မြိုင်မြို့နယ်တွင် သတ်ဖြတ်ခံထားရသည့် အရပ်သား ၁၂ ဦး၏ အရိုးစုများ တွေ့ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအနီးတွင် ကြိုးတုတ် မျက်နှာစည်းလျက် သတ်ဖြတ်ထားပြီး အစုလိုက်အပြုံလိုက် မြှုပ်နှံခြင်းခံထားရသည့် အပြစ်မဲ့ အရပ်သား ၁၂ ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ ရှိခဲ့ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်နှင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

အဆိုပါ အရပ်သား ၁၂ ဦး၏ ရုပ်အလောင်းများကို မြေကျင်း ၂ ခုအတွင်း အစုလိုက်အပြုံလိုက် ဖြစ်သလို မြှုပ်နှံထားသည့်နေရာမှ တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများသည် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက စစ်အုပ်စုတပ် စစ်ကြောင်း၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဂွေးကုန်း ကျေးရွာမှ ၉ ဦး၊ မကျီးကုန်းကျေးရွာမှ ၁ ဦး၊ သံချောင်းကျေးရွာမှ ၁ ဦးနှင့် မကျည်းကန်ကျေးရွာမှ ၁ ဦးတို့ ဖြစ် ကြသည်။

ထိုသို့ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက်တွင် တောအတွင်း မှိုရှာဖွေသူ ဒေသခံတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံ တာဝန်ရှိသူများ သွားရောက်တူးဖော် စစ်ဆေး ရာမှ ကြိုးတုတ်ထားသည့် အရိုးစုများကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူတစ်ဦးက “အစုအပြုံလိုက် ဖြစ်သလိုမြှုပ်နှံထားတဲ့ နေရာကို မှိုရှာသွားတဲ့ ရွာသားတစ်ဦးက တွေ့ရှိခဲ့တာပါ။ တာဝန်ရှိသူတွေက လိုက်သွားပြီး တူးဖော်ရာကနေ တွေ့ရတာပါ။ ကျောင်းသား တစ်ယောက်ပါတယ်။ အလောင်းတွေကို ကြိုးတုတ်ထားတယ်။ စစ်ကြောင်းက အနီးအနားရွာတွေက ဒေသခံတွေကို ဖမ်းသွားပြီးပစ်သတ်လိုက်တာ” ဟု ပြောသည်။

ရုပ်အလောင်းများနှင့်အတူ ပြန်လည်တွေ့ရှိခဲ့သည့် မှတ်ပုံတင်၊ ကျောင်းသားကတ်၊ မွေးစာရင်းနှင့် အခြား စာရွက်စာတမ်းများအရ ၎င်းတို့သည် ယခင်က စစ်ကြောင်း၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် ဂွေးကုန်းနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း ဖော်ထုတ်အတည်ပြုနိုင်ခဲ့သည်ဟု အညာမြေ အရပ်ဘက် လူမှုအဖွဲ့အစည်း-မြိုင်က ဆိုသည်။

အဆိုပါ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုတွင် ဝက်ပုတ်ကျေးရွာ ပျူစောထီးခေါင်းဆောင် ဦးဝင်းငွေနှင့် စစ်အုပ်စုတပ်ဘက်မှ ဗိုလ်ဘိုဖြူ ဆိုသူတို့ ပါဝင်ခဲ့ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ထားသော်လည်း သတင်းနှင့် မီဒီယာ ကွန်ရက်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အညာဒေသ မြိုင်မြို့နယ်တွင်ရှိသော တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဝက်ပုတ်အပါအဝင် တချို့နေရာ တွေမှာလည်း စစ်တပ်က သတ်ဖြတ်ထားတာတွေ ရှိနိုင်တယ်။ တချို့ဆို ဖမ်းသွားပြီး ထောင်ကျနေတယ်လို့ပဲ သိထားတာ။ အမှန်တော် သတ်ပြီးဘယ်မှာ မြှုပ်ထားတယ်၊ ဘယ်မှာ သတ်တယ်ဆိုတာ မသိကြဘူး။ တော်တော် ရင်နာဖို့ ကောင်းပါတယ်။ အခုကိစ္စမှာလည်း မျက်နှာစည်း ရက်စက်စွာ သတ်ဖြတ်ပြီး အစုလိုက် အပြုံလိုက် ဖြစ်သလိုမြှုပ်နှံထားခဲ့တာလို့ အတည်ပြုနိုင်တယ်” ဟု ပြောသည်။

အဆိုပါ ဝက်ပုတ် ပျူစောထီးရွာကို တော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ်အတွင်း ဝင်ရောက် ထိန်းချုပ်နိုင် ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ်ကလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသည့် နေရာ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သေးသည်။

ယခု ပြန်လည်တွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က တူးဖော်ရရှိ သည့် ရုပ်အရိုးစုများ၊ သက်သေခံ စာရွက်စာတမ်း ဓာတ်ပုံမှတ်တမ်းများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – (ဝက်ပုတ်ကျေးရွာအနီး၌ တူးဖော်တွေ့ရှိရသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခံထားရသော အရပ်သား ၁၂ ဦး၏ အရိုးစုများနှင့် သက်သေခံပစ္စည်းအချို့။ / အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်)