မရေရာလှသေးတဲ့ တတိယနိုင်ငံ အိပ်မက်
ပီတာလွိစ်ရေးသည်..
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
“အခြေနေပြန်ကောင်းသွားရင်တောင် အကုန်လုံးအစကနေပဲ ပြန်စရမှာပဲ” လို့ ပြောလာတဲ့သူကတော့ အာဏာ မသိမ်းခင်က ကျန်းမာရေးဝန်ထမ်းတစ်ဦး ဖြစ်တဲ့ မနှင်း (အမည်လွဲ) ပဲဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ သူမဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM မှာ ပါဝင်ခဲ့ကာ ကိုယ့်သဘော နဲ့ အလုပ်ထွက်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပါတယ်။
တစ်နှစ်လောက်ကြာလာတဲ့ အခါမှာတော့ အမေရိကန်မှာ ရှိတဲ့ သူ့အစ်ကိုရဲ့ အဆက်အသွယ်နဲ့ တတိယနိုင်ငံကို သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

သူက ကရင်နီကနေ ထိုင်းနိုင်ငံထဲကို တရားဝင်မဟုတ်ပဲ အောက်လမ်းကနေ ဝင်ရောက်လာခဲ့တာပါ။
မနှင်းက “လမ်းခရီးတစ်လျှောက်မှာ အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အချိန်က အခက်ခဲဆုံးပါပဲ” လို့ လမ်းတစ် လျောက် စစ်ရေးအခြေနေ တင်းမာနေတဲ့ကြားက စွန့်စားပြီး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပုံကို ပြန်ပြောပြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူ ၉၀၀၀ နီးပါးရှိတယ်လို့ ကရင်နီ ပြည် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထဲမှာ တတိယ နိုင်ငံသွားဖို့ လျောက်ထားသူတွေက အနည်းဆုံးတစ်ထောင်ကျော် လောက်ရှိနိုင်ပါတယ်။ သူတို့ရဲ့ အနာဂတ်ကတော့ အခုချိန်ထိ မရေရာလှသေးပါဘူး။
နောက်ထပ်CDM ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မထွေးထွေးကတော့ “အာဏာသိမ်းတာ ကာလကြာလာပြီး စစ်ရေး အခြေအနေ တင်းမာလာတာနဲ့အမျှ အန္တရာယ်တွေလည်းပိုလာတယ်။ လမ်းတွေလည်းပိတ်လာတယ်။ စားဝတ် နေရေး ပိုခက်ခဲလာတယ်။ အရင်က ကျန်းမာရေးဝန်ထမ်းဆိုတော့ စစ်ရှောင်တွေအတွက် ကျန်းမာရေး စောင့် ရှောက်ပေးဖို့ ကိုယ်က လုပ်အားစိုက်နိုင်ရင်တောင် အလှူရှင် အကူအညီပေးတဲ့ ဆေးဝါးတွေမပါရင် လုပ်အား လည်း ထိထိရောက်ရောက်မလုပ်နိုင်ဘူး။ စစ်ရှောင်တွေလည်း များသထက်များလာတယ်။ စားနပ်ရိက္ခာကော အမိုးအကာ ဆေးဝါး အစစအရာရာက အလှူရှင်အပေါ်ဘဲ မှီခိုနေရတော့။ ဒီပုံစံအတိုင်းဆို တစ်ယောက်စာ ဆို လည်း တစ်ယောက်စာ သက်သာအောင်လို့ ပြည်ပထွက်လာဖြစ်ခဲ့တာပေါ့” လို့ မထွေးထွေးက ပြောပါတယ်။
“အလုပ်ရရင် ပြည်တွင်းပြန်ကူနိုင်မလား တွေးပေမဲ့ ကိုယ်က တရားဝင်လာတာ မဟုတ်တော့ အခက်အခဲတွေ ရှိတာပေါ့။ ပြည်ပရောက်တော့လည်း စားနပ်ရိက္ခာက အလှူရှင်အပေါ် မှီခိုနေရတုန်းဘဲ” လို့ မထွေးထွေးက သူကြုံတွေ့ခဲ့တာတွေကို ပြန်ပြောပြပါတယ်။

မထွေးထွေး ဆိုသူကတော့ အခု ထိုင်းနယ်စပ်တစ်နေရာမှာ အိမ်ငှားနေထိုင်နေရပြီး ဒီကိုမရောက်ခင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ-၅၀၅ နဲ့ တရားစွဲဆိုခံရသူ ဖြစ်ပါတယ်။
သူ့ရဲ့စိုးရိမ်မှုက “ထိုင်းမှာ တရားမဝင် လာနေထိုင်တော့ အလုပ်အကိုင်လည်း မရှိသလို သွားလာဖို့လည်း ခက်ခဲပါ တယ်။ ထိုင်းလက်မှတ်လုပ်ပြီး အလုပ်ရှာမလားဆိုတော့လည်း CDM တွေ ပုဒ်မ ၅၀၅ မိသူတွေဆို သံရုံးက မလုပ်ပေးဘူး ပြောကြတယ်။ ကံမကောင်းရင် မြန်မာနိုင်ငံ ပြန်ပို့ခံရနိုင်တယ်လို့ပြောတယ်။ ကိုယ်က CDM လည်း ဟုတ်တယ် ပုဒ်မ ၅၀၅ လည်း မိထားတော့ ထိုင်းလက်မှတ်လုပ်ဖို့ကလည်း အန္တရာယ်များတယ်။ ပြည် တွင်းနေနေ ပြည် ပနေနေ အန္တရာယ်နဲ့ စားဝတ်နေရေး အခက်အခဲက ကြုံနေရတယ်” လို့ သူ့ရဲ့ အခက်အခဲကို ပြောပါတယ်။
“ဒါနဲ့ဘဲ တတိယနိုင်ငံမှာ ခိုလှုံနိုင်ဖို့အတွက် UN ကို form တင်တယ်။ UN ကလည်း ခေါ်ဖို့ အစီအစဥ် မရှိသေးဘူး ပြောတယ်။ UN ကခေါ်ပေးဖို့ မျှော်လင့်ထားပေမဲ့ ဖြစ်နိုင်ခြေက မရှိသလောက်နည်းတယ်” လို့ ဆိုပြီး မသေချာ မရေရာတဲ့ အခြေအနေကို ရောက်နေတယ်လို့ သူမကပြောပါတယ်။
စောင့်ရတာ ကြာရင်တော့ ဒီမှာပဲနေထိုင်ခွင့်ကဒ် လုပ်ပြီးတော့ ဒီမှာပဲ အလုပ်ရှာဖို့ ဆုံးဖြတ်ထားတယ်လို့ ဆက် ပြောပါတယ်။
တတိယနိုင်ငံသွားဖို့ UN ကဒ် လျှောက်ထားပေမယ့် အခုထိနယ်စပ်မှာပဲသောင်တင်နေတဲ့ ကိုဘိုထွန်းကတော့
“ဒီမှာရောက်တာ တစ်နှစ်ကျော်ပြီပေါ့ အလုပ်လည်းမရှိဘူး။ စားသောက်ဖို့နဲ့ အိမ်လခတွေကို မိဘတွေဆီကနေပဲ ပြန်တောင်းနေရတယ်။ ရေရှည် ဖြစ်လာ အဆင်မပြေတော့ဘူး။ ဆက်နေဖို့ အဆက်မပြေရင်တော့ မိဘတွေနဲ့ပဲ ပြန်နေဖို့ စဥ်းစားထားတယ်” လို့ သူ့ရဲ့အခြေအနေကို ပြောပါတယ်။
တတိယနိုင်ငံနဲ့ပါတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ လုပ်ငန်းစဉ်က ဘယ်လို ရှိပါသလဲဆိုတာကိုတော့ UN လုပ်ငန်းစဉ်ကို စောင့်နေတဲ့ မနှင်းက ပြောပြပါတယ်။
တတိယနိုင်ငံသွားရဖို့ အရင်ဆုံး UNHCR ရဲ့ လင့်ကနေဝင်ပြီး ဒုက္ခသည်ဖြစ်ကြောင်း အချက်အလက်တွေ ဖြည့်ပြီး ပို့ပေးရပါတယ်။ သို့သော် ဖြည့်ပြီးပြီးချင်း ချက်ချင်း မသွားရသေးပါဘူး။ UNHCR ဘက်မှ ဒုက္ခသည်ဖြစ်ကြောင်း ကို လက်ခံပေး ပြီးရင် ကိုယ်ပေးလိုက်တဲ့ အချက်အလက်တွေ ကြည့်ကာ ဦးစားပေးရွေးချယ်တာတွေကို ကိုယ့်ကို ခေါ်မယ့် နိုင်ငံက ဆုံးဖြတ်တာ ဖြစ်ပါတယ်။

အဓိကကတော့ ပိုပြီးဒုက္ခရောက်နေတဲ့သူ အကာအကွယ် ပိုလိုအပ်နေတဲ့သူတွေကို ဦးစားပေးခေါ်ယူလေ့ရှိ တယ်လို့ သိထားကြောင်း မနှင်းက ပြောထားပါတယ်။
တတိယနိုင်ငံဆိုတာကတော့ အမေရိကန်၊ သြစတေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဆွိဒင်နှင့် ဗြိတိန်နိုင်ငံတွေ ဖြစ်ပါ တယ်။ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံသားဒုက္ခသည် တစ်သိန်းနီးပါး ကျန်ရှိနေတယ်လို့ ကုလသမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရပါတယ်။
ယခုအစီအစဥ်တွေကတော့ UNHCR၊ IOM နှင့် တတိယနိုင်ငံမှ အလှုရှင်တွေ ပူးပေါင်းကာ သက်ဆိုင်ရာနိုင်ငံမှာ ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေး အစီအစဥ် ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များ တတိယနိုင်ငံတွင် နေရာချထားပေးရေး အစီအစဥ်ကို ၂၀၁၄ ခုနှစ်မှာ ရပ်နား ထားလိုက်ပြီး ယခုနှစ်မေလမှာ ၎င်းအစီအစဥ်ကို ပြန်လည်စတင် ဆောင်ရွက်နေတာ ဖြစ်ပေမယ့် လူများလွန်းတဲ့ အတွက် အားလုံးတော့ ချက်ချင်း အဆင်ပြေလာမှာ မဟုတ်သေးပါဘူး။
မနှင်းကတော့ လောလောဆယ် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်က ဟိုတယ်တစ်ခုမှာ နေနေရပြီး ကုန်ကျစရိတ် တွေကို နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်သူများ အဖွဲ့အစည်း IOM (Internation Organization of migration) ရဲ့ အကူအညီနဲ့ နေနေတာ နှစ်နှစ်လောက်ရှိပြီလို့ ပြောပါတယ်။
“ဘယ်အချိန်သွားရမလဲတော့ မသိပေမယ့် စောင့်ရမှာကတော့ ကိုယ့်တာဝန်ပဲလေ” လို့ ပြောပြခဲ့ပါတယ်။
ဓါတ်ပုံ – ပီတာ၊ Karenni Refugee Camp #1 Photo