ညောင်ဦး၌ စစ်တပ်က မီးရှို့သဖြင့် အိမ်ခြေ ၃၀ ခန့် မီးလောင်၊ အရပ်သား ၅ ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ကျောက်ပြင်ကန်ကျေးရွာကို စစ်အုပ်စုတပ်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် အိမ်ခြေ ၃၀ ခန့် မီးလောင်ပြာကျခဲ့ရပြီး ဒေသခံ အရပ်သား ၅ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများထံမှ သိရသည်။

အင်အား ၈၀ ကျော်ပါသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည် ဩဂုတ်လ ၁၅ ရက်နေ့က ဝင်ရောက်လာပြီး ကျေးရွာအတွင်း ညအိပ်စခန်းချ ရပ်နားခဲ့ကြခြင်း ဖြစ်သည်။ 

ထို့နောက် ဩဂုတ်လ ၁၆ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် ပြန်လည်ထွက်ခွာစဉ် ရွာအလယ်ပိုင်းမှစ၍ မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ပြင်ကန် ရွာခံများက ဆိုသည်။

ကျောက်ပြင်ကန်ရွာမှ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ရွာလယ်ကနေစရှို့တာ။ မနက် ၁၀ နာရီ လောက်ပေါ့၊ တောင်လေကတိုက်နေတော့ လေသင့်တဲ့ဘက်တွေ အကုန်မီးကူးတာပေါ့။ နောက် အိမ်ခြေက လည်းစိပ်တယ်လေ။ ဝက်မွေးပြီး အစာရောင်းတဲ့အိမ်ဆို သိန်း ၅၀၀ ကျော်လောက် ဆုံးရှုံးသွားတယ်။ ဝက်သေ ၂ ကောင်ပဲပြန်ရလိုက်တယ်” ဟု ပြောသည်။

စစ်ကြောင်း စတင်ဝင်ရောက်လာသည့်နေ့က စစ်ရှောင်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ရွာကို မီးရှို့ဖျက်ဆီးကာ ထွက်ခွာ သည့်နေ့တွင်လည်း ထပ်မံ၍ လူငယ် ၄ ဦးကို စစ်ကြောင်းရှေ့မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ လူငယ် ၅ ဦးမှာ မိုးဆွေ၊ လမ်းပို၊ သင်္ကြန်၊ သန်းကိုနှင့် ပန်တိ တို့ဖြစ်ကြပြီး အသက် ၂၀ ကျော်မှ ၃၀ နှစ်ဝန်းကျင်အရွယ် အလုပ်လုပ်နိုင်သည့် လူငယ်များဖြစ်ကြကြောင်း ရွာခံများက ဆိုသည်။

အသက် ၆၀ ခန့်အရွယ် အမျိုးသားတစ်ဦးကလည်း ရွာကို ဇီးစမြင်ရွာဘက်ကနေပြီး စစ်ကြောင်းထိုးလာတာ။ ဂျိုင်ရိုကော်ပတာ ၃ စီးလည်းပါတယ်။ တစီးက ရှေ့ပြေးကင်းထောက်တာလို့ ထင်တယ်။ နောက် ၂ စီးက ရွာစိမ်းစို တောအုပ်ထဲကို ဗုံး ၄ လုံးချသွားတယ်၊ ဘာထိခိုက်မှုမှမရှိပါဘူး” ဟု ပြောသည်။

အဆိုပါ စစ်အုပ်စုတပ် စစ်ကြောင်းသည် ဩဂုတ်လ ၁၃ ရက်နေ့က ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်း ဘေးရှိ ရွှေလှိုင်းကျေးရွာနှင့် ပွဲတိုင်းကျေးရွာ အရှေ့မြောက်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ရင်ဆိုင်ဖြစ်ပွားခဲ့သေးကြောင်း ဇီးစမြင်ရွာခံများကပြောသည်။ 

ပွဲတိုင်းကျေးရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက အဲဒီနေ့က တိုက်ပွဲမှာ စစ်တပ်က ၄၀ ကျော် လောက်သေတာ။ စစ်တပ်က အထိနာတော့ ဂျက်လေယာဉ်နဲ့တောင် စစ်ကူလာပြီး စက်သေနတ်နဲ့ ပစ်ကူပေးရ တယ်။ ရွာက အသက် ၅၃ နှစ် အမျိုးသမီးတယောက် စက်သေနတ်မှန်ပြီး သေသွားသေးတယ်” ဟု ပြောသည်။

ထိုတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု များပြားခဲ့သည့် စစ်အုပ်စုတပ်သည် စစ်ကား ၂ စီးဖြင့် ရွှေစာရံဇရပ်နှင့် နပ္ပလင်ကျေးရွာသို့ အင်အားများ ထပ်မံဖြည့်တင်းခဲ့ပြီးနောက် ဇီးစမြင်ကျေးရွာတွင် ညအိပ်တပ်စွဲခဲ့ကာ ထိုမှ တစ်ဆင့် ကျောက်ပြင်ကန်ကျေးရွာသို့ ဆက်လက် စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောသည်။

ဓါတ်ပုံ – ပေးပို့