ရွေးကောက်ပွဲ ကာကွယ်သည့် ဥပဒေဖြင့် တော်လှန်ရေး အင်အားစုများအား အမှုဖွင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။
ယခုလအတွင်း ကျင်းပရန်ပြင်ဆင်နေသည့် စစ်ကော်မရှင် စီစဉ်သည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် တော်လှန် ရေး အင်အားစုများနှင့် လူငယ်များကို စစ်ကော်မရှင်က ရွေးကောက်ပွဲ ဥပဒေများ အသုံးပြု၍ အရှိန်မြှင့် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လာနေသည်။
အထူးသဖြင့် ကရင်နီပြည်အတွင်း ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြမှုကြောင့် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) မှ တာဝန်ရှိသူများကို ရွေးကောက်ပွဲနှောင့်ယှက်မှု ပုဒ်မဖြင့် အမှုဖွင့်လိုက်ကြောင်း စစ်ကော်မရှင်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
UKSY မှ တာဝန်ရှိသူများကို ဒီဇင်ဘာလ ၁၀ ရက်နေ့က လွိုင်ကော်မြို့မ ရဲစခန်းတွင် ရွေးကောက်ပွဲများကို နှောင့် ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ဤအခြေအနေနှင့်ပတ်သက်၍ UKSY သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက “ဒါက ပြည်သူလူထု ရွေးကောက် ပွဲကို ဆန့်ကျင်တဲ့သူတွေအားလုံး ဖမ်းဆီးအရေးယူမယ့် ကိစ္စမျိုးတော့ သူတို့ ထုတ်ပြန်ထားတယ်။ လက်ရှိ အနေ အထားအရတော့ ကျနော်တို့ UKSY အပေါ် အကျိုးသက်ရောက်မှုတော့မရှိဘူး။ ဒါက သူတို့ ခြိမ်းခြောက်ထား တဲ့ဟာပဲ ဖြစ်တယ်” ဟု ပြောသည်။
စစ်ကော်မရှင် ဝါဒဖြန့်သတင်းစာများ၏ ဖော်ပြချက်အရ မဲရုံမဖွင့်ရန် ဖုန်းဆက်ပြောဆိုခဲ့သည့် ကချင်လွတ်လပ် ရေး အဖွဲ့ KIO အရာရှိ ဇော်မိုင် အပါအဝင် ရန်ကုန်၊ ကရင်နီ၊ ကချင်နှင့် ရှမ်းပြည်တို့မှ တော်လှန်ရေးအဖွဲ့ဝင် ၁၂ ဦးကိုလည်း အမှုဖွင့်ထားသည်။
၎င်းတို့အထဲတွင် မြောက်ဥက္ကလာပမြို့နယ်မှ ကိုယ်စားလှယ်လောင်းကို ခြိမ်းခြောက်ခဲ့သည်ဆိုသော ‘ကောင်းကင် ပြာ’ အမည်ရှိ Facebook အကောင့်ပိုင်ရှင်နှင့် ကျောင်းဆရာမများကို ခြိမ်းခြောက်သည်ဟု စွပ်စွဲခံရ သည့် PDF တပ်ဖွဲ့ဝင်များလည်း ပါဝင်နေသည်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ဥက္ကဋ္ဌ နန်းဖော့ဂေက “စစ်အုပ်စုအနေနဲ့က သူတို့ ရွေး ကောက်ပွဲ မအောင်မြင်မှာ စိုးရိမ်တာပေါ့နော်။ အများပြည်သူကလည်း သူတို့လည်းသိပါတယ်။ သူတို့ရဲ့ ရွေး ကောက်ပွဲ မအောင်မြင်အောင် အခက်အခဲ ဟန့်တားတွေ ဖြစ်စေမယ့် အန္တရာယ်မျိုးတွေကို ရှင်းထားတဲ့အနေနဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကိုပါ ခြိမ်းခြောက်တဲ့ ပုံစံမျိုးဖြစ်တာပေါ့” ဟု သုံးသပ်ပြောဆိုသည်။
မြန်မာအင်တာနက်ပရောဂျက် (MIP) ၏ အချက်အလက်များအရ ယခုနှစ် နိုဝင်ဘာလအထိ နိုင်ငံတစ်ဝန်းတွင် ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေဖြင့် ဖမ်းဆီးခံရသူ ၃၂ ဦးရှိနေပြီး အခြားစစ်ဆေးဆဲနှင့် ဖမ်းဆီးခံရသူ စုစုပေါင်းမှာ အယောက် ၁၀၀ ထက်မနည်း ရှိနေပြီဖြစ်သည်။
ဇူလိုင်လကုန်ပိုင်းတွင် ပြဋ္ဌာန်းခဲ့သည့် အဆိုပါဥပဒေသည် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အမြင့်ဆုံး သေဒဏ် အထိ ပြစ်ဒဏ်ချမှတ်နိုင် သဖြင့် ပြည်သူများအား ပြင်းထန်စွာ ခြိမ်းခြောက်သည့် ဥပဒေဖြစ်သည်ဟု တက်ကြွ လှုပ်ရှားသူများက ထောက်ပြနေကြသည်။
ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၌ စတင်ရန်စီစဉ်နေသည့် ဤရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိမည်မဟုတ်ကြောင်း ကြေညာထားသော်လည်း စစ်ကော်မရှင်ကမူ ၎င်းတို့၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို နှောင့်ယှက်သူမှန်သမျှအား ပြင်းထန်စွာ အရေးယူမည်ဟု ဆက်လက်ခြိမ်းခြောက်နေဆဲ ဖြစ်သည်။
ဓာတ်ပုံ – ကရင်နီပြည် လူငယ်များသမဂ္ဂ (UKSY)