AA ထံ စစ်မှုထမ်းရန် ရောက်လာသည့် အသက်မပြည့်သေးသူ ၃ ဦးကို မိဘထံ ပြန်အပ် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) ထံ စစ်မှုထမ်းရန် လာရောက် ပူးပေါင်းခဲ့သည့် အသက်မပြည့်သေးသော ကလေးငယ် ၃ ဦးအား AA က မိဘများထံ ပြန်လည် အပ်နှံ ပေးခဲ့သည်။

မိဘများထံ ပြန်လည်အပ်နှံခဲ့သည့် ကလေးငယ်များမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းကျေးရွာမှ အသက် ၁၃ နှစ် အရွယ်ရှိကြသော မောင်ကျော်ဆန်းဦး၊ မောင်စိုးနိုင်ဦးနှင့် အသက် ၁၄ နှစ်အရွယ် မောင်ဝင်းမင်းသန်းတို့ ဖြစ်ကြသည်။

၎င်းတို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က မိဘများကို အသိမပေးဘဲ ၎င်းတို့၏ စိတ်ဆန္ဒအတိုင်း AA ထံ စစ်မှုထမ်းရန်အတွက် ကျေးရွာမှ ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

AA နှင့် နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက “ဩဂုတ်လ ၁၃ ရက်နေ့က အေအေဆီဝင်မယ်ဆိုပြီး ရောက် လာတာ။ စစ်မှုထမ်းဖို့ စစ်သားလုပ်ဖို့လာတယ်လို့ ပြောတယ်။ တပ်တော်ရဲ့ စခန်းတစ်ခုရှိတဲ့နေရာကို ရောက် လာကြတာ။ တပ်တော်က ဒီကလေးတွေကို စစ်ဆေးဖို့ တစ်ရက်နှစ်ရက်လောက် ထိန်းသိမ်းထားပြီး အခုလို မိဘတွေဆီ ပြန်အပ်တာ။ အသက်ပြည့်ရင်တော့ တစ်မျိုးပေါ့” ဟု ပြောသည်။

အဆိုပါ ကလေးငယ်များသည် ပညာသင်ကြားရမည့် အရွယ်ဖြစ်သည့်အပြင် တာဝန်ထမ်းဆောင်ရန် အသက် မပြည့်သေးသဖြင့် AA ဘက်မှ မိဘများနှင့် ဆက်သွယ်ကာ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် ပြန်လည် လွှဲပြောင်း အပ်နှံခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ရေးအရ အရေးကြီးသည့် ကာလဖြစ်သော်လည်း မိမိစိတ်ဆန္ဒအတိုင်း AA ထံ တာဝန်ထမ်း ဆောင်ရန် လာရောက်ပါက အသက်ပြည့်မီခြင်း ရှိမရှိနှင့် ကျန်းမာရေး အခြေအနေများကို သေချာစွာ စစ်ဆေးပြီး မှသာ လက်ခံမည်ဟု AA ဘက်က ဆိုထားသည်။

ထို့ပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ အမျိုးသားကာကွယ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် (NDEP) တွင် စစ်မှုထမ်း ခေါ်ယူရာတွင်လည်း တာဝန်ထမ်းဆောင်ရန် အသက်ပြည့်မီမှု၊ ကျန်းမာရေး ကောင်းမွန်မှုနှင့် အခြားလိုအပ်သည့် အချက်အလက်များကို သေချာစွာ စိစစ်ပြီးမှသာ ခေါ်ယူလျက်ရှိကြောင်း  ဖော်ပြထားသည်။ 

အာရက္ခတပ်တော် (AA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များနှင့် ချင်းပြည်၊ ပလက် ဝဒေသတို့တွင် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ကို ပြဋ္ဌာန်း၍ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသမီးများကို စစ်မှုထမ်းရန် ခေါ်ယူ လျက်ရှိသည်။ 

သို့သော်လည်း အဖွဲ့အစည်း အောက်ခြေအဆင့်တွင် အသက်မပြည့်သေးသူများနှင့် ကိုယ်ဝန်ဆောင်၊ ကလေး မိခင်အချို့ ပါဝင်သွားသည်ဆိုသော စွပ်စွဲချက်များနှင့် ကုလသမဂ္ဂ၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အစီရင်ခံစာများ (UN CAAC) တွင် AA အား ကလေးစစ်သူရဲ သုံးစွဲသည့် အဖွဲ့အဖြစ် ဖော်ပြခံရမှုများ ရှိခဲ့ဖူးသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာမှ ကိုယ်ဝန်ဆောင်တစ်ဦးနှင့် အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦးအပါအဝင် ကျေးရွာသား ၄၀ နီးပါးကို AA က စစ်မှုထမ်းခေါ်ခဲ့ ကြောင်း ဒေသခံများက ပြောဆိုထားသည်။

အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ ULA/AA ဘက်ကမူ NDEP စည်းမျဉ်းများအရ အသက်ပြည့်မီသူများနှင့် ကျန်းမာရေး ကောင်းမွန်သူများကိုသာ စိစစ်ခေါ်ယူခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်နှင့် ကလေးမိခင်များကို အဓမ္မ ခေါ်ယူခြင်း မရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် တုံ့ပြန်ထားသည်။ 

ထို့ပြင် ကလေးစစ်သူရဲ အသုံးပြုမှုကို လုံးဝ လက်မခံသည့် မူဝါဒအတိုင်း အသက်မပြည့်သေးဘဲ မိမိစိတ်ဆန္ဒ အရ သို့မဟုတ် မိဘမသိဘဲ ရောက်ရှိလာသည့် ကလေးငယ်များကို စစ်သားအဖြစ် လက်မခံဘဲ မိဘများထံ ပြန် လည်အပ်နှံပေးလျက်ရှိကြောင်း ရှင်းလင်းထားသည်။

ဓါတ်ပုံ – (ပေးပို့ – Crd)