မင်းပြားနှင့် ပေါက်တောမြို့များကို ရှေးရခိုင်ခေတ် အမည်များသို့ AA တရားဝင် အမည်ပြောင်းလဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်။

ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က ဆိုင်းဘုတ်သစ်တင်ကာ ရှေးခေတ် ရခိုင်မြို့အမည်များသို့ တရားဝင် အမည်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ အမည်ပြောင်းလဲရာတွင် မင်းပြားမြို့ကို “အဉ္ဇနပူရ” အဖြစ်လည်းကောင်း၊ ပေါက်တောမြို့ကို “ဝီရဌာနီ” အဖြစ်လည်းကောင်း သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး မြို့နာမည်ပြောင်း ဆိုင်းဘုတ်သစ်တင် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် လ ၂၈ ရက်နေ့၊ နံနက် ၇ နာရီကျော်အချိန်၌ သက်ဆိုင်ရာမြို့များတွင် အမြောက် ၇ ချက် ပစ်ဖောက် ဂုဏ်ပြု ကျင်းပခဲ့ကြသည်။

အဆိုပါ မြို့အမည်ပြောင်းလဲမှုနှင့် ပတ်သက်၍ ဒေသခံအမျိုးသားတစ်ဦးက ကျနော်တို့ သိသလောက် လက်နက် ကြီးတွေ ပစ်ဖောက်တယ်။ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်။ မြို့အမည်တွေ ပြောင်းလဲသတ်မှတ် လိုက်တာ ဟာ ရိုးရှင်းတဲ့ နာမည် ပေးပွဲသက်သက် မဟုတ်ဘဲ နက်ရှိုင်းတဲ့ နိုင်ငံရေး သတင်းစကား ပါဝင်ပါတယ် ဟု ပြော သည်။ 

အဉ္ဇနပူရဆိုသည်မှာ မင်းပြားမြို့နယ်ရှိ လေးမြို့ (အဉ္ဇန) မြစ်ကို အစွဲပြုထားခြင်းဖြစ်ပြီး၊ ပေါက်တောမြို့အတွက် ပြောင်းလဲသည့် ဝီရဌာနီသည် ရဲရင့်၊ သတ္တိပြည့်ဝသည့် နေရပ်ဟု အဓိပ္ပာယ်ရရှိသည်။

ဒေသခံတစ်ဦးက အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်လာတာပါ၊ ULA/AA အနေနဲ့ အာရက္ခပြည်သူတွေ အပေါ် တရားဝင်အစိုးရတစ်ရပ် အဖြစ် (State-building) ခြေလှမ်းကို လက်တွေ့ကျကျ အကောင်အထည် ဖော်လိုက် တာပါဟု ဆက်ပြောသည်။

ထို့ပြင် မြို့အမည်ပြန်လည် သတ်မှတ်ခြင်းကို ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ခြင်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကလည်း မင်းပြားမြို့နှင့် ပေါက်တောမြို့တို့အား နာမည်ပြောင်းလဲခြင်း အထိမ်း အမှတ် အဖြစ် မင်းပြား-ပေါက်တော ကားလမ်းမဘေးတစ်လျှောက်တွင် ULA/AA အပါအဝင် အုပ်ချုပ်ရေး အဖွဲ့များ၊ သစ်တောဌာန၊ မီးသတ်ဌာန၊ လူငယ်အင်အားစုများနှင့် အမျိုးသမီးအင်အားစုများ ပူးပေါင်းပါဝင်ကာ သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။

ယခုအခါ ရခိုင်ပြည်အတွင်း မြို့နယ် ၁၄ ခုနှင့် ချင်းပြည်ထဲက ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသည့် AA သည် ပေါက်တောနှင့် မင်းပြားမြို့များကို ကနဦးအနေဖြင့် နာမည်ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး၊ ရခိုင်ပြည် အတွင်းရှိ အခြားမြို့များကိုလည်း မူလ ရခိုင်ခေတ် အမည်များသို့ ဆက်လက်ပြောင်းလဲရန် အစီအစဉ်များ ရှိနေသည်။ 

အာရက္ခတပ်တော် AA သည် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးယန္တရားများနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုပါ တိုးချဲ့လုပ်ဆောင်လျက် ရှိသည်။