မောင်တော နယ်စပ်နှင့် မြို့တွင်း၌ AA လုံခြုံရေး တင်းကျပ်စွာ တိုးမြှင့်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်။

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောခရိုင်အတွင်း အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ၏ နယ်စပ်ဖြတ် ကျော် လှုပ်ရှားမှုများ စိပ်လာခြင်းကြောင့် အာရက္ခတပ်တော် (AA) က မြို့ပေါ်နှင့် နယ်စပ်တစ်လျှောက်တွင် လုံခြုံရေး တင်းကျပ်စွာ တိုးမြှင့်၍ နေ့ညမပြတ် ကင်းလှည့်စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် အခြေကုပ်ယူထားသည့် Arakan Rohingya Salvation Army (ARSA)၊ Rohingya Solidarity Organization (RSO) နှင့် Arakan Rohingya Army (ARA )စသည့် မူဆလင် လက်နက် ကိုင် အဖွဲ့များသည် ယခုလပိုင်းအတွင်း နယ်စပ်ဖြတ်ကျော်၍ တောတောင်ထူထပ်သော တောင်ပြို၊ မီးတိုက်နှင့် ဝေလာတောင်ဘက်ခြမ်းတို့တွင် လှုပ်ရှားမှုများ ခပ်စိပ်စိပ် ပြုလုပ်လာနေသည့်အတွက် ယခုကဲ့သို့ လုံခြုံရေး တိုးမြှင့် တပ်စွဲထားခြင်း ဖြစ်သည်။

မောင်တော ဒေသခံ အမျိုးသားတစ်ဦးက နယ်စပ် ခြံစည်းရိုး ခတ်မယ်ဆိုတဲ့ သတင်းတွေရော၊ စစ်တပ်က ဒုက္ခ သည်တွေကို ပြန်လက်ခံမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်ပိုင်း ARSA တို့ RSO တို့ဘက်က လှုပ်ရှား မှုတွေ ခပ်စိပ်စိပ် တွေ့လာရတာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေထဲမှာလည်း သူတို့အဖွဲ့တွေ စစ်သားစုဆောင်းတာနဲ့ သတ်ဖြတ်တာတွေ ခပ်စိပ်စိပ် ကြားနေရတော့ ဒေသခံတွေက စိုးရိမ်နေကြတာ။ အခု တော့ အေအေဘက်က နယ်စပ် ခြံစည်းရိုးတစ်လျှောက်မှာရော မြို့ထဲမှာပါ လုံခြုံရေး တင်းကျပ်ပြီး နေ့ည ကင်းလှည့်နေတာ တွေ့ရတယ် ဟု ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် မောင်တောမြို့ပေါ်ရှိ အဓိက လမ်းဆုံလမ်းခွများ၊ လမ်းမကြီးများ၊ ကျေးရွာများနှင့် လူအသွားအလာ များပြားသည့် နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား ချထားပြီး စစ်ဆေးမှုများကို ယခင်ကထက် ပိုမို တင်းကျပ်ထားသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနိုင်သည့် အကြမ်းဖက်အန္တရာယ်မှ ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်နိုင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ မောင်တောခရိုင် အုပ်ချုပ်ရေးဌာနက ဩဂုတ်လ ၉ ရက်နေ့မှစ၍ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဖြစ်သည်။

အဆိုပါအမိန့်အား ပြန်လည်မရုပ်သိမ်းမီအထိ အတည်ပြု ဆောင်ရွက်သွားမည်ဟု ဆိုသည်။

မောင်တောနယ်စပ်အနီးမှ ဒေသခံတစ်ဦးက မြို့ပေါ်မှာ ညမထွက်ရအမိန့် ထုတ်ထားသလို ညဘက်ဆိုလည်း ကင်းလှည့်တာတွေ ပိုစိပ်လာတယ်။ နယ်စပ်ဘက်က ရွာတွေဆီ မသင်္ကာသူတွေ၊ အကြမ်းဖက်အဖွဲ့တွေ ခိုးဝင် လာမှာစိုးလို့ စစ်ဆေးတာတွေ ပိုလုပ်နေတာပါ။ မြေပြင်မှာတော့ အခြေအနေက တင်းမာနေဆဲပဲဟု ပြောသည်။

မောင်တောခရိုင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဒေသဖြစ်သဖြင့် အကြမ်းဖက်အဖွဲ့များ၏ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနှင့် မလိုလားအပ်သည့် ပဋိပက္ခများ မဖြစ်ပွားစေရန် AA ဘက်က နယ်စပ် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များအထိ လုံခြုံရေး တပ်ဖွဲ့များ ထပ်မံဖြည့်တင်းကာ စောင့်ကြပ်ကြည့်ရှုလျက် ရှိသည်။

ဓါတ်ပုံ – (ပေးပို့ – Crd)