ထိုင်းမြောက်ပိုင်းမြစ်များ ညစ်ညမ်းမှုအတွက် ထိုင်းလှုပ်ရှားသူများ တရုတ် သံရုံးတွင် ဆန္ဒပြ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။ 

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြစ်များတွင် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေခြင်းနှင့်ပတ်သက်၍ ထိုင်းတက်ကြွလှုပ်ရှားသူများသည် ဘန်ကောက်မြို့ရှိ တရုတ်သံရုံးရှေ့တွင် စုဝေးကာ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုလွှာတစ်စောင်ကို မနေ့က ပေးအပ်ခဲ့သည်။ 

အဆိုပါတောင်းဆိုလွှာတွင် တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်နေသည့် မိမိတို့နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ၏ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုထားသည်။

ဆန္ဒပြပွဲအတွင်း ခေါင်းဆောင်များသည် မဲခေါင်မြစ်၊ ကုတ်မြစ်၊ ဆိုင်းမြစ်နှင့် ရုအက်မြစ်ဝှမ်းဒေသများမှ ရရှိထားသည့် ညစ်ညမ်းရေများကို ထိုင်းနှင့် မြန်မာနိုင်ငံမြေပုံပေါ်သို့ သွန်းလောင်းကာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို သရုပ်ပြသခဲ့ကြသည်။ 

အဆိုပါဆန္ဒပြပွဲကို NGO-COD ဟုခေါ်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီနှင့် လူထုအခြေပြုအဖွဲ့အစည်းကွန်ရက်များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

တောင်းဆိုလွှာထဲတွင် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ရာ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူများအပေါ် တာဝန်ခံမှုများ ဒွန်တွဲပါဝင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပြီးခဲ့သည့် ချင်းမိုင်မြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့၏ အင်အားသုံး အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် တက်ကြွလှုပ်ရှားသူ ဝိသာရွတ် သီချန် (Wisarut Srichan) ၏ မျက်နှာဖုံးများကို ဆန္ဒပြသူအချို့က ဝတ်ဆင်ခဲ့ကြသည်။ 

ဘန်ကောက်ရှိ ဆန္ဒပြသူများသည် ချင်းမိုင်ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပေးရန် လွှတ်တော်မှတစ်ဆင့် တောင်းဆိုခဲ့ကြသည်။ 

မနေ့က ပြုလုပ်ခဲ့သည့် ဘန်ကောက်မြို့ ဆန္ဒပြပွဲမှာမူ ငြိမ်းချမ်းစွာဖြင့် ပြီးဆုံးသွားခဲ့သည်။