ငဝန်မြစ်ရေ ပြန်တက်၍ ဧရာဝတီတိုင်း မြို့နယ် ၅ ခုတွင် ရေဘေးစခန်းများ ထပ်မံ ရွှေ့ပြောင်းရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့သည်မှာ ၃ ပတ်နီးပါး ကြာမြင့်လာခဲ့ပြီး သော်လည်း မြစ်ရေများ ပြန်လည်မြင့်တက်လာမှုကြောင့် မြို့နယ် ၅ ခု၌ ရေကြီးမှု ပိုမိုဆိုးဝါးလာသည်။ 

ရေဘေးရှောင်စခန်းများအတွင်းသို့ ရေများ ထပ်မံဝင်ရောက်လာသဖြင့် ဒေသခံများမှာ အမြင့်ပိုင်း တာဘောင် များပေါ်သို့ အရေးပေါ် ဒုတိယအကြိမ် ရွှေ့ပြောင်းနေကြရသည်ဟု ကူညီကယ်ဆယ်ရေးသမားများက ပြော သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့က လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာဘောင် ကျိုးပေါက်ခဲ့ပြီးနောက် လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်းနှင့် ကျုံပျော် စသည့် မြို့နယ်များအတွင်း ရေကြီးနစ်မြုပ်မှု များ ဖြစ်ပွားခဲ့ရာမှ လက်ရှိတွင် ငဝန်မြစ်ရေ ဆက်လက်တိုးလာသဖြင့် ဘေးလွတ်ရာ ခိုလှုံနေသူများပါ ထပ်မံရွှေ့ ပြောင်းနေကြရခြင်း ဖြစ်သည်။

ငါးသိုင်းချောင်းမြို့နယ်မှ ဒေသခံ ကူညီကယ်ဆယ်ရေးသမားတစ်ဦးက ရေက ပြန်ကျမလိုနဲ့ တရက်ထက် တရက် ပိုတက်လာတာ။ အရင်က ရေလွတ်မယ်ထင်လို့ သွားခိုနေကြတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ကယ်ဆယ်ရေး စခန်းတွေအထိ ရေက ထပ်လိုက်လာတော့ အခု တာဘောင်လို ပိုမြင့်တဲ့ ကုန်းပေါ်တွေကို အရေးပေါ် ဒုတိယ အကြိမ် ပြန်ရွှေ့ပေးနေရတယ်” ဟု ပြောသည်။

ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက်ပိုင်း တိုင်းတာချက်များအရ ငါးသိုင်းချောင်းမြို့တွင် မြစ်ရေမှာ စိုးရိမ်ရေမှတ် အထက် ၁၅ စင်တီမီတာခန့် ကျော်လွန်နေပြီး ၁ တောင်ခန့် ထပ်မံမြင့်တက်လာခဲ့သဖြင့် မြို့ပေါ်ရှိ ၁ ထပ်အိမ် များ မြုပ်သည်အထိ ရေပြန်တက်လာနေခြင်း ဖြစ်သည်။

ငါးသိုင်းချောင်းမြို့၊ အောင်ဇေယျလမ်း အပါအဝင် မြို့ပေါ် လမ်းမများပေါ်တွင် မြစ်ပြင်ကဲ့သို့ ရေဖုံးလွှမ်းနေ သဖြင့် သွားလာရေးအတွက် စက်လှေများနှင့် ကားမြင့်များကိုသာ အားထားနေရသည်။

လေးမျက်နှာမြို့နယ်မှ ကယ်ဆယ်ရေး ဆောင်ရွက်နေသူ ဒေသခံတစ်ဦးကလည်း ရေကြီးတာ နှစ်ပတ်ကျော် လာတော့ ခေါက်ဆွဲခြောက်နဲ့ သောက်ရေသန့်လောက်ပဲ အလှူရတော့တာ။ အခု ရေဘေးသင့်ဒေသခံတွေအတွက် တကယ်ဒုက္ခရောက်ပြီး လိုအပ်နေတာက လဲစရာ အဝတ်အထည်၊ သောက်သုံးရေးအတွက် ဆေးဝါးနဲ့ ချက် ပြုတ်စားဖို့ ကုန်ခြောက်တွေပါ ဟု ပြောသည်။

ထို့ပြင် ရေကြည်မြို့နယ်၌လည်း မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာ ၂၇ ရွာတွင် နေအိမ်များ နစ်မြုပ်သည်အထိ ရေကြီးနေခြင်း ဖြစ်သည်။

ရေကြည်မြို့နယ်ထဲက ခိုထောင်နှင့် ငှက်သိုက်ကျေးရွာကြားရှိ ရိုးပေါက်မှတစ်ဆင့် အုပ်ပုံရိုး၊ ချောင်းဖျားနှင့် ထန်းစင်လှ ချောင်းများအတိုင်း ရေများ ဆက်လက်စီးဆင်းနေသဖြင့် သစ်ဖြူပင်၊ ကွင်းပေါက်၊ သပြေတန်း စသည့် ကျေးရွာများအပြင် ဒရယ်ကူနှင့် သာပေါင်းမြို့နယ်ဘက်အထိ ရေများ ဆက်လက်တိုးဝင်နိုင်ကြောင်း သတိပေးထားသည်။

သပွတ်-ဟင်္သာတ-နိဗ္ဗာန်-ခမောက်စု လမ်းပိုင်း၊ ရေကြည်-ဇရပ်လှ ရထားလမ်းပိုင်းနှင့် မယင်းတံတား၊ စာရေး တံတားတို့တွင် ရေများ ခါးလည်အထိ ကျော်လွန်နေသဖြင့် လေးမျက်နှာမြို့နယ်အတွင်းသို့ ငါးသိုင်းချောင်းနှင့် ရေကြည်ဘက်မှ ကူညီရေးယာဉ်များ ဝင်ရောက်ရန် အခက်အခဲဖြစ်ပေါ်နေသည်။

အလားတူ ဒါးကမြစ်ရေ မြင့်တက်လာမှုကြောင့် ကျောင်းကုန်းမြို့နယ်အတွင်း ရွှေကျောင်းကုန်းတံတားအနီး ကားလမ်းပေါ်သို့ ရေများ စတင်ကျော်လာနေပြီး မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရေဘေး ကယ်ဆယ်ရေးစခန်းများ စတင်ဖွင့်လှစ်ကာ ရွှေ့ပြောင်းနေရာချထားပေးနေရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ရေမှာ စိုးရိမ်ရေ မှတ်အထက် ဆက်လက်ရှိနေမည်ဖြစ်သည့်အပြင်၊ မအူပင်မြို့ တိုးမြစ်ရေ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့၏ ဧရာဝတီ မြစ်ရေ၊ ဘားအံနှင့် မဒေါက်မြို့တို့တွင်လည်း နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်မြင့် တက်နေမည်ဖြစ်ကြောင်း သတိပေးထားသည်။

ဒေသခံများက ငဝန်မြစ်အတွင်းသို့ ဧရာဝတီမြစ်ရေ ဆက်လက်စီးဝင်နေသရွေ့နှင့် လေးမျက်နှာ ရေကာတာ ကျိုးပေါက်သည့်နေရာကို ပိတ်ဆို့နိုင်ခြင်း မရှိသေးသရွေ့ ရေဘေးကာလ ရှည်ကြာနိုင်သဖြင့် ရေဘေးသင့် ပြည်သူများအတွက် အဝတ်အထည်၊ သောက်သုံးရေ၊ ဆေးဝါးနှင့် စားသောက်ကုန် အကူအညီများ ရေရှည် အရေးပေါ် လိုအပ်လျက်ရှိသည်။

ဓါတ်ပုံ – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီး ကော်မတီ