အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသည့် စစ်တပ် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်လော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်။
အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည့် စစ်ကောင်စီက ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးဟု ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။။
တွေ့ဆုံဆွေးနွေးမှုများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်များကို ပြောနေကြသော်လည်း လူထုကို အကြမ်းဖက် ပြီး ရန်သူကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက သုံးသပ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “စစ်အုပ်စုဟာ ငြိမ်းချမ်းရေးဆိုတဲ့ဟာကို တွင်တွင်ပြောနေပေမယ့်လည်း တကယ့် ရင်ထဲမှာ ငြိမ်းချမ်းလိုတဲ့ ဆန္ဒမရှိတဲ့အပြင်ကို ပြည်သူကို ရန်သူသတ်မှတ်ပြီးတော့မှ ပိုမိုပြီးတော့မှ ရက်စက်လာ တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ စစ်အုပ်စုသည် ကျနော်တို့ တရားမဝင်တဲ့ အစိုးရ ဖြစ်သလိုပဲ စစ်အုပ် စု ပါဝင်တဲ့ စစ်တပ်ဟာ တရားဝင် တပ်မတော်ကနေ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။ ပြည်သူကို ရန်သူလို သတ် မှတ်နေတဲ့ စစ်အုပ်စုကို ကျနော်တို့ လူထုကလည်း လူထုရဲ့ ရန်သူအနေနဲ့ သတ်မှတ်တာ ဖြစ်ပါတယ်” ဟု ပြော သည်။
အောက်တိုဘာလ ဒုတိယအပတ်တွင် ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ရှောင် စခန်း တိုက်ခိုက်ခံရမှုအပြီးတွင် ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
အားပြင်းလက်နက်ကြီးဖြင့် ပစ်ခတ်ခံရခဲ့ရသည့် မုန်လိုင်ခက်စစ်ရှောင်စခန်း
ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်း အားပြင်းသော လက် နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရပြီး ကလေးငယ်များအပါအဝင် ၂၉ ဦးသေဆုံးသွားသည်ဟု KIO/KIA က ပြော သည်။
အောက်တိုဘာလ ၉ ရက်နေ့၊ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ပြီး သေဆုံးသူ ၂၉ ဦး၊ ထိခိုက် ဒဏ်ရာရရှိသူ ၅၇ ဦးရှိသည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အခုလက်ရှိကတော့ သေသွားတာက ၂၉ ဦးရှိပါတယ်။ ဒဏ်ရာရတာကတော့ ၅၇ ဦးရှိပါတယ်။ အားလုံးက ၈၆ ဦးပေါ့။ ထပ်ရှာတွေ့ရမလားတော့ မသိသေးဘူးပေါ့နော်။ အခုသေသွားတဲ့အထဲမှာ ၁၈ နှစ်အောက် ကလေးတွေ ကတော့ ၁၁ ယောက်ပါ ပါတယ်။ ဒဏ်ရာရတဲ့ထဲမှာလည်း ကလေးတွေ ပါပါတယ်။ စာရင်းအတိအကျတော့ မရသေးဘူး” ဟု ပြောသည်။
လက်နက်ကြီးနှင့် ပစ်ခတ်ခံခဲ့ရသည့်အတွက် မုန်လိုင်ခက်စစ်ရှောင်စခန်း ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ အားလုံးလည်း ပျက်စီးသွားပြီဟု ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်အစောပိုင်းမှ စတင်၍ လက်နက်ကြီးနှင့် ပစ်ခတ်ခံလိုက်ရသည့် မုန်လိုင်ခက် အနီးဝန်းကျင်တွင် ကယ်ဆယ်ရေး၊ နေရာပြောင်း ရွှေ့များ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူဦးရေလည်း ထပ်တိုးနိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။
ပစ်ခတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “မနေ့ညက ၁၁ ခွဲအချိန်လောက်မှာ သူတို့က လက် နက်ကြီးနဲ့ ပစ်တာဖြစ်ပါတယ်။ လက်နက်ကြီးဆိုတာကတော့ လေယာဉ်နဲ့ဒရုန်းနဲ့ လာပစ်တဲ့ပုံစံမျိုးနဲ့ လက်နက် ကြီးနဲ့ ပစ်တာရှိပါတယ်။ မိုင်းကြီးတွေပေါ့နော်။ နောက်သူတို့ အမြဲတမ်းပစ်နေတဲ့ လက်နက်ကြီး အမြောက် တွေနဲ့လည်း ပစ်တာ။ ၁၂၀ တို့၊ ၁၀၅ တို့ အဲ့ဒါနဲ့လည်း ပစ်တာရှိတယ်။ မနေ့ကတော့ အဲ့ဘက်မှာ အဲ့ဒီချိန်မှာ ရင် ဆိုင် တိုက်ပွဲတွေလည်း မရှိဘူး။ မြေပြင်တိုက်ပွဲတွေလည်း မရှိဘူး။ လက်နက်ကြီးနဲ့တော့ သူတို့ ပစ်တာရှိပါ တယ်။ သူတို့ဘက်ကနေ တဖက်သတ် စစ်ရှောင်ပြည်သူတွေရှိတဲ့ဘက်ကို အခုလိုမျိုး ပစ်တာဖြစ်ပါတယ်” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ ပေါက်ကွဲအားပြင်းသည့် လက်နက်ကြီးများဖြင့် စစ်ရှောင်စခန်းထဲကို တဖက်သတ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ပုံစံကတော့ လေကြောင်းနဲ့ ပစ်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကလည်း ဒီလေယာဉ်ပျံသန်းတဲ့ အသံကတော့ မကြားဘူး။ ညအိပ်နေတဲ့အချိန်ဆိုတော့ မကြားတာလည်း ဖြစ်နိုင်တာပေါ့။ သူတို့ပစ်တဲ့ ဗုံးကြီး ကတော့ စစ်ရှောင်စခန်းမှာပဲ ကျတာပေါ့။ စစ်ရှောင်စခန်း အလယ်လောက်မှာပေါ့နော်။ ပစ္စည်းတွေ ဘာတွေ ထားတဲ့ ကွင်းပြင်တစ်ခုရှိတယ်။ အဲ့မှာကျပြီး ပတ်ဝန်းကျင် အကုန်ထိသွားတာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
မုန်လိုင်ခက်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများကို လက်ရှိတွင် လိုင်ဇာမြို့ပေါ်တွင် ပြောင်းရွှေ့ထားပြီး အောက်တိုဘာလ ၁၀ ရက်နေ့ တနေကုန် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် နေရာ အနီးတွင် ရှာဖွေရှင်းလင်းရေး၊ ကယ်ဆယ်ရေးများ လုပ်ဆောင်နေကြသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “လိုင်ဇာသတင်းနဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ပါတယ်။ တစ်ခုက ကျနော်တို့ အနေနဲ့က နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အမြဲတမ်း ထိန်းသိမ်းဆောင်ရွက်လေ့ရှိတယ်။ ဒီနယ်စပ်ဒေသနဲ့ နီးတဲ့နေရာမှာ ညသန်းခေါင်အချိန်လောက်ကြီး ဗုံးကြဲတိုက်ခိုက်တယ်တို့၊ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်တို့ ဖြစ်နိုင်သလားဆိုတာ ဒါစဉ်းစားချင်ပါတယ်။ ကျနော်တို့ ပြောခဲ့ပြီးဖြစ်တယ်။ တပ်မတော်အနေနဲ့ကတော့ မည်သည့်ဌာနချုပ်မဆို လက်နက်ကိုင် သောင်း ကျန်းနေတဲ့ ပစ်ခတ်နိုင်တယ်။ တိုက်ခိုက်နိုင်တယ်။ သို့သော် ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့ဘူးဆိုတာကို ပြောပြီး ဖြစ် ပါတယ်” ဟု NEWS OF MYANMAR တယ်လီဂရမ်ချယ်နယ်တွင် ငြင်းဆိုထားသည်။
စစ်ကောင်စီတပ်မရှိမှ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်
ယခုကဲ့သို့ စစ်ကောင်စီက အရပ်သားပြည်သူများ အပေါ် ရန်သူသဖွယ် ပစ်မှတ်တိုက်ခိုက်မှုများသည် နိုင်ငံတကာ ကို စိန်ခေါ် နေခြင်း ဖြစ်သည်ဟု NUG က ဆိုသည်။
ထို့ကြောင့် နိုင်ငံတကာ အနေဖြင့် စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်မည့် ယန္တရားများကို အကောင်အထည် ဖော်ပြီး လုပ်ဆောင်ရန် အချိန်ရောက်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူသားချင်း စာနာထောက် ထားရေးနှင့် ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။
“အပြစ်ပေးအရေးယူမှုက ကင်းလွတ်နေရင် ဒီလိုပဲ ဆက်လက်ကျူးလွန် နေအုံးမှာဖြစ်တဲ့ အတွက်ကြောင့် ဒါကို အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့ လိုပါတယ်။ အခု ဒီဖြစ်ရပ်က ဒေသတွင်းလုံခြုံမှုကို ထိခိုက်ရုံသာမကဘဲ နဲ့ နိုင်ငံတကာရဲ့ လုံခြုံရေးကိုပါ ထိခိုက်နိုင်တဲ့ အလားအလာတွေ ရှိလာပါတယ်။ မတရားမှုတွေ တရားမျှတမှု မရှိမှုတွေကို ကမ္ဘာကြီးက လက်ပိုက်ကြည့်နေဖို့ မကောင်းတော့တဲ့ အချိန်ဖြစ်ပါတယ်။ တာဝန်ရှိသူ အားလုံးက မတရားမှုတွေကို ဖော်ထုတ်ပြီးတော့ မတရားမှုလုပ်တဲ့သူတွေကို အပြစ်ပေးအရေးယူဖို့ အချိန်တန်ပါပြီလို့ ပြော လိုပါတယ်။”
စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးဟု ပြောနေသော်လည်း တစ်ဖက်တွင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသတိုင်းတွင် လူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ၊ စစ်ရာဇဝတ်မှုများကို အမြဲ တမ်းလိုလို ကျူးလွန်နေသည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် တောင်လှန်ရေး အင်အားစုများက ပြောသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်းဘီထူးကလည်း “ဒီလိုမျိုးကချင်ပြည်နယ်မှာ စစ် ကိုင်းမှာ ကရင်နီမှာ တစ်နိုင်ငံလုံးမှာပေါ့နော် ချင်းပြည်နယ်ဖက်မှာရော ရက်စက်စွာ သတ်ဖြတ်မှုတွေ လူမဆန် တဲ့ သတ်ဖြတ်မှုတွေက အများကြီးတွေ့ရတဲ့ အတွက်ပေါ့နော။ ကျနော်တို့ အားလုံးက ဒီထက်ကို ညီညွတ်ကြ ပြီး မှပေါ့နော်။ စစ်ကောင်စီကို တကယ်ပဲ အာဏာသိမ်းယူမှုကနေပြီးမှ ဖြုတ်ချနိုင်ဖို့အတွက် ကျနော်တို့ ဆက်ပြီး တော့ ကြိုးစားကြရမယ် ညီညွတ်ကြရမယ်ပေါ့နော်။ ကျနော်တို့တွေ ဒီထက်ပိုပြီးမှလည်း မြန်မြန်ဆန်ဆန်နဲ့ ပေါ့နော ဒီအာဏာရှင်ကို ဖြုတ်ချနိုင်မှသာလျှင် ဒီသွေးထွက်သံယိုမှုတွေ ပြည်သူပြည်သားတွေ တိုင်းပြည်နစ်နာ မှုတွေကို အမြန်ဆုံး ကုစားနိုင်မှာ ဖြစ်တဲ့အတွက် အမြန်ဆုံးဆက် လက်တွဲကြရအောင်လို့ တခဲနက် ဖိတ်ခေါ် တိုက်တွန်း လိုပါတယ်ဗျ” ဟု ပြောသည်။
အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်နေသည့် စစ်တပ် မရှိမှသာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဟု ခွန်မြင့်ထွန်းက ဆက် ပြောသည်။
“ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် မဖြုတ်သိမ်းနိုင်ဘူးဆိုရင် ဒီလိုဖြစ်စဉ်တွေ ထပ်ကြုံရမှာ ဖြစ်ပါ တယ်။ စစ်အုပ်စုနဲ့ စစ်အာဏာရှင် စနစ် တစမကျန် ဖြိုဖျက်ဖို့ ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်လို့ ဒီနေ့ ကချင်များနဲ့အတူ ကျနော်တို့ တသားတည်း ကျနော်တို့ ရပ်တည်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။”
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းလိုက်ပြီးနောက် မြန်မာ့တပ်မတော်သည် စစ်တပ်၏ အာဏာသိမ်းမှုနှင့် အတူ တရားဝင် တပ်မတော်မှ ပျက်ပြယ်သွားပြီဟု ပအိုဝ်း တိုင်းရင်းသားခေါင်း ဆောင် ခွန်မြင့်ထွန်းက သုံးသပ်ပြောဆိုထားသည်။
ထိခိုက်ပျက်စီးသွားသော မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်ပြည်သူများမှာ နေထိုင်စားသောက် ရေးအတွက် အဖက်ဖက်က အကူအညီများ လိုအပ်နေကြသည်။ ထိုစစ်ရှောင်များသည် အောက်တိုဘာလ လကုန်ထိ ပြန်လည်ထူထောင်ရေးပိုင်း အဆင်မပြေကြသေးသလို လိုအပ်ချက်ပေါင်းများစွာ ရှိနေသေးသော ကြောင့် အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီပေးကြရန် အကူအညီ ပေးနေသူများက တောင်းဆိုထားသည်။
မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်မှုသည် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်သောကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည့်အပြင် စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ပံ့ပိုးကူညီပေးနေသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ – KHRWက ထုတ်ပြန်တောင်းဆိုထားသည်။
အလားတူ ယခုဖြစ်စဉ်မှာ လက်ခံနိုင်စရာ အကြောင်းပြချက် လုံးဝမရှိသော တိုက်ခိုက်မှုလုပ်ရပ်သည် ကျပ် တည်းသော အခြေအနေကာလများတွင် ထိခိုက်နစ်နာလွယ်သူများကို ကာကွယ်စောင့်ရှောက်ရန် အရေးတကြီး လိုအပ်ကြောင်း မီးမောင်းထိုးပြနေသည်ဟု UNICEF Myanmar က ထုတ်ပြန်ထားသည်။
ကလေးသူငယ်များနှင့် အရပ်သားပြည်သူများသည် မည်သည့်အခါမှ အကြမ်းဖက်တိုက်ခိုက်ခြင်း၏ ပစ်မှတ်များ မဟုတ်ကြောင်း UNICEF Myanmar က ပြောသည်။
ဓါတ်ပုံ – NMG, Simsa Kasa Multimedia