တရုတ်နိုင်ငံတွင် မုန်တိုင်းအန္တရာယ် ရှိနေစဉ် လေဆင်နှာမောင်းတိုက်၊ လူ ၁၁ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။ 

ပစိဖိတ်ကျွန်းနိုင်ငံများကို ပြင်းထန်စွာ တိုက်ခတ်ခဲ့သည့် စူပါတိုင်ဖုန်းမုန်တိုင်း “ဘာဗီ” (Super Typhoon Bavi) သည် တရုတ်နိုင်ငံကမ်းလွန်သို့ ချဉ်းကပ်လာချိန်တွင် တရုတ်နိုင်ငံအတွင်း၌ အားပြင်းသော လေဆင်နှာမောင်း ၂ ခု ဖြတ်သန်းတိုက်ခတ်ခဲ့သည်။ 

တနင်္လာနေ့ညပိုင်းက ဟူပေပြည်နယ် (Hubei) အတွင်း၌ တစ်နာရီလျှင် ၉၃ မိုင် (၁၄၉ ကီလိုမီတာ) နှုန်းအထိရှိသော လေပြင်းများနှင့်အတူ လေဆင်နှာမောင်းနှစ်ခု ဆက်တိုက် တိုက်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းလေပြင်းဒဏ်ကြောင့် မော်တော်ယာဉ်များ တိမ်းမှောက်ခြင်းနှင့် အဆောက်အအုံ အမိုးများ လွင့်စင်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ အနည်းဆုံး လူ ၁၁ ဦး သေဆုံးကာ ၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ 

ထို့ပြင် တရုတ်နိုင်ငံအနောက်ပိုင်း ဂန်းစုပြည်နယ် (Gansu) တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၃၃ ဦး မျောပါခဲ့ရကာ လက်ရှိတွင် လူ ၂ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပစိဖိတ်သမုဒ္ဒရာဘက်မှ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဆီ ဦးတည်ရွေ့လျားနေသည့် စူပါတိုင်ဖွန်းမုန်တိုင်း “ဘာဗီ” ၏ အန္တရာယ်ကိုလည်း ရင်ဆိုင်ရရန် ရှိနေသည်။ 

အဆိုပါ မုန်တိုင်းသည် ဂူအမ်ကျွန်း (Guam) အပါအဝင် အနီးနားကျွန်းများကို တစ်နာရီလျှင် မိုင် ၁၈၀ နှုန်းအထိ ပြင်းထန်သော လေတိုက်နှုန်းဖြင့် ဖြတ်သန်းခဲ့ခြင်း ဖြစ်သည်။ 

ယနေ့ သောကြာနေ့မှစတင်၍ ထိုင်ဝမ်ကျွန်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း မိုးလေဝသဌာနများက ခန့်မှန်းထားသည်။ 

မုန်တိုင်းသည် တရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းသို့ ချဉ်းကပ်လာချိန်တွင် အနည်းငယ် အားလျော့သွားနိုင်သော်လည်း လာမည့် သီတင်းပတ်ကုန်ရက်များအတွင်း ဆက်လက်ဝင်ရောက်နိုင်သဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များကို အထူးသတိပြုကြရန် မိုးလေဝသဌာနက သတိပေးထားသည်။