နိုင်ငံ ၃၀ ကျော်မှ အရန် ရေနံများ ထုတ်သုံးမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်။
အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ဒေသ စစ်မက်ဖြစ်ပွားမှုကြောင့် ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကို လျော့ချနိုင်ရန် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အဖွဲ့ဝင် ၃၂ နိုင်ငံက အရေးပေါ် အရန်သိုလှောင်ထားသည့် ရေနံစည်ပေါင်း သန်း ၄၀၀ ကို ထုတ်သုံးရန် သဘောတူညီခဲ့ကြသည်။
ဤပမာဏမှာ အဖွဲ့ဝင်နိုင်ငံများ သိုလှောင်ထားသည့် စုစုပေါင်းပမာဏ၏ သုံးပုံတစ်ပုံခန့်ရှိပြီး IEA သမိုင်းတစ်လျှောက် အများဆုံး စံချိန်တင် ထုတ်ယူမှုဖြစ်သည်။
ပင်လယ်ကွေ့စစ်ပွဲ စတင်ချိန်မှစ၍ ကမ္ဘာ့ရေနံဈေးနှုန်းမှာ ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ယခုထုတ်လွှတ်မည့် ပမာဏမှာ ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ထုတ်ချခဲ့သည့် ပမာဏထက် နှစ်ဆကျော် ပိုမိုများပြားသည်။
သို့သော်လည်း အဆိုပါပမာဏမှာ ကမ္ဘာတစ်ဝန်း ၃ ရက်မှ ၄ ရက်စာ သုံးစွဲမှုအတွက်သာ လုံလောက်သဖြင့် ရေတိုဖြေရှင်းချက်သာ ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။
တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) လုံခြုံရေးအတွက် အီရန်နိုင်ငံ၏ ရေမြုပ်မိုင်းထောင်သည့် သင်္ဘော ၂၈ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။