ရုရှားတွင် ဘဏ်အပ်ငွေ ထုတ်ယူမှု စံချိန်တင် မြင့်တက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်။ 

ရုရှား-ယူကရိန်း စစ်ပွဲစရိတ်အတွက် ကရင်မလင် အစိုးရက ပုဂ္ဂလိက ဘဏ်အပ်ငွေများကို သိမ်းယူခြင်း သို့မဟုတ် ထုတ်ယူခွင့် ကန့်သတ်ခြင်းများ ပြုလုပ်လာနိုင်သည်ဟူသော စိုးရိမ်မှုများကြောင့် ရုရှား ပြည်သူများသည် ဘဏ်များမှ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ ပြန်လည်ထုတ်ယူလျက်ရှိသည်။ 

ရုရှား ဗဟိုဘဏ်၏ အချက်အလက်များအရ ဩဂုတ်လ ပထမ နှစ်ပတ်အတွင်းမှာပင် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံနီးပါး ထုတ်ယူခဲ့ကြသည်။  

ဇူလိုင်လအတွင်း ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံနှင့် ဇွန်လအတွင်း ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကျော် ထုတ်ယူခဲ့ကြသည်။ 

၂၀၂၆ ခုနှစ် နှစ်စမှ လက်ရှိအချိန်အထိ ဘဏ်များမှ ငွေထုတ်ယူမှု စုစုပေါင်း ပမာဏသည် ၂၀၂၂ ခုနှစ် စစ်ပွဲစတင်ခဲ့သည့် ပထမနှစ်က ထုတ်ယူခဲ့သော ဒေါ်လာ ၂၄ ဒသမ ၇ ဘီလီယံထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ရုရှား၏ အကြီးဆုံးဘဏ်ဖြစ်သော Sberbank မှ တာဝန်ရှိသူများက ယခုနှစ်ကုန်တွင် ငွေထုတ်ယူမှု ပမာဏသည် စစ်ပွဲပထမနှစ်ထက် နှစ်ဆနီးပါးအထိ ရှိလာနိုင်ကြောင်း သတိပေးထားသည်။ 

ယခုကဲ့သို့ ဘဏ်အပ်ငွေများ ဆက်တိုက် ထုတ်ယူရခြင်းမှာ ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများ ရုရှားနယ်မြေအတွင်းအထိ ကျရောက်လာခြင်း၊ စီးပွားရေး ကျဆင်းလာခြင်းတို့နှင့်အတူ အစိုးရ၏ ဘဏ်စနစ်အပေါ် ကိုင်တွယ်မှုများကို မယုံကြည်တော့သည့်အတွက် ဖြစ်ကြောင်း သုံးသပ်ကြသည်။

အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ငွေကြေးများကို လက်ဝယ် သိမ်းဆည်းထားကြသည့်အပြင် အိမ်နီးချင်း နိုင်ငံများမှတစ်ဆင့် ပြည်ပသို့ ရွှေ့ပြောင်းလျက်ရှိသည်။ 

ယင်းကဲ့သို့ ဘဏ်များ၌ ငွေကြေး ပြတ်လပ်လာမှုကြောင့် ရုရှား ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်လိုငွေ ကာမိစေရန် ထုတ်ရောင်းသည့် အစိုးရ ငှားရမ်းစာချုပ် (Bonds) များကို ဘဏ်များက မဝယ်ယူနိုင်တော့သည့် အကျိုးဆက်များ ကြုံတွေ့နေရသည်။ 

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ရုရှား၏ ဘတ်ဂျက်လိုငွေသည် ဒေါ်လာ ၇၆ ဘီလီယံနီးပါးအထိ ရှိခဲ့ပြီး ယင်းမှာ တစ်နှစ်လုံးစာအတွက် ခန့်မှန်းထားသည့် ပမာဏထက်ပင် များစွာ ကျော်လွန်နေသည်။

Photo-AFP