံတား ၁ အား ပြန်လည် ဖွင့်လှစ်ရန်အတွက် စစ်ကောင်စီ အစိုးရဘက်မှ ထိုင်းအစိုးရအား ဘတ်ငွေ သန်း ၂၀ တောင်းထားသည်ဟု မြို့ခံများကြားတွင် ဝေဖန်ပြောဆိုမှုများ ရှိနေပြီး ထိုသို့ ပိတ်ထားရခြင်းကြောင့် တာချီလိတ် မြို့နေပြည်သူများမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍအားလုံးတို့တွင် ထိခိုက်ဆုံးရှုံးမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။
ဓါတ်ပုံ – Tachileik News Agency