SSPP နှင့် TNLA မိုးမိတ်တွင် မိနစ်အနည်းငယ်ကြာ တိုက်ပွဲ ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA  နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ ဇွန်လ ၂၃ ရက် (ယနေ့)တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

PSLF/TNLA မှ SSPP/SSA ရှိရာနေရာသို့ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်တိုက်ခိုက်လာ သောကြောင့် မိနစ်အနည်းငယ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု SSPP က ထုတ်ပြန်သည်။

SSPP/SSA ရှေ့တန်းအရာရှိတစ်ဦးက ဟုတ်တယ် တိုက်ပွဲက မိုးဟောက်ရဲ တောင်ဘက်ရပ်မှာ ဖြစ်တယ် မိုးဟောက်ကနေ တောင်ဘက်ဆင်းသွားရင် ကျွန်တော်တို့ SSPP/SSA အဖွဲ့ထိုင်ထားတယ် PSLF/TNLA ဘက်က ဘော်ဒေ ကနေ လမ်းမကြီးနောက်ဘက် တစ်ကြောက နေရာယူထားတယ် အခုချိန်ထိတော့ တပ်နှစ်ဖွဲ့တိုအား ချည်းကပ်တင်းမာနေထားတယ် ဟု ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

တိုက်ပွဲမှာ မိနစ်အနည်းငယ် ဖြစ်ပွားပြီးနောက် PSLF/TNLA က ပြန်လည်ဆုတ်ခွာသွားဟု SSPP/SSA က ဆိုသည်။

ယနေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ PSLF/TNLA ကလည်း ၎င်းတို့၏ တပ်ဖွဲ့များ ကင်းလှည့်နေစဉ် SSPP/SSA က ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

PSLF/TNLA က တအာင်းပြည်၊ တပ်မဟာ(၄)နယ်မြေ၊ မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စုအတွင်း တအာင်းတပ်မတော်-TNLA စစ်ကြောင်းထွက်ကင်းလှည့်နေစဉ် ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA တပ်ဖွဲ့မှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSAတပ်ဖွဲ့သည် ယနေ့ နံနက် (၁၀း၁၄)နာရီအချိန်တွင် တစ်ကြိမ်၊ နံနက် (၁၁း၃၆)နာရီအချိန်တွင် တစ်ကြိမ် လက်နက်ငယ်ဖြင့် တအာင်းတပ် မတော်-TNLA တပ်ဖွဲ့ကို ခြုံခိုပစ်ခတ်ခဲ့ပါသည်။ ဟု ထုတ်ပြန်ချက်ထဲတွင် PSLF/TNLA က ပြောသည်။

ထို့အပြင် မွန်းလွဲ ၁၂ နာရီ ကျော်တွင် SSPP/SSA က ၎င်းတို့ စစ်ကြောင်းတည်ရှိရာဘက်သို့ လက်နက် ကြီး တစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု PSLF/TNLA က ဆိုသည်။ 

လက်ရှိမှာ တိုက်ပွဲငြိမ်သွားသော်လည်း နှစ်ဖက်တပ်ဖွဲ့အကြားတွင် စစ်ရေးတင်းမာနေသည်ဟု SSPP/SSA က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က PSLF/TNLA တပ်ရင်း ၃ ရင်းက မိုင်းလုံ  မိုးကုတ်ကနေ SSPP/SSA ရှိရာ ကျေးရွာအနီးသို့ တပ်အင် အားဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု SSPP/SSA က ပြောသည်။

SSPP/SSA က ပြီးခဲ့တဲ့ ၁၉ ရက်နေ့ ဇွန်လ ၂၀၂၅ မှာ TNLA အဖွဲ့ တပ်ရင်း အမှတ် ၂ /အမှတ် ၃ အမှတ် ၉ တို့ အင်အား ၂၀၀ ကျော်ဝန်းကျင်မှတုန်ဖုန်ကား ၅ စီးနှင့် ဖိုးဝီးကား ၃ စီးတို့ဖြင့် မိုင်းလုံ မိုးကုတ်ကနေ SSPP/SSA ရှိ မိုးဟောက်ကျေးရွာကို စစ်ကြောင်းအင်အားဖြည့်ဆည်းသွားပြီး၊မိုးမိတ်ကနေ မိုးဟောက်ကျေးရွာကို အင်အား ၈၀ ဝန်းကျင်မှထပ်မံဖြည့်ဆည်းကာ SSPP/SSA ရှိတဲ့နေရာကို စစ်ရေးချည်းကပ်ထားနေသည်။ ဟု  ထုတ်ပြန် ချက်ထဲတွင် ထည့်သွင်းထားသည်။

ဇွန်လ ၁၅ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာတွင် SSPP/SSA နှင့် PSLF/TNLA တို့ နယ်မြေကိစ္စ အငြင်းပွားရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PSLF/TNLA ဖက်က ၂ ဦးကျဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။


Photo – SSPP၊ TNLA